ထိုင်ဝမ်ကုမ္ပဏီ Foxconn က အမေရိကန်၌ ဒေါ်လာ ၁၀ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ထရမ့်ပြောကြား

ထိုင်ဝမ်ကုမ္ပဏီ Foxconn က အမေရိကန်၌ ဒေါ်လာ ၁၀ဘီလျံခန့် ရင်းနှီးမြှုပ်နှံမည်ဟု ထရမ့်ပြောကြား

၀ါရှင်တန်ဒီစီ၊ ဇူလိုင် ၂၇  ။           ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က Apple ကုန်ပစ္စည်းများကို ထုတ်လုပ်ပေးနေသော ထိုင်ဝမ်ကုမ္ပဏီ Foxconn သည် အမေရိကန်၌ ဒေါ်လာ ၁၀ ဘီလျံတန်ဖိုးရှိသော ရင်းနှီးမြှုပ်နှံမှုတစ်ခုကို ပြုလုပ်ပြီး ၀စ်ကွန်ဆင် ပြည်နယ်၌ အလုပ်ပေါင်း ၃၀၀၀ ခန့် ဖန်တီးပေးနိုင်သော စက်ရုံတစ်ခု တည်ဆောက်သွားရန်ရှိကြောင်း ဗုဒ္ဓဟူးနေ့က ကြေညာခဲ့သည်။

“ဒီနေ့ဟာ အမေရိကန်အလုပ်သမားတွေနဲ့ ကုန်ထုတ်လုပ်ရေးအတွက် ခမ်းနားတဲ့နေ့ရက်တစ်ခုပါပဲ။ ပြီးတော့ အမေရိကန်ပြည်ထောင်စုတွင် ထုတ်လုပ်သည်ဆိုတဲ့ အညွှန်းစာသားနဲ့ အယူအဆကို ယုံကြည်သူတွေအတွက် အရေးပါတဲ့နေ့ပါ” ဟု ထရမ့်က အိမ်ဖြူတော်၌ပြုလုပ်သော အခမ်းအနားတွင် ကြေညာခဲ့ပြီး ထိုပွဲသို့ Foxconn ကုမ္ပဏီဥက္ကဌ တယ်ရီဂေါင်၊ အမေရိကန်ဒုသမ္မတ မိုက်ခ်ပန့်စ်နှင့် အမေရိကန်အောက်လွှတ်တော်မှ ပြောရေးဆို ခွင့်ရှိသူ ပေါလ်ရိုင်ယန်တို့ တက်ရောက်ခဲ့သည်။

သမ္မတကြီး၏အဆိုအရ အဆိုပါရင်းနှီးမြှုပ်နှံမှုသည် မကြာတော့မည့် အနာဂတ်တွင် အလုပ်အကိုင်ပေါင်း ၁၃၀၀၀ ခန့်အထိ ထပ်မံဖန်တီးပေးနိုင်ကြောင်း သိရသည်။

ထရမ့်သည် ရွေးကောက်ပွဲကာလက အမျိုးသားစီးပွားရေးကို တိုးတက်အောင်လုပ်မည်ဖြစ်ကြောင်းနှင့် အမေရိကန်ကို ပြန်လည်ကြီးမြတ်အောင် ပြုလုပ်ကြမည်ဟူသော ကြွေးကြော်သံဖြင့် စည်းရုံးရေးဆင်းခဲ့သူဖြစ်ပြီး နိုင်ငံအတွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ မြင့်တက်အောင် ပြုလုပ်ပေးမည်ဟု ကတိပေးခဲ့သူဖြစ်သည်။

ဒါ့အပြင် အိမ်ဖြူတော်၌ ပြုလုပ်ခဲ့သောအခမ်းအနား၌ ထရမ့်က “ ကျနော်သာ သမ္မတအဖြစ် ရွေးချယ်မခံရဘူး ဆိုရင် တယ်ရီဂေါင်ဟာလည်း ဒေါ်လာ ၁၀ ဘီလျံလောက် အသုံးပြုသွားမှာမဟုတ်ပါဘူး” ဟု သူ၏ကြေညာ ချက်၌ ဖြည့်စွက်ပြောကြားခဲ့သည်။

၀စ်ကွန်ဆင်ပြည်နယ်၌ တည်ဆောက်သွားမည့် Foxconn ၏ စက်ရုံသည် LCD မျက်နှာပြင်များ၊ တစ်ပိုင်းလျှပ် ကူးပစ္စည်းများ၊ နည်းပညာများနှင့် ဆက်နွယ်သည့်ပစ္စည်းများ နှင့် ကွန်ပျူတာနှင့် ဆက်စပ်သော ထုတ်ကုန်များ ကို ထုတ်လုပ်သွားမည်ဖြစ်သည်။

Foxconn သည် Apple ၏ နာမည်ကျော် iPhone ၊ ipad နှင့် ipod အပါအဝင် အခြားနာမည်ကျော်ဂိမ်းစက်များ ကိုလည်း စာချုပ်ချုပ်ဆိုပြီး ထုတ်လုပ်သော လျှပ်စစ်ပစ္စည်းကုမ္ပဏီတစ်ခုဖြစ်ကာ တရုတ်နိုင်ငံအတွင်း၌ လုပ်သားပေါင်း တစ်သန်းကျော်ခန့်ရှိထားသည့် နာမည်ကျော်လုပ်ငန်းစုတစ်ခုဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags