PPE ဝတ်စုံများကို မန္တလေးမြို့ပေါ်ရှိ အစိုးရ ဆေးရုံကြီးများတွင် ဖြန့်ဝေပေးထား

PPE ဝတ်စုံများကို မန္တလေးမြို့ပေါ်ရှိ အစိုးရ ဆေးရုံကြီးများတွင် ဖြန့်ဝေပေးထား
အရပ်ဖက်အဖွဲ့အစည်းတစ်ချို့ စုပေါင်းကာပြင်ဦးလွင်မြို့တွင်H1N1 အသိပညာပေး ကမ်ပိန်း ပြုလုပ် နေစဉ်။ ဓာတ်ပုံ-ဘိုဘို

မန္တလေး၊ ဇူလိုင် ၂၅ ။             ။ မန္တလေးတိုင်းဒေသကြီးအတွင်း H1N1 ရောဂါ ဖြစ်ပွားမှု ယနေ့အထိ မရှိသေးသော်လည်း သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက စစ်ဆေး ကုသမှုများ ပြုလုပ်ရာတွင် အသုံးပြုနိုင်ရန် PPE ဝတ်စုံ (စစ်ဆေး ကုသရာတွင် အသုံးပြုနိုင်သည့် ဝတ်စုံ) အား မန္တလေးမြို့ပေါ် အစိုးရဆေးရုံကြီးများတွင် ဖြန့်ဝေပေးထားပြီး (၂၈)မြို့နယ်ရှိ အစိုးရမြို့နယ်ဆေးရုံများသို့ မကြာမှီ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

'' ယနေ့အထိ H1N1 ရောဂါဖြစ်သူ မရှိသေးပါဘူး၊ သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက စစ်ဆေးမှု၊ ကုသမှုတွေ ဆောင်ရွက်ရာမှ အသုံးပြုဖို့ မြို့ပေါ်က အစိုးရဆေးရုံကြီးတွေမှာ PPE ဝတ်စုံတွေ   ဖြန့်ဝေပေးထားပါတယ်၊ (၂၈)မြို့နယ်မှာရှိတဲ့ အစိုးရမြို့နယ်ဆေးရုံတွေ အားလုံးကိုလဲ ဒီရက်ပိုင်းအတွင်း ဝတ်စုံတွေ ဖြန့်ဝေပေးသွားမှာပါ ၊ H1N1 ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းအပြင် ပိုစတာတွေ လက်ကမ်းစာစောင်တွေ ဝေပြီး အသိပညာပေးတာတွေ ဆောင်ရွက်နေပါတယ်၊ ပြည်သူလူထုက ရောဂါတစ်ခုဖြစ်ရင် လန့်ကြတယ် ။ ဒါပေမယ့် ကျန်းမာရေးဝန်ကြီးဌာနက ကာကွယ်နည်းထုတ်ပြန်ချက်တွေကို တိတိကျကျ လိုက်နာရင် ဒီရောဂါ မကူးစက်နိုင်ပါဘူး၊ ပြည်သူလူထုအနေနဲ့ လိုက်နာဖို့ လိုပါတယ် '' ဟု မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနဦးစီးမှူး ဒေါက်တာ သန်းသန်းမြင့်က ပြောသည်။

PPE ဝတ်စုံများအား မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ဝတ်စုံ (၃၀)၊ ကုတင်(၅၅၀)ဆံ့ ကလေးဆေးရုံ၊ ဗဟိုအမျိုးသမီးဆေးရုံ စသည့်ဖြင့် အစိုးရဆေးရုံ(၆)ရုံအား ဝတ်စုံ (၁၀)စုံစီ ဖြန့်ဝေပေးထားပြီး မြို့နယ်ဆေးရုံများအတွက် ဝတ်စုံ(၅)စုံစီ ဖြန့်ဝေပေးသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly