အသစ်ထပ်တွေ့သည့် H1N1 လူနာများအားလုံးကို ဝေဘာဂီဆေးရုံတွင် ကုသရန် လျာထား

အသစ်ထပ်တွေ့သည့် H1N1 လူနာများအားလုံးကို ဝေဘာဂီဆေးရုံတွင် ကုသရန် လျာထား
H1N1 ဗိုင်းရပ်စ် ကာကွယ်ရန် နှာခေါင်းစီး တတ်ထားသော ပြည်သူတစ်ဦးအား တွေ့ရစဉ်။ ဓာတ်ပုံ-သူရ

ရန်ကုန်၊ ဇူလိုင် ၂၆ ။          ။ H1N1 ဗိုင်းရပ်စ် ထပ်မံကူးစက်လာသည့် လူနာများအသစ်ထပ်မံတွေ့ရှိပါက မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံတွင်သာ ကုသပေးရန် လတ်တလော လျာထားကြောင်း ကူးစက်ရောဂါ တိုက်ဖျက်ရေးဌာန (ဗဟို) မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွန်းအောင်က မဇ္စျိမသို့ ပြောသည်။

“လောလောဆယ်သဘောတူညီချက်အရ ၀န်ကြီးကို ကျွန်တော်မေးရဦးမယ်။ (မြောက်ဥက္ကလာ ဝေဘာဂီဆေးရုံ) လောလောဆယ်တော့ လျာထားပါတယ်” ဟု ၄င်းကပြောဆိုသည်။

အစိုးရဆေးရုံများနှင့် မည်သည့် ပုဂ္ဂလိကဆေးရုံတွင်ဖြစ်စေ H1N1 ဗိုင်းရပ်စ် ထပ်မံကူးစက်လာသည့် လူနာများ အသစ်ထပ်မံတွေ့ရှိပါက ကုသရန်သတ်မှတ်ထားသည့် ဆေးရုံသို့ လွှဲပြောင်း ကုသရမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက်ကုသနေသည့် သံသယ ရာသီတုပ်ကွေး ရောဂါလူနာ (၁၂) ဦးအနက် ၃ ဦး သေဆုံးခဲ့ပြီး ချင်းပြည်နယ်၌ ၁ ဦး စုစုပေါင်းသေဆုံးသူ ၄ ဦးအထိ ရှိနေသည်။

ထို့ကြောင့် H1N1 ဗိုင်းရပ်စ်ရောဂါကာကွယ်ခြင်းနှင့် ကုသခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနမှ ဦးဆောင်ကာ အမျိုးသား အဆင့်စီမံချက်ရေးဆွဲဆောင်ရွက်သွားမည်ဟုသိရသည်။ ထို့အပြင် တနင်္သာရီတိုင်းထားဝယ်မြို့တွင်လည်း ကြက်ငှက်တုတ်ကွေးရောဂါ သံသယရှိသည့် အတွက် ဇူလိုင် ၂၅ ရက်မှ စတင်ကာ တိုင်းအစိုးရက ကြက်သား၊ ကြက်ဥ ရောင်းဝယ်ခြင်းများမပြုလုပ်ရန် စာထုတ်ထားမြစ်ထားကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်ဝင်းက ပြောဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly