မုံးကိုးသင်းထောက် ဆရာနှစ်ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆို

မုံးကိုးသင်းထောက် ဆရာနှစ်ဦးကို ချွင်းချက်မရှိ ပြန်လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့များက တောင်းဆို
ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး

ဇူလိုင်လ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ချင်းမိုင်(မဇ္စျိမ) ။                ။ မတရားအသင်း ဆက်သွယ်မှု အပါအဝင် ပုဒ်မ ၃ ခုဖြင့် တရားစွဲခံထားရသူ ကချင်သင်းထောက် ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မြန်မာအာဏာပိုင်များမှ ချွင်းချက်မရှိ ချက်ခြင်း ပြန်လွှတ်ပေးရန် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က ရှမ်းပြည်နယ် မုံးကိုးမြို့မှ အဆိုပါ သင်းထောက်ဆရာနှစ်ဦးကို မြန်မာအာဏာပိုင်များက စွဲချက်များ ကင်းလွှတ်၍ ပြန်လွတ်ပေးရန် အမေရိကန်နိုင်ငံ နယူးထောက်မြို့ အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)နှင့် လူ့အခွင့်အရေးအဖွဲ့ (Fortyfy Rights) မှ ဇူလိုင်လ ၂၅ ရက်နေ့က တောင်းဆိုုလိုက်သည်။

သူတို့ နှစ်ဦးကို ယနေ့ ဇူလိုင်လ ၂၆ ရက်နေ့ ရုံးထုတ်စစ်ဆေးခြင်း မပြုမီ ကြေညာချက်ထုတ်ပြန်၍ တောင်းဆိုလိုက်ခြင်း ဖြစ်ပြီး အကယ်၍ သူတို့ နှစ်ဦးကို ပြစ်မှုထင်ရှားပါက ပြစ်ဒဏ် ၆ နှစ်မှ ၈ နှစ်ထိ ချမှတ်နိုင်သည်ဟု ရေးသားထားသည်။

ဇူလိုင်လ ၂၆ ရက်နေ့တွင် ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နှင့် ဦးလဂျော်ဂမ်ဆိုင်းတို့ နှစ်ဦးကို စစ်ဆေးရမည် ဖြစ်သော်လည်း သူတို့၏ ရှေ့နေဘက်မှ တရားလိုဘက်မှ သက်သေ တစ်ဦးဖြစ်သော မူဆယ်မြို့မ ရဲစခန်းမှူးကို စစ်ဆေးရန် ဆင့် ခေါ်ထားသော်လည်း မလာရောက်သဖြင့် လာမည့် သြဂုတ်လ ၉ ရက်နေ့တွင် ထပ်မံ ရုံးချိန်း ပေးလိုက်သည်။

“ဒီနေ့ သူတို့ နှစ်ယောက်ကို မစစ်ရသေးဘူး။ ကျွန်တော်က ပြန်ခေါ်သက်သေခေါ်ထားတာ။ သက်သေက မူဆယ်ရဲစခန်းမှူး မလာနိုင်လို့ နောက်တစ်ချိန်း ပြန်ချိန်းလိုက်တယ်။ ကျွန်တော့်ဘက်မှ လိုအပ်လို့ ပြန်ခေါ်ထားတာပါ”ဟု သင်းထောက် ဆရာနှစ်ဦး၏ ရှေ့နေ ဦးဘရန်ဒီက ပြောသည်။

အသက် ၆၇ နှစ်အရွယ် ဦးဒွမ်ဒေါ့နောင်လတ်နှင့် အသက် ၃၅ နှစ်အရွယ် ဦးလန်ဂျော်ဂမ်ဆိုင်းတို့ကို မရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ၊ ပို့ကုန်သွင်းကုန်အက်ဥပဒေ ပုဒ်မ ၈ နှင့် ဂုဏ်သရေ ညိုးနွမ်းမှုဆိုင်ရာ ဥပဒေ ပြန်ဆက် ပုဒ်မ ၅၀၀ တို့ဖြင့် တရားလို သက်သေ ၁၀ ဦးကို စစ်ဆေးခဲ့ပြီး နောက် ဇူလိုင်လ ၁၄ ရက်နေ့တွင် စွဲချက်တင်လိုက်ခြင်း ဖြစ်သည်။

ဆရာနှစ်ဦးအမှုကို အစောပိုင်းက မူဆယ်မြို့မ ရဲစခန်းတွင် ထိန်းသိမ်းထားကာ ဖေဖော်ဝါရီလ ရ ရက်နေ့မှ စတင်၍ မူဆယ်မြို့နယ် တရားရုံးတွင် ရုံးထုတ်စစ်ဆေးခဲ့ရာမှ မေလ ၉ ရက်နေ့ မှ စတင်ကာ လားရှိူးမြို့နယ် ရဲစခန်းသို့ ပြောင်းရွှေ့ ထိန်းသိမ်းကာ လားရှိူးမြို့နယ် တရားရုံးသို့ ပြောင်းရွှေ့ စစ်ဆေးနေခြင်း ဖြစ်သည်။

၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့က မုံးကိုးမြို့ပေါ်မှ ပျောက်ဆုံးခဲ့ပြီးနောက် တပ်မတော်က KIO အတွက် ငွေကြေးထောက်ပံ့ကူညီပေးခြင်း၊ သတင်းပေးခြင်းနှင့် လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လှုပ်ကြံဝါဒ ဖြန့်ဆောင်ရွက်ခြင်းကြောင့် ဖမ်းဆီးထား သည်ဟု ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ဇန်နဝါရီလ ၁၉ ရက်က တရားဝင် သတင်းထုတ်ပြန်ခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly