စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် မန်းတွင် ကျင်းပမည်

စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော် မန်းတွင် ကျင်းပမည်

ရန်ကုန်၊ ဇူလိုင် ၂၆ ။            ။ စာပေနှင့် ယဉ်ကျေးမှုဆိုင်ရာ ပွဲတော်တစ်ခု ဖြစ်သည့် အပြင် ပွဲတက်ရောက်လာမည့် စာရေးဆရာ၊ ကဗျာဆရာများနှင့် အလွတ်တန်းဆွေးနွေးနိုင်မှုများ ပါ၀င်မည့် စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို နိုဝင်ဘာလတွင်း မန္တလေးမြို့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

နိုဝင်ဘာလ ၃ ရက်နေ့မှ ၅ရက်နေ့အထိ Mandalay Hill Resort Hotel တွင် ကျင်းပမည့် ဧရာဝတီစာပေပွဲတော်သို့ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးမှ ပြည်တွင်းစာရေးဆရာ ၁၀၀ကျော် တက်ရောက်မည့်အပြင် ဗြိတိန်နိုင်ငံ ကဗျာဆရာဆုရှင် Dame Carol Ann Duffy အပါအဝင် နိုင်ငံတကာမှ နာမည်ကျော်စာရေးဆရာများနှင့် Lonely Planet ၏ ပူးတွဲတည်ထောင်သူ Tony Wheeler တို့ပါ တက်ရောက်ကြမည် ဖြစ်သည်။

အဆိုပါ စာပေပွဲတော်သည် ၂၀၁၃ခုနှစ်ကတည်းက စတင်ကျင်းပခဲ့ပြီး နှစ်စဉ်နှစ်တိုင်း ပြည်တွင်း ပြည်ပက စာပေပရိသတ်များ တက်ရောက်လေ့ရှိသော စာပေပွဲတော်လည်း ဖြစ်သည်။ ယခု နှစ်ပွဲတော်တွင်လည်း ယခင်နှစ်များကဲ့သို့ပင် သာမန်အကြောင်းအရာများသာမက ထူးခြားသော ဇာတ်လမ်းများကိုပါ သိရှိလေ့လာနိုင်မည်ဖြစ်ပြီး ဘာသာပြန်အထောက်အပံ့များကိုလည်း လိုအပ်သလို ထားရှိပေးသွားမည်ဖြစ်သည်။

စတုတ္ထအကြိမ်မြောက် ဧရာဝတီစာပေပွဲတော်ကို မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးနှင့်အတူ ကမ္ဘောဇဘဏ်၊ Max Myanmar Holdings၊ British Airways ၊ Coca cola၊ မဲလ်ဘုန်းတက္ကသိုလ်၊ အောက်စဖို့ဒ်တက္ကသိုလ်နှင့် Manchester Writing Schoolတို့က ပူးပေါင်းပံ့ပိုး ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly