အိန္ဒိယရေကြီးမှု သေဆုံးသူ ၉၀ ကျော်ထိရှိလာပြီး လူဦးရေ သန်း ၅၀ နီးပါး ရေဘေးကြုံတွေ့

အိန္ဒိယရေကြီးမှု သေဆုံးသူ ၉၀ ကျော်ထိရှိလာပြီး လူဦးရေ သန်း ၅၀ နီးပါး ရေဘေးကြုံတွေ့

ဇူလိုင် ၂၇ ။                    ။ အိန္ဒိယနိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်မှာ ယခု မုတ်သုံရာသီအစဦးပိုင်းကတည်းက ကြုံတွေ့နေခဲ့ရတဲ့ ရေလွှမ်းမိုးမှုတွေကြောင့် ယခုအချိန်ထိ သေဆုံးသူ ဦးရေ ၉၀ ကျော်လာခဲ့ပြီ ဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြည်နယ်မှာ လူဦးရေ သန်း ၅၀ လောက်ထိလည်း ရေဘေးဒုက္ခကြံုတွေ့နေရလျက်ရှိတယ်လို့လည်း သိရပါတယ်။

အဆိုပါ ပြည်နယ်တွင်း မှီတင်းနေထိုင်လျက်ရှိတဲ့ လူဦးရေ သန်း ၆၀ ကျော်အနက်က ၈၅ ရာခိုင်နှုန်းလောက် ရေဘေးကြံုနေရကြောင်းနဲ့ ၎င်းတို့ရဲ့ နေအိမ်တွေကနေ အခြားဘေးလွတ်ရာအရပ်ကို မရွှေ့နိုင်မပြောင်းနိုင် ဖြစ်နေကြရကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေး ကော်မရှင်နာ A.J. Shah က ပြောပါတယ်။

ဇွန်လလယ်လောက်ကစလို့ မုတ်သုံရာသီစတင်ဝင်ရောက်ခဲ့ချိန်နောက်ပိုင်း ယင်းဒေသရဲ့ မတူညီတဲ့နေရာတွေမှာ သေဆုံးသူ ၉၀ ကျော်ထိ ရှိခဲ့ပြီ ဖြစ်ကြောင်းနဲ့ အများစုမှာ ရေနစ်သေဆုံးတာ ဒါမှမဟုတ် ဓာတ်လိုက်သေဆုံးတာမျိုး ဖြစ်ခဲ့ကြောင်းလည်း သိရပါတယ်။

ယမန်နေ့ ဇူလိုင် ၂၆ ရက်ကဆိုရင်လည်း မိသားစုတစ်စုတည်းက လူ ၁၄ ဦး ရေနစ်သေဆုံးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

ပြီးခဲဲ့တဲ့ ရက်တွေအတွင်း ရေဘေးကြံုနေရတဲ့ လူပေါင်း ၁,၅၀၀ လောက်ကို ကယ်ဆယ်ရေးတွေက သွားရောက်ကယ်ဆယ်ခဲ့ရသလို တစ်ခြားလူပေါင်း ၁၄,၀၀၀ ကိုလည်း ယာယီကယ်ဆယ်ရေး စခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့ကြရပါတယ်။

ဒါပေမယ့်လည်း လက်ရှိအခြေအနေအရ ရာသီဥတု ပိုမိုတိုးတက်ကောင်းမွန်လာမယ်လို့ မျှော်လင့်နေကြပြီး မိုးရေချိန် ပြန်လည်လျော့ကျသွားတော့မယ်လို့လည်း မှန်းဆထားတယ်ဆိုပြီး  A.J.  Shah က ပြောသွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly