တိုရန်တိုရုပ်ရှင်ပွဲတော်၌ ဂျနီဖာလောရန့်စ်၊ အန်ဂျလီနာဂျိုလီ နှင့် အမ်မာစတုန်းတို့၏ ရုပ်ရှင်များပြသမည်

တိုရန်တိုရုပ်ရှင်ပွဲတော်၌ ဂျနီဖာလောရန့်စ်၊ အန်ဂျလီနာဂျိုလီ နှင့် အမ်မာစတုန်းတို့၏ ရုပ်ရှင်များပြသမည်

ဟောလိ၀ုဒ်ကြယ်ပွင့်များဖြစ်ကြသော ဂျနီဖာလောရန့်စ်၊ အန်ဂျလီနာဂျိုလီ၊ ဂျော့ကလူးနေးနှင့် အမ်မာစတုန်း တို့သည် ယခုနှစ်တွင် ကျင်းပမည့် တိုရန်တိုရုပ်ရှင်ပွဲတော်၌ သူတို့၏ရုပ်ရှင်ဇာတ်ကားများကို ပြသရန်စီစဉ်နေ ကြသည်။

လာမည့်နှစ်အော်စကာဆုပေးပွဲ၌ သူတို့၏ ဇာတ်ကားများ ဆုအတွက်လျာထားခြင်းခံရရန် ရည်ရွယ်ပြီး ယခုလို ပြသသွားနိုင်ရန် စီစဉ်နေကြခြင်းလည်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် တိုရန်တိုရုပ်ရှင်ပွဲတော်သည် အော်စကာဆုအတွက် ၀င်ရောက်ယှဉ်ပြိုင်မည့် အနုပညာရှင်များအတွက် အရေးပါသော ကြားခံတစ်ခုဖြစ်သည်။ 

ထင်ရှားသော သာဓကမှာ တိုရန်တိုရုပ်ရှင်ပွဲတော်၌ အကောင်းဆုံးဆုကို ဆွတ်ခူးခဲ့သော Slumdog Millionaire ဖြစ်ပြီး ထိုဇာတ်ကားမှာ အော်စကာဆုပေးပွဲ၌လည်း အကောင်းဆုံးရုပ်ရှင်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

အမ်မာစတုန်းသည် ထိုရုပ်ရှင်ပွဲတော်၌ စတိဗ်ကာရဲလ်နှင့်အတူ တင်းနစ်မယ်တစ်ဦးအဖြစ် အပြိုင်သရုပ်ဆောင် ထားသည့် Battle of the Sexes ဟုအမည်ရသော ရုပ်ရှင်ကို ပြသသွားမည်ဖြစ်သည်။

အော်စကာဆုရှင် လောရန့်စ်ကလည်း ဒါရိုက်တာ ဒါရန်အာရွန်နော့ဖ်စကီး ရိုက်ကူးထားပြီး အခြားကြယ်ပွင့်များ ဖြစ်ကြသော ယာဗီးယားဘာဒမ်၊ ဒွန်နောလ်ဂလီဆန်၊ မစ်ရှဲလ်ပစ်ဖ်ဖာ တို့နှင့်အတူ သရုပ်ဆောင်ထားသော ထိတ်လန့်သည်းဖိုရုပ်ရှင် Mother ကို ထိုပွဲတော်၌ ပြသရန်စီစဉ်ထားသည်။

တစ်ဆက်တည်းတွင် ဂျိုလီနှင့် ကလူးနေးတို့သည် သူတို့သရုပ်ဆောင်ထားသော ရုပ်ရှင်များမရှိကြသော်လည်း သူတို့ရိုက်ကူးထားသည့် ရုပ်ရှင်များကို ထိုပွဲတော်၌ ပြသသွားမည်ဖြစ်သည်။ ဂျိုလီသည် သူမရိုက်ကူးထားသော ကမ္ဘောဒီးယားမှ မျိုးတုန်းသတ်ဖြတ်မှု နောက်ခံဒရာမာဇာတ်ကား First They Killed My Father ကို ပြသမည် ဖြစ်ပြီး ကလူးနေးက သူရိုက်ကူးထားပြီး မက်ဒေမွန် ပါ၀င်သရုပ်ဆောင်ထားသော မှုခင်းဟာသရုပ်ရှင် Suburbicon ကို ပြသသွားမည်ဖြစ်သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly