H1N1 လူနာ ၃၀ ဦးရှိလာပြီး ကလေးများအပါအဝင် ၆ ဦးသေဆုံး

H1N1 လူနာ ၃၀ ဦးရှိလာပြီး ကလေးများအပါအဝင် ၆ ဦးသေဆုံး

ဇူလိုင် ၂၇ ။            ။ ယနေ့ အသက် ၅ နှစ်အရွယ် ကလေး ၂ ဦး သေဆုံးကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ခဲ့ကာ ယနေ့ ဇူလိုင်လ ၂၇ ရက်အထိ စုစုပေါင်း H1N1 လူနာ ၃၀ ဦးရှိပြီး ၆ ဦး သေဆုံးဟု ထုတ်ပြန်ခဲ့သည်။

ယမန်နေ့ ဇူလိုင်လ ၂၆ ရက်တွင်  မြန်မာတစ်နိုင်လုံးမှ ရရှိသော အချက်အလက်အရ စုစုပေါင်း ၂၀ ဦးနှင့် လူနာ ၃ ဦးသေဆုံးကြောင်း ထုတ်ပြန်ထားပြီးနောက် ယခု ၃၀ ဦး ဖြစ်လာခြင်း ဖြစ်သည်။

ယနေ့ ပဲခူးအထွေထွေရောဂါကုဆေးရုံကြီးတွင် လတ်တလောပြင်းထန်အသက်ရှုလမ်းကြောင်း ပိုးဝင်ရောဂါဖြင့် ကုသနေသော လူနာ ၁ ဦးတွင် ရာသီတုပ်ကွေး A (H1N1 ) pdm 2009 Positive တွေ့ရှိခဲ့ပြီး သေဆုံးမှု မရှိသေးပါဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားကာ ၎င်းလူနာအကြောင်း ယနေ့တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။

ဇူလိုင်လ ၁၉ ရက်မှ ဇူလိုင်လ ၂၇ ရက်အထိ  တစ်နိုင်ငံလုံးတွင် လတ်တလော ပြင်းထန်အသက်ရှု လမ်းကြောင်း ပိုးဝင်ရောဂါဖြင့် လူနာ ၅၀ ဦး ကုသပေးနေရပြီး ရာသီတုပ်ကွေး A (H1N1 ) pdm 2009 Positive စုစုပေါင်းလူနာ ၃၀ ဦး ရှိခဲ့ပြီး ၆ ဦး သေဆုံးသည်ဟု တရားဝင်ထုတ်ပြန်သည်။

ဇူလိုင်လ ၂၅ရက်တွင် ရန်ကင်းကလေးဆေးရုံကြီးမှ အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦး၊ ယင်းနေ့မှာပင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီး မှ အသက် ၅ နှစ်အရွယ် မိန်းကလေး ၁ ဦး သေဆုံးခဲ့ သည်ဟု ကျန်းမာရေးဝန်ကြီးဌာမှ ယနေ့တွင် ထုတ်ပြန်ခဲ့သည်။ ထို့ပြင် ဇူလိုင်လ ၂၅ ရက်တွင် သင်္ဃန်းကျွန်းစံပြဆေးရုံကြီးမှ အမျိုးသား လူနာ ၁ ဦး သေဆုံးခဲ့သည်။

ဇူလိုင်လ ၂၂ ရက်မှစတင်ပြီး ဧရာဝတီတိုင်းမှရန်ကုန်ပြည်သူ့ဆေးရုံကြီး၌ H1N1 ဖြင့် ဆေးကုသမှု ခံယူနေသော အမျိုးသားတစ်ဦး ဇူလိုင်လ ၂၆ ရက်တွင် သေဆုံးခဲ့ပြီး  ရန်ကုန်ဆေးရုံကြီးမှ လူနာ ၃ ဦး သေဆုံးခဲ့ရပြီးနောက် ယခု ၃ ဦး ထပ်မံတိုးလာခြင်း ဖြစ်သည်။

ထို့ပြင် ချင်းပြည်နယ် မတူပီမြို့နယ်၌ H1N1 ဖြင့် သေဆုံးခြင်းမရှိကြောင်းပါ ထပ်မံဖော်ပြထားသည်။

ဇူလိုင်လ ၁၉ ရက်မှ စတင်ပြီး ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ကုတင် ၅၅၀ ဆံ့ ကလေးရောဂါ အထူးကုဆေးရုံကြီး(ရန်ကင်း)၊ သင်္ဃန်းကျွန်းစံပြဆေးရုံကြီး(ရန်ကုန်)၊ ရန်ကုန်ကလေးဆေးရုံကြီး ၊ အထွေအထွေရောဂါကုဆေးရုံသစ်ကြီး(ရန်ကုန်)၊ ဗဟိုအမျိုးသမီးဆေးရုံကြီး(ရန်ကုန်)၊ အထူးကုဆေးရုံကြီး(ရန်ကုန်)၊ အင်းစိန်အထွေထွေရောဂါကု ဆေးရုံကြီး၊ မြောက်ဥက္ကလာ အထွေထွေရောဂါကုဆေးရုံကြီးနှင့် ပြင်ပပုဂ္ဂလိကဆေးရုံတို့မှ ဖြင့် လူနာ ၃၉ ဦးအား ဆေးကုသမှုပေးခဲ့သည်ဟု ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly