မြန်မာနေရှင်နယ်လိဂ်တွင် ဒုတိယနေရာသာ မျှော်မှန်းထားဟု ရတနာပုံ အသင်းပိုင်ရှင် ဆို

မြန်မာနေရှင်နယ်လိဂ်တွင် ဒုတိယနေရာသာ မျှော်မှန်းထားဟု ရတနာပုံ အသင်းပိုင်ရှင် ဆို

၂၀၁၄ မြန်မာနေရှင်လိဂ် ချန်ပီယံ ရတနာပုံအသင်းသည် ၂၀၁၅ ဘောလုံးရာသီတွင် လိဂ်၌ အမှတ်ပေးဇယား ဒုတိယနေရာသာ မျှော်မှန်းထားပြီး ဗိုလ်ချုပ်အောင်ဆန်းဒိုင်းပြိုင်ပွဲ ချန်ပီယံဖြစ်ရန် ကြိုးပမ်း မည်ဟု အသင်းပိုင်ရှင် ဒေါက်တာစိုင်းဆမ်ထွန်းက ပြောသည်။

ရတနာပုံအသင်းသည် ၂၀၁၄ ဘောလုံးရာသီတွင် လိဂ်ချန်ပီယံဆုကို ရယူနိုင်ကာ ၂၀၁၅ အာရှ ချန်ပီယံလိဂ် ခြေစစ်ပွဲ ဝင်ခွင့်ရခဲ့သော်လည်း ယခုနှစ်တွင်မူ လိဂ်ပွဲစဉ် ၁၃ ပွဲ ကစားပြီးချိန်၌ ရမှတ် ၂၆ မှတ်သာ ရရှိပြီး အမှတ်ပေးဇယားထိပ်ဆုံးမှ ရန်ကုန်အသင်းနှင့် ၁၁ မှတ် ကွာဟကာ ချန်ပီယံဆု ကာကွယ်ရန် မမျှော်လင့်နိုင်တော့ပေ။

“ အမှတ်ပေးချန်ပီယံ အနေနဲ့တော့ မဖြစ်နိုင်တော့ပါဘူး။ ဒါပေမယ့် စိတ်ဓာတ်မကျပါဘူး။ ဒုတိယတော့ ဖြစ်နိုင်သေးတဲ့အတွက် ကြိုးစားသွားမှာပါ။ ရှုံးထွက်ပြိုင်ပွဲကတော့ မကွေးနဲ့ တွေ့ရမှာ။  အသင်းကောင်းဖြစ်တဲ့အတွက် အကောင်းဆုံး ပြင်ဆင်နေပါတယ်။ အိမ်ကွင်း၊ အဝေးကွင်း နှစ်ကျော့ ကစားရမှာပါ။ ဒီရာသီမှာ လိဂ်ဖလားပဲ မျှော်လင့်ခွင့်ရှိတဲ့အတွက် အသင်းအနေနဲ့ အတတ်နိုင်ဆုံး ကြိုးစားပါမယ်။ အရမ်းလည်း လိုချင်ပါတယ် ” ဟု ဒေါက်တာစိုင်းဆမ်ထွန်း က ပြောသည်။

ရတနာပုံအသင်းသည် လက်ရှိတွင် ပွဲစဉ် ၁၃ ပွဲကစား ရှစ်ပွဲနိုင် နှစ်ပွဲသရေ သုံးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၂၆ မှတ် ရရှိကာ ထိပ်ဆုံးမှ ရန်ကုန်နှင့် ၁၁ မှတ် ကွာဟပြီး ဒုတိယနေရာမှ မကွေးအသင်းနှင့် တစ်မှတ်သာ ကွာဟလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly