N95 နှာခေါင်းစည်းများကို တစ်ခုလျှင် ငါးရာကျပ်ဖြင့် ရောင်းချပေးမည်

N95 နှာခေါင်းစည်းများကို တစ်ခုလျှင် ငါးရာကျပ်ဖြင့် ရောင်းချပေးမည်
N95 910- photo (google) ဒါနစုဗူး ပရဟိတလူငယ်များ ပုံ - Yan Naing Oo Facebook

ရန်ကုန်၊ ဇူလိုင် ၂၇ ။          ။ ရာသီတုပ်ကွေး A(H1N1) ကူးစက်ပြန့်ပွားနှုန်းကို ကာကွယ်နိုင်ရန် အတွက် ဒါနစုဗူး ပရဟိတလူငယ်များ အသင်းက N95 နှာခေါင်းစည်းများကို တစ်ခုလျှင် ငွေကျပ် ငါးရာဖြင့် ဇူလိုင်လ ၂၈ ရက်နေ့ မနက် ၉နာရီတွင် စတင်ရောင်းချပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အဆိုပါနှာခေါင်းစည်းများကို လူတစ်ဦးကို နှာခေါင်းစည်း လေးခု ရောင်းချပေးမည်ဖြစ်ပြီး ပြန်လည်ဝေမျှလိုသည့် ပရဟိတအဖွဲ့အစည်းများမှ လာရောက်ဝယ်ယူပါက တိကျသည့်အဖွဲ့အစည်းဆိုင်ရာ အထောက်အထား တစ်ခုခုပြနိုင်လျှင် အရေအတွက် ပိုမိုရောင်းချပေးမည်ဖြစ်ကြောင်း ဒါနစုဗူး ပရဟိတလူငယ်များအသင်းက ကိုပိုင်ဖြိုးထွဋ်က ပြောသည်။

“တစ်ယောက်ကို လေးခုကျစီပဲ ရောင်းပေးမှာပါ။ ကျွန်တော်တို့က ဒီမှာရှိတဲ့ ပစ္စည်းကို ဘာမှမစားဘဲ ယူရောင်းပေးတာပါ။ နယ်ကပရဟိတအဖွဲ့တွေလည်း တက်လာကြဦးမှာဆိုတော့ အကုန်လုံးကို မျှပေးချင်လို့ ခွဲတမ်းနဲ့ ရောင်းပေးတာပါ” ဟု ဒါနစုဗူး ပရဟိတလူငယ်များအသင်းက ကိုပိုင်ဖြိုးထွဋ် (Theo Maung)က မဇ္စျိမကို ပြောသည်။

ထို့အပြင် ဇူလိုင်လ ၂၈ရက်နေ့ မနက်ပိုင်းတွင် ဒါနစုဗူး ပရဟိတလူငယ်များအသင်းအနေနှင့် ရန်ကင်း ကလေးဆေးရုံရှိ လူနာစောင့်များ၊ ကလေးငယ်များ၊ သူနာပြုများနှင့် ဆရာဝန်များထံ N95 နှာခေါင်းစည်းများကို ပစ္စည်းရှိသလောက် ဝေငှပေးမည်ဖြစ်သည်။

ထို့အပြင် လမ်းပေါ်မှ အိမ်ခြေမဲ့ကလေးငယ်များနှင့် ဘတ်စ်ကားမောင်းသူများထံကိုပါ ဆက်လက် ဝေငှပေးနိုင်ရန်အတွက် အလှုငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုရန်နိုင်ဦးက ၄င်း၏ဖေ့ဘွတ်ခ်စာမျက်နှာတွင် ရေးသားထားသည်ကို တွေ့ရသည်။

ယခုရောင်းချပေးမည့် N95 နှာခေါင်းစည်းအမျိုးအစားမှာ 910ဖြစ်ပြီး လူကြီးများအတွက်သာ ဖြစ်ကာ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် အများဆုံးအသုံးပြုကြသည့် N95 နှာခေါင်းစည်းအမျိုးအစားဖြစ်သည်။

H1N1ကူးစက်မှုကို ၉၅ရာနှုန်း ကာကွယ်နိုင်မည်ဟု ဆရာဝန်အများစု ညွှန်ထားသည့် N95 နှာခေါင်းစည်း အမျိုးအစားများ ဖြစ်သည့် 3M – 1860 နှင့် 3M – 1860s တို့သည် ပြည်တွင်းတွင် ၀ယ်ယူရန်ခက်ခဲသည့် အပြင် အမျိုးအစားအပေါ်မူတည်ပြီး တစ်ခုလျှင် မြန်မာငွေကျပ် တစ်ထောင်မှ လေးသောင်းဝန်းကျင်အထိ ကုန်ကျနိုင်ခြေရှိကြောင်း တွေ့ရသည်။

ရာသီတုပ်ကွေး A(H1N1)ဆိုင်ရာ သတင်းထုတ်ပြန်သည့် ဇူလိုင်လ ၂၄ ရက်မှ ယနေ့ (ဇူလိုင် ၂၇) အချိန်ထိ H1N1 ဗိုင်းရပ်စ်ကူးစက်မှုကြောင့် သေဆုံးသူ ၆ဦးရှိပြီ ဖြစ်ပြီး မြန်မာတစ်နိုင်ငံလုံးမှ ရရှိသော အချက်အလက်များအရ H1N1 Positive တွေ့ရှိရသော လူနာ ၂၀ ဦး အထိ ရှိပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့ ဇူလိုင်လ ၂၆ ရက်တွင် တရားဝင် ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly