ဆိုင်ကယ်တစ်စီး စလစ်ဖြစ်ကာ YBS ဘတ်စ်ကားအောက်သို့ ၀င်သွားမှု ဖြစ်ပွား

ဆိုင်ကယ်တစ်စီး စလစ်ဖြစ်ကာ YBS ဘတ်စ်ကားအောက်သို့ ၀င်သွားမှု ဖြစ်ပွား

ရန်ကုန်၊ ဇူလိုင်လ ၂၆ ။         ။ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ မှိုရုံမှတ်တိုင်တွင် ဆိုင်ကယ်တစ်စီး စလစ်ဖြစ်တိမ်း မှောက်ကာ လူနှင့်ဆိုင်ကယ်မှာ YBS ၃၅ ဘတ်စ်ကားအောက်သို့ ဝင်သွားခဲ့့သော်လည်း သေဆုံးမှုမရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၂၅ ရက်၊ ညနေ ၄ နာရီခွဲအချိန်တွင် မင်္ဂလာဒုံမြို့နယ်၊ အမှတ် ၃ လမ်းမ၊ မှိုရုံမှတ်တိုင်တွင် လူအတင်အချလုပ်နေသည့် YBS ၃၅ ဘတ်စ်ကားအောက်သို့ ဆိုင်ကယ်တစ်စီး စလစ်ဖြစ် တိမ်းမှောက်ကာ ကားအောက်ဝင်သွားခဲ့ခြင်းဖြစ်သည်။

ထို့သို့ ဖြစ်ပွားခဲ့သည့်အတွက် ဆိုင်ကယ်စီးလာသည့်အမျိုးသားမှာ ကားအိတ်ဇောနှင့် ထိခိုက်မိခဲ့သဖြင့် ဦးခေါင်း ငယ်ထိပ်တွင် ပေါက်ပြဲဒဏ်ရာများ၊ လက်နှင့် ညာခြေထောက်တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့ကြောင်း သိရ သည်ဟု သွားရောက်ကူညီ ပေးခဲ့ သည့် ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ စခန်းမှူး ကိုထင်လင်းအောင်က မဇ္စျိမသို့ ပြောသည်။

 “ မိုးကလည်းရွာထားတယ်။ ဆိုင်ကယ်သမားကလည်း အရှိန်နဲ့မောင်းလာတယ်။ ကားရပ်ထားတာတွေ့တော့ သူ ဘရိတ်အုပ်တဲ့ပုံပဲ။ နည်းနည်းမူးနေတဲ့အနေအထားလည်းရှိတယ်။ အဲ့ဒီအချိန်မှာ ဆိုင်ကယ်က စလစ်ဖြစ်ပြီး မှောက်ပြီး ကားအောက်ထဲဝင်သွားတာပေါ့။ ဝင်တိုက်တဲ့ ပုံစံမျိုးတော့မဟုတ်ဘူးပေါ့။ ကားအောက်ထဲကို ဆိုင် ကယ် အရင်ဝင်တယ်။ လူက နောက်ကနေလိုက်ဝင်တယ်။ ဝင်တဲ့အချိန်မှာ ကားအောက်က အိတ်ဇောနဲ့ ထိခိုက် မိပြီး ခေါင်းကတော့ ငယ်ထိပ်တည့်တည့်နားမှာ ပေါက်ပြဲဒဏ်ရာရတယ်။ လက်တွေနဲ့ ညာခြေထောက်၊ ခြေသ လုံးအပေါ်ဖက်မှာပေါက်ပြဲ ဒဏ်ရာရတယ်။ သွေးထွက်တာတော့ တော်တော်များတယ်”ဟု ကိုထင်လင်း အောင်က ပြောသည်။

အဆိုပါ ပေါက်ပြဲဒဏ်ရာများရရှိခဲ့သော အမျိုးသားအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မေဓာဝီဆေးရုံသို့ အချိန်မီ ကူညီပို့ဆောင်ပေးခဲ့ပြီး လက်ရှိတွင် သက်သာနေပြီဖြစ်ကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly