ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာ

ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာ

ဇူလိုင်လ ၂၅ ။        ။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ အတွင်းလူနာအဖြစ် တက်ရောက် ကုသနေသည့် သံသယ ရာသီတုပ်ကွေး ရောဂါလူနာ (၁၂)ဦးအနက် ၂ ဦး သေဆုံးခဲ့ပြီးနောက် ရာသီတုပ်ကွေးကြောင့် သေဆုံးသူ ၃ ဦးအထိ ရှိလာပြီဖြစ်သည်။

အဆိုပါ ၁၂ ဦးအနက် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဇူလိုင်လ ၂၄ ရက်တွင် သေဆုံးခဲ့ပြီးနောက် ချင်းပြည်နယ်၊ မတူပီမှ သေဆုံးသူ ၁ ဦးအပါအဝင် သေဆုံးသူ ၃ ဦးအထိ ရှိလာခြင်း ဖြစ်သည်။

ရန်ကုန်ဆေးရုံကြီးရှိ သေဆုံးလူနာ ၂ ဦးလုံးမှာ ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် တက်ရောက်ကုသနေရာမှ သေဆုံးခြင်းဖြစ်ပြီး သေဆုံးပြီးနောက် စစ်ဆေးကြည့်ရာ ရာသီတုပ်ကွေး H1N1 ကြောင့်ဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

သေဆုံးသူ ၂ ဦး အသက်(၂၅)နှစ် အရွယ် အမျိုးသား၁ ဦးသည် ပြင်းထန်အဆုတ်ရောင်ရောဂါဖြင့် ဇူလိုင်(၂၁) ရက် ည(၈)နာရီတွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ စတင်ဆေးရုံ တက်ရောက်ကုသခဲ့ပြီး ဇူလိုင်(၂၄)ရက် မွန်းလွဲ(၂)နာရီတွင် အဆိုပါ ရောဂါဖြင့် သေဆုံးခဲ့ကြောင်းနှင့် ဗဟိုအမျိုးသမီးဆေးရုံကြီး၌ ဇူလိုင် (၂၄) ရက် နံနက်(၇) နာရီ (၁၅)မိနစ်တွင် အသက်(၂၉)နှစ်အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးသည် ပြင်းထန်အဆုတ်ရောင် ရောဂါဖြင့် တက်ရောက်ခဲ့ရာ ရောဂါပြင်းထန်သဖြင့် ရန်ကုန် ပြည်သူ့ဆေး ရုံကြီးသို့ မွန်းတည့်(၁၂)နာရီတွင် လွှဲပြောင်းခဲ့ပြီး မွန်းလွဲပိုင်းတွင် အဆိုပါရော ဂါဖြင့် သေဆုံးခဲ့ကြောင်း ယနေ့ သတင်းနှင့်ပြန်ကြားရေးတွင် ဖော်ပြထားသည်။

သံသယရာသီ တုပ်ကွေး ရောဂါလူနာ (၁၂)ဦးထံမှ နှာခေါင်းတို့ဖတ် (Nasopharyngeal Swab)ရယူပြီး အမျိုးသား ကျန်းမာရေးဆိုင်ရာ ဓါတ်ခွဲမှု ဆိုင်ရာဗဟိုဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ယနေ့ ဇူလိုင်လ ၂၅ ရက်တွင် ရရှိသော ဓါတ်ခွဲစစ်ဆေးချက်အဖြေများအရ လူနာ(၃)ဦးတွင် Seasonal Influenza A (H1N1) pdm 2009-Positive ဖြစ်ကြောင်း ထပ်မံစစ်ဆေးတွေ့ရှိ ခဲ့သည်။

ပြီးခဲ့သည့် ဇူလိုင် (၂၄)ရက်တွင် ပထဆုံးထုတ်ပြန်ခဲ့သည့် ရန်ကုန်မြို့ပြည်သူ့ဆေးရုံကြီးနှင့် အထွေထွေ ရောဂါကု ဆေးရုံသစ်ကြီး၌ တက်ရောက်ကုသနေသောလူနာ(၃)ဦး၏ အခြေအနေမှာ တိုးတက်ကောင်း မွန်လာကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် ရာသီတုပ်ကွေးရောဂါ (Seasonal Influenza A (H1N1) pdm 2009)ဖြစ်ပွားမှုနှင့် ပတ်သက်၍ အထူးဦးစားပေးပြီး ရောဂါစောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများနှင့် ကာကွယ်ထိန်းချုပ်ခြင်း လုပ်ငန်းများအား ဆောင်ရွက်လျက်ရှိသည်။

ချင်းပြည်နယ်ရှိ လူနာ ၉ ဦးမှာမူ ယနေ့တွင် ဆေးရုံမှ ဆင်းသွားပြီဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly