အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့်

အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့်

ဆီးချိုဝေဒနာရှင်များ စားသုံးသင့်သည့် အစာအဟာနှင့် ပတ်သက်ပြီး အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ကြီး ဒေါ်ဝင်းဝင်းမြင့်၏ တိုက်ရိုက်ဖြေကြားမှုများကို ပြန်လည် ထုတ်လွှင့်ခြင်း ဖြစ်ပါသည်

မဇ္ဈိမ -  မနက်ဘက်နဲ့ နေ့လည်ဘက်တွေမှာ အလုပ်သွား ကျောင်းသွားနဲ့ သေချာမစားဖြစ်ဘဲ အိမ်ရောက်မှ ညစာကို အများဆုံးစားဖြစ်တဲ့ အလေ့အထ နဲ့ ပတ်သက်ပြီး ပြောပြပေးပါ။

Prof: WWM - အမှန်ဆိုရင်တော့ မနက်စာကို မစားဘဲ မနေစေချင်ဘူး။ အားလုံးကို စားစေချင်တယ်။ အရင်တုန်းကဆိုရင် နယ်ကလူတွေတော့ ပိုစားဖြစ်တယ်ပေါ့။ မြို့က လူတွေတော့ မစားဖြစ်ဘူး။ ကြာလာတဲ့အခါကျတော့ အကျင့်ကြီးလို ဖြစ်သွားတယ်။ အသက်ကြီးလာတဲ့အခါမှာ ဒါဟာလည်း ဆီးချိုရောဂါ ဖြစ်ခြင်းရဲ့ အစလို့လည်း ပြောလို့ရတယ်။ ဆီးချိုရောဂါသည်တွေက များသောအားဖြင့် မနက်ပိုင်းမှာဆို မစားဘူး၊ တချို့ကျတော့လည်း ကော်ဖီလေးတစ်ခွက်နဲ့ပဲ တစ်နေကုန် နေတယ် ပေါ့နော်။ ပြီးတဲ့အခါကျမှ ညကျမှ ပေါင်းစားတယ်ပေါ့နော်။ စားတဲ့အခါမှာလည်း သူများထက် ပိုစားတယ်ပေါ့နော်။ အဲ့တာတွေဟာလည်း မှားယွင်းတဲ့ အကျင့်တွေလို့ပဲ ပြောချင်ပါတယ်။

မဇ္ဈိမ - ဆီးချိုဝေဒနာရှင်တွေ ရှောင်ကျဉ်ရမယ့် အစားအစာတွေကိုလည်း ပြောပေးပါဦး။

Prof: WWM - ဆီးချိုဝေဒနာရှင်တွေကတော့ ကာဗိုဟိုက်ဒရိတ် များတဲ့ အစားအစာတွေကို ရှောင်ရမယ်ပေါ့။ အဲ့တော့ ကာဗိုဟိုက်ဒရိတ်များတဲ့ အထဲကမှ ကစီဓါတ်တွေပေါ့။ ဥပမာ ဆိုလို့ရှိရင် အရွက်တွေ၊ အသီးတွေ ၊ နို့ တွေမှာလည်း ကာဗိုဟိုက်ဒရိတ်ပါတာပဲ။ အဲ့ဒီထဲကမှ ကစီဓါတ်များတဲ့ အစားအစာပေါ့။ ထမင်းရည် ရှောင်ရမယ်။ ဂလူးကို့စ် များတဲ့ အချိုရည်ပေါ့။ မြန်မာလူမျိုးတွေက မုန့်စားမယ်ဆိုရင်တောင်မှ ချိုတာကို ကြိုက်တယ်ပေါ့။ ဥပမာ၊ ကိတ်မုန့်စားတာပဲ ဖြစ်ဖြစ်၊ ဘိန်းမုန့် စားတာပဲဖြစ်ဖြစ်။ ချိုတဲ့ ဘိန်းမုန့်ကိုမှ ပိုကြိုက်တယ်ပေါ့။ အဲ့တာမျိုးကို အဓိက ရှောင်ပါ။ အဲ့တော့ တချို့က သိပ်ချိုလွန်းတဲ့ အသီးကို ရှောင်ကြတယ်ပေါ့။ ဖရဲသီး၊ ဒူးရင်းသီး၊ နာနတ်သီး နဲ့ သရက်သီးကလွဲရင် ကျန်တာ အားလုံး စားနိုင်တယ်လို့ ပြောချင်ပါတယ်။ လူတွေက အသီးတွေဆိုရင် ချိုတယ်ဆိုပြီး ရှောင်ကြတယ်ပေါ့။ တစ်ကယ်က သင်္ဘောသီးဆိုလည်း ချိုပေမယ့် စားလို့ရပါတယ်။ ကျွန်မတို့က ဆီးချိုရောဂါသည်တွေဆိုရင် အဓိက ဘာနဲ့ ပြောလဲဆိုရင် Glucimix index ခေါ်တာပေါ့နော်။ အဲ့တာက အစားအစာတစ်ခုကို စားလိုက်ပြီးလို့ ရှိရင် သွေးထဲမှာ ဂလူးကိုစ့် ဘယ်လောက် ရောက်သွားသလဲ ဆိုတဲ့ ညွှန်းတန်းကို ပြတာပါ။ အဲ့တာကြောင့်မို့လို့ သင်္ဘောသီးဆိုရင် ၂၄ ပဲ ရှိတယ်ပေါ့။ Low Glucimix index လို့ ကျွန်မတို့က ခေါ်တာပေါ့။ အဲ့လိုမျိုးတွေဆိုရင် စားသင့်တယ်။ အရွက်တွေဆိုရင် အကုန်စားရမယ်။ ကန်စွန်းရွက်၊ ချဉ်ပေါင်ရွက်၊ ဟင်းနုနယ်ရွက် ရှိသမျှ အရွက်တွေ အကုန်လုံး စားနိုင်ပါတယ်။ အဓိက ကျွန်မတို့ ရှောင်ခိုင်းတာက ထမင်းပေါ့နော်။ ထမင်းတွေ လျှော့ပါ။ နောက်ပြီးတော့ ကောက်ညှင်းပေါင်းပေါ့။ ဆီထမင်းတွေ ရွှေကြည်တွေ လျှော့ရမယ်။ ဆနွင်းမကင်းတွေ ရှောင်ပါ။ ရှမ်းပြည်ကဆိုရင် ခေါပုတ်ကြော်တွေ ရှောင်ပါ။ ရှမ်းခေါက်ဆွဲစားမယ်ဆိုလည်း ဆန်စီးနဲ့ မစားဘဲနဲ့ ရေစိမ်နဲ့ စားတာမျိုးပေါ့။ အဓိက ကတော့ ကော်ဖီ လက်ဘက်ရည်တွေ သောက်ရင် ချိုချိုကြီးတွေ မသောက်ကြပါနဲ့လို့။ အဲ့တာတွေ အကုန်လုံး ရှောင်သင့်ပါတယ်လို့။

မဇ္ဈိမ - နောက်တစ်ခုက တစ်နေ့ ထမင်း သုံးကြိမ်စားမယ်ဆိုရင် ဘယ်အချိန်တွေမှာ စားတာ အကောင်းဆုံးလဲလို့ မေးလာပါတယ်။

Prof: WWM - ဆီးချိုသမားတွေဆိုရင် ၆ ကြိမ်ကျွေးတယ်ပေါ့။ မနက်စောစော Early Breakfast ပေါ့ နို့လေးတစ်ခွက်နဲ့ ပေါင်မုန့်လေး ဖြစ်ဖြစ်စားရင်စား။ ဒါမှမဟုတ်ရင်လည်း ထမင်းဖြူ ၅ ဇွန်းပဲ စားပါလို့။ ပဲပြုတ်လေး ၂ ဇွန်းနဲ့ ဆီလေး ဆမ်းပြီး စားရင် မနက်စာ တစ်ခုပြီးသွားရော။ မုန့်ဟင်းခါး စားချင်လည်း စားပေါ့နော်။ အဲ့တာပြီးမှ ၁၀ နာရီလောက်ရောက်ရင် ကျွန်မတို့ရဲ့ Potion ကို လျှော့လိုက်ရမယ်။ ပန်းကန်လုံး တစ်လုံးစာပဲပေါ့။ ဆိုင်ကပွဲဆိုလည်း တစ်ပွဲစာပေါ့။ နယ်ကပွဲဆိုရင်တော့ ပိုကြီးတယ်။ နယ်ကပွဲဆိုရင်တော့ တဝက်လျှော့ပါလို့။ ရန်ကုန်က ပွဲဆိုရင်တော့ အပြည့်စားပါလို့။ နောက် ၁၀ နာရီလောက် ရောက်ရင်တော့ သစ်သီးလေး တစ်လုံးစားလိုက်။ မနက်က စားတာက လျှော့ထားတာ ဆိုတော့လေ။ ဥပမာ အားဖြင့် ပန်းသီးလေး တစ်လုံးစားတာပဲ ဖြစ်ဖြစ်၊ နဂါးမောက်သီး တခြမ်းစားတာပဲ ဖြစ်ဖြစ်။ ပြီးရင် နေ့လည်စာရောက်သွားမယ်ဆိုရင် ထမင်းစားလို့ရပါတယ်။ ထမင်းကို ပန်းကန်လုံး တစ်လုံးပေါ့။ ဆီးချိုရောဂါသည်တွေက ပန်းကန်လုံး တစ်လုံးထက် ပိုမစားသင့်ဘူး။ ဟင်းချိုရည်ကို ၂ ခွက်လောက်သောက်မယ်။ အသားကို ၃ ကျပ်သားတို့ ၅ ကျပ်သားတို့ စားမယ်။ အရွက်ကို ပန်းကန်ပြားနဲ့ တစ်ပြားပေါ့။ အဲ့ဒါတွေကို အဝစားလိုက်မယ်ဆိုရင် လိုအပ်တဲ့ အာဟာရ ဓါတ်တွေ အကုန်ရသွားမှာပဲ။ အဲ့တာပြီးရင် ညနေ ၃ နာရီလောက်ကျရင် Tea Time ခေါ်ကြတာပေါ့။ အဲ့ဒီမှာဆိုရင်လည်း နို့ သောက်တာဖြစ်ဖြစ်၊ ဒိန်ချဉ်သောက်လို့ ရပါတယ်။ နောက်ပြီးတော့ ညစာ ရောက်သွားတဲ့အခါကျရင် ထမင်းကို လျှော့စေချင်တယ်ပေါ့။ ထမင်းမပါဘဲနဲ့ ဟင်းချိုရည်သောက်မယ်။ အသားကို ၃ ကျပ်သားလောက် စားမယ်။ အရွက်ကို တစ်ပန်းကန်လောက်စားမယ်ဆိုရင် ပြည့်ဝတဲ့ အာဟာရကို စားသောက်ဖြစ်မယ်။ ညအိပ်ခါနီးမှာ ဗိုက်ထပ်ဆာတယ် ဆိုရင်တော့ နို့လေး တစ်ခွက်လောက် သောက်မယ်ဆိုရင်တော့ သူ့အတွက် ကယ်လိုရီနဲ့ ပြောမယ်ဆိုရင် ၁၄၀၀ နဲ့ ၁၆၀၀ ကြားပေါ့နော်။ အဲ့လောက်လောက် ရသွားမယ်။ အာဟာရလည်း ပြည့်သွားမယ်။

မဇ္ဈိမ - သွေးတိုးရောဂါ ရနေသူအတွက် ဘယ်လို စားသောက်နေထိုင်သင့်တယ်ဆိုတာ ဖြေကြားပေးပါ။

Prof: WWM - ဆီးချိုပဲဖြစ်ဖြစ် သွေးတိုးတာပဲဖြစ်ဖြစ် အစားအသောက်က အရေးအကြီးဆုံးပါပဲလို့။  လူတိုင်းက နေ့တိုင်း စားသောက်တယ်။ စားသောက်တဲ့အခါမှာလည်း ဘယ်အစားအသောက်ကို ရွေးချယ်ရမယ်ဆိုတာကို အရေးအကြီးဆုံးပါပဲနော်။ သွေးတိုးတဲ့လူတွေမှာဆိုရင်လည်း DASH ဆိုတာ dash direct approach to anti hypertensive diet ပေါ့။ အဓိက သူ့ထဲမှာ ဘာလဲဆိုတော့ ဆိုဒီယမ်တွေ လျှော့တာပေါ့။ ဆိုဒီယမ်လျှော့တယ်ဆိုတဲ့အခါမှာ ဆားကို ဂရမ်နဲ့ ပြောတဲ့အခါ တစ်ယောက်ကို ၂၃၀၀ အောက်ကို စားရမယ်လို့ ဆိုလိုတာပေါ့။ ဒါပေမယ့် အပြင်လူတွေ သိဖို့ဆိုတဲ့အခါမှာ လက်ဘက်ရည်ဇွန်းရဲ့ တဝက်ပဲ စားရမယ်။ လက်ဘက်ရည်ဇွန်းက ၆ ဂရမ် ပါတဲ့အခါမှာကျတော့ တဝက်ပဲဆိုတော့ ၃ ဂရမ်ပဲ စားရမှာပေါ့။ ဒါပေမယ့် တစ်ကယ်တမ်း အိမ်တွေမှာ ဟင်းတွေချက်တာကို ကြည့်လိုက်တဲ့အခါမှာ အိမ်ရှင်မတွေ အကုန်လုံးက ၅ ယောက် ရှိတဲ့အခါမှာ လက်ဘက်ရည်ဇွန်းနဲ့ ၅ ဇွန်းထည့်ရမယ်။ အဲ့ဒီ ၅ ဇွန်းထည့်တာက တစ်အိမ်လုံးအတွက် တစ်နေကုန်လုံးအတွက် ဖြစ်ရမယ်။ အဲ့တာဆိုရင်တော့ မကကြဘူးပေါ့။ အဲ့တာဆိုရင် ကျွန်မတို့ မြန်မာမိသားစုတွေ အကုန်လုံးက လိုအပ်တာထက်ကို ပိုစားနေကြတယ်ပေါ့။ အဲ့တာကြောင့်လဲ သွေးတိုတွေ ဖြစ်နေတာလည်း တစ်ချက်ပေါ့။ လူတစ်ယောက်အတွက် သူ့အတွက် ဆားစားမယ့် ပမာဏက လက်ဘက်ရည်ဇွန်းရဲ့ တဝက်ပဲ ရှိရမယ်။ အဲ့လို တစ်ဝက်ပဲ ရှိဖို့အတွက် သူ့အတွက် သီးသန့်ချက်မလားပေါ့။ အဲ့တာဆိုရင်တော့ တစ်ကယ်တမ်း လက်တွေ့မှာဆိုရင်တော့ နည်းပါတယ်။ အဲ့ဒီအခါမှာ လူတွေက လက်တွေ့မှာ မနေနိုင်ဘူးပေါ့။ ဒါပေမယ့် ကျွန်မဆိုလိုတာက လူတွေက  အကယ်၍များ အငန်ကြိုက်ခဲ့မယ်ဆိုရင် တစ်ပတ်ပဲ စားပါ။ အဲ့ဒီတစ်ပတ်ပဲ သူ့အတွက် လက်ဘက်ရည် ဇွန်းလေးနဲ့ သူ့အတွက်ချက်ပေးလိုက် မနက်၊ နေ့လည်၊ ည ပေါ့နော်။ ပထမ တစ်ပတ်တော့ သူနေရ ခက်လိမ့်မယ်။ ဘာမှ အရသာ မရှိဘူး။ အရသာ မရှိဘူး ပြောလိမ့်မယ်။ ဒါပေမယ့် နောက်တစ်ပတ် လောက် ရောက်တဲ့အခါမှာ သူက Used to ဖြစ်နေပြီ။ ဘာလို့လဲဆိုရင် ကျွန်မတို့မှာ Taste buds တွေရှိတယ်။ အဲ့ဒီ Taste Buds တွေဟာ အမြဲတမ်း အသစ်ဖြစ်တယ်။ ၁ ပတ် သို့မဟုတ် ၁၀ ရက်မှာ ဆိုရင် အမြဲတမ်းအသစ်ဖြစ်သွားတယ်။ အဲ့လိုအသစ်ဖြစ်သွားတဲ့ အတွက်ကြောင့်မို့လို့ သူ့ ပထမ တစ်ပတ်မှာ ပေါ့တယ် ပေါ့တယ် ဖြစ်တယ်။ အဲ့ဒီဥစ္စာကို သူက စားနေသမျှကို Brain က မှတ်တာပေါ့နော်။ ငန်တာပဲဖြစ်ဖြစ် ၊ ချိုတာပဲဖြစ်ဖြစ်။ အဲ့တော့ တစ်ပတ်တိတိကို ကျင့်ပေးပါ။ အဲ့ဒီတစ်ပတ်ကို ကျင့်လိုက်တာနဲ့ နောက်တစ်ပတ်ကို အသစ်ထွက်လာတယ်။ အဲ့ဒီအသစ်ကမှ ကျွန်မတို့ စားလိုက်တဲ့ ဆားပဲဖြစ်ဖြစ် သကြားပဲဖြစ်ဖြစ် မှတ်လိုက်ပြီးသား။ အဲ့တော့ တစ်ပတ်ကျော် သွားပြီဆိုရင် လုံးဝစားတတ်သွားပြီ။ အဲ့တော ့တစ်ပတ်ပဲ သည်းခံပြီးတော့ အငန်တွေ လျှော့ပေးပါလို့။ အဲ့တာက ဆားနဲ့ ပတ်သက်လို့ပေါ့။ နောက်တစ်ခုက တချို့ကျတော့ သရက်သီးသနပ် တို့ ဘာတို့ စားတာကိုလည်း လျှော့ရပါမယ်။ နောက် စည်သွပ်ဗူးတွေ စားတာကိုလည်း လျှော့ရပါမယ်။ အဲ့တာဆိုရင် သွေးတိုးရောဂါကို အများကြီး ကာကွယ်နိုင်ပါတယ်။ နောက်တစ်ခုကကျတော့ လမ်းလျှောက်သင့်တယ်ပေါ့။ ဆီးချိုမှာပဲ ဖြစ်ဖြစ် သွေးတိုးမှာပဲ ဖြစ်ဖြစ်။ ကိုယ်လက်လှုပ်ရှားမှု မပါဘဲနဲ့ အဲ့ဒီလူတစ်ယောက်က ကျန်းမာဖို့ မဖြစ်နိုင်ဘူးပေါ့နော်။ အဲ့တော့ အနည်းဆုံး တစ်ရက်ကို ၁၀ မိနစ် လမ်းလျှောက်ပါ။ မနက်စာစားပြီး ၁၀ မိနစ် လမ်းလျှောက်မယ်။ နေ့လည်စာစားပြီး ၁၀ မိနစ်လျှောက်မယ်။ ညစာစားပြီး ၁၀ မိနစ် လျှောက်မယ်ဆိုလို့ရှိရင် သွေးတိုးတဲ့လူဟာ ၃ လဆိုရင် ကျပါတယ်လို့။

မဇ္ဈိမ - နောက်တစ်ယောက်ကတော့ ဆရာမကြီးရေ အသည်းအရောင် အသားဝါ ဖြစ်ရင်ကော စားသောက်သင့်တဲ့ ဆောင်ရန် ရှောင်ရန် အစားအသောက်တွေလဲ သိချင်ပါတယ်တဲ့။

Prof: WWM - အသည်းအရောင် အသားဝါ ဖြစ်တဲ့လူတွေဆိုရင်တော့ ကျွန်မတို့က A ကြောင့်လား B ကြောင့်လား C ကြောင့်လားပေါ့ အဲ့တာလေးတွေတော့ ရှိပါတယ်။ A ကတော့ များသော အားဖြင့် အစာမသန့်လို့ပေါ့။ အစားအသောက်တွေ မသန့်လို့ A ဖြစ်တယ်။ B နဲ့ C နဲ့ ကျတော့ ဆေးထိုးတာတို့  ၊ လိင်ဆက်ဆံတာတွေ ကြောင့် ဖြစ်တယ်ပေါ့။ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် အသည်းကတော့ ရောင် သွားပြီပေါ့။ အဲ့တာဆိုရင် အဓိက က အဆီလျှော့ရပါမယ်။ ဥပမာဆိုရင် မြန်မာလူမျိုးတွေက ဟင်းအနှစ်တွေပေါ့။ အဲ့လို ဟင်းအနှစ်တွေကို ကျွန်မတို့က လုံးဝလျှော့လိုက်ရပါမယ်။ ဥပမာ။ ကြက်သားဟင်းချက်တယ်ဆိုရင် ကြက်သားကိုပဲ ယူစား။ ငါးဟင်းချက်တယ်ဆိုရင် ငါးဟင်းကိုပဲ ယူစား အနှစ်ကို အများကြီး ရှောင်ရမယ်။ ထမင်းစားလို့ ဆီလေးဆမ်းစားတယ်ဆိုရင်တော့ လက်ခံတယ်။ Trends Facts ဖြစ်စေမယ့် အဆီ အနှစ်ကိုတော့ ရှောင်ရမယ်။ နောက်ပြီးတော့ နို့နဲ့ နို့ထွက်ပစ္စည်းကို ဥပမာ၊ မလိုင်တို့ ထောပတ်တို့လို့မျိုးပေါ့ အဲ့တာမျိုးတွေ ကျွန်မတို့ ရှောင်ရပါမယ်။ နောက် အချိုမှုန့်နဲ့ ကြက်သားမှုန့်ကို အဓိက ရှောင်ရပါမယ်။ အသည်းရောင်တဲ့လူတွေကို Protein ကိုတော့ အများကြီး ပေးပါတယ်။ အဲ့တော့ Protein ကိုတော့ အများကြီး စားရမယ်ပေါ့။ ဒါပေမယ့် အသည်းရောင်တဲ့ လူတွေက များသောအားဖြင့် သူတို့ အန်ချင်လို့ အစားအသောက်တွေ မစားချင်ဘူး။ အဲ့တော့ ပြောချင်တာက ကြက်ဥစားပေးပါ။ ကြက်ဥကို အဝါရောင်မထည့်နဲ့ တစ်ရက်ကို ၄ လုံးလောက်အထိတော့ စားဖို့ လိုပါတယ်။ ကြက်ဥကြော်စားတာဖြစ်ဖြစ်၊ ပြုတ်စားတာပဲ ဖြစ်ဖြစ်၊ ကာကျက် စားတာပဲ ဖြစ်ဖြစ်ပေါ့။ ကျွန်မတို့က ကာကြက်ကို ပိုတောင် စားစေချင်တယ်။ နို့သောက်မယ်ပေါ့။ အချိုလည်း စားလို့ရပါတယ်။ အဲ့တာကြောင့် ဟိုးအရင်တုန်းက ကျွန်မတို့ ဆောင်ပုဒ်လေးတောင် ပေးတယ်လို့ အချိုစား၍ အနားယူပါလို့ ။ အချိုလည်း စားလို့ ရပါတယ်လို့။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly