ချယ်လ်ဆီးနဲ့အတူ အောင်မြင်မှုတွေ ရရှိမယ်လို့ ယုံကြည်နေတဲ့ စပိန်တိုက်စစ်မှူးမိုရာတာနဲ့ချယ်လ်ဆီး TV တို့ရဲ့ ပထမဆုံး အင်တာဗျူး

ချယ်လ်ဆီးနဲ့အတူ အောင်မြင်မှုတွေ ရရှိမယ်လို့ ယုံကြည်နေတဲ့ စပိန်တိုက်စစ်မှူးမိုရာတာနဲ့ချယ်လ်ဆီး TV တို့ရဲ့ ပထမဆုံး အင်တာဗျူး
 

စပိန်တိုက်စစ်မှူးမိုရာတာဟာ ပြောင်းရွှေ့ကြေးပေါင်သန်း ရ၀ နဲ့ ရီးယဲလ်အသင်းကနေ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့လာသူ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ်သာ ရှိသေးပြီး တောက်ပတဲ့ အနာဂတ်ရှိနေတဲ့ မိုရာတာကို ချယ်လ်ဆီးပရိသတ်တွေကတော့ အများကြီး မျှော်လင့်ထားကြပါတယ်။

မိုရာတာဟာ ချယ်လ်ဆီးအသင်းမှာ တောရက်စ်ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၉ ဂျာစီကို ၀တ်ဆင်ကစားမှာ ဖြစ်ပါတယ်။ ချယ်လ်ဆီးကို ပြောင်းရွှေ့နိုင်ခဲ့ပြီးတဲ့နောက် ချက်ချင်းဆိုသလို အသင်းရှိရာ စင်ကာပူကို လိုက်သွားခဲ့လို့ မိုရာတာကို ချယ်လ်ဆီး TV က အင်တာဗျူး မလုပ်ခဲ့ရပါဘူး။ အခု သူတို့ရဲ့ ပထမဆုံးအင်တာဗျူးကို ဖော်ပြပေးလိုက်ပါတယ်။

မေး - ကွန်တီနဲ့ဒုတိယအကြိမ် ပြန်ဆုံရတဲ့ အခြေအနေကို ပြောပါဦး။ ပထမအကြိမ်တုန်းကတော့ ခဏပဲ စုံလိုက်ရတယ်နော်။

ဖြေ - အရင်ကတည်းက ကွန်တီက ကျွန်တော့်ကို အလိုရှိခဲ့တယ်ဆိုတာ သိပါတယ်။ ကျွန်တော်လည်း သူနဲ့ အမှန်တကယ် အလုပ်တွဲလုပ်ချင်ပါတယ်။ နောက်ဆုံးတော့ ကံတရားက ကျွန်တော်တို့အတူတကွ အလုပ်လုပ်ဖို့ တွန်းပို့လိုက်ပါပြီ။ ကွန်တီ့အတွက်…ပြီးတော့ ချယ်လ်ဆီးအသင်းအတွက် ကစားပြီး ဆုဖလားတွေရယူဖို့ မစောင့်နိုင်တော့ပါဘူး။

၂၀၁၄ ခုနှစ်တုန်းက ကျွန်တော်ဂျူဗင်တပ်စ်ရောက်ချိန်မှာ သူက အီတလီအသင်းအတွက် ထွက်ခွာသွားလို့ စိတ်ပျက်ခဲ့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်ဂျူဗင်တပ်စ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ်။ ကွန်တီနဲ့တကယ်ကို အလုပ်တွဲလုပ်ချင်ခဲ့တာပါ။ နောက်ဆုံးတော့ ဖြစ်လာပါပြီ။

မေး - ပရီးမီးယားလိဂ်မှာ ကစားဖို့အတွက်ပဲ ရီးယဲလ်ကို စွန့်ခွာမယ်လို့ ပြောခဲ့ဖူးတယ်နော်။ အခုတော့ ပြောခဲ့သလိုပဲပေါ့။

ဖြေ - အခြေအနေက ပြည့်စုံကောင်းမွန်တဲ့ အနေအထားပါ။ ကျွန်တော် ကွန်တီရဲ့အသင်းအတွက် ကစားချင်ခဲ့ပြီး ပရီးမီးယားလိဂ်မှာ ကစားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အခုအချိန်မှာ လိုအပ်တာကတော့ ပြင်းပြင်းထန်ထန်လေ့ကျင့်ပြီး ချယ်လ်ဆီးအတွက် ကောင်းကောင်းကစားနိုင်ဖို့ပါပဲ။ ပြီးတော့ ဂိုးတွေသွင်းဖို့ပါ။ ဒီအသင်းမှာ ကစားသမားကောင်းတွေ အများကြီး ရှိပါတယ်။ ဒီနှစ်မှာ ကျွန်တော်တို့ အံ့အားသင့်စရာ တစ်ခုခုလုပ်ပြနိုင်မယ်လို့ ထင်ပါတယ်။

ရီးယဲလ်ကို စွန့်ခွာဖို့က ခက်ပါတယ်။ ဒါပေမဲ့ ချယ်လ်ဆီးလိုအသင်းကို ပြောင်းရမယ်ဆိုတော့ အရမ်းကြီး မခက်တော့ပါဘူး။ ဒီနည်းပြ၊ ဒီကစားသမားတွေနဲ့ဆိုရင် ရီးယဲလ်နဲ့ဘာစီလိုနာတို့ကိုတောင် ရင်ဆိုင်ပြီး အနိုင်ယူနိုင်မယ်လို့ ထင်ပါတယ်။

မေး - ပရီးမီးယားလိဂ်ရဲ့ထူးခြားမှုက ဘာလဲ။

ဖြေ - ကျွန်တော်ငယ်ငယ်တုန်းက အဖေနဲ့အတူ ပရီးမီးယားလိဂ်ပွဲတွေကြည့်ဖူးပါတယ်။ အရမ်းမြန်တဲ့ကစားပွဲတွေပေါ့။ ပြီးတော့ များပြားလှတဲ့ သွင်းဂိုးတွေကိုလည်း ကြည့်ခဲ့ဖူးပါတယ်။ အဲ့ဒီနေရာမှာ ကျွန်တော်ကစားချင်ခဲ့ပါတယ်။ ချယ်လ်ဆီးမှာ ဒရော့ဂ်ဘာ၊ ရှက်ချင်ကိုနဲ့ တောရက်စ်တို့ ကစားတာကို ကြည့်ပြီး မကြာခင်အချိန်မှာ သူတို့နေရာကို ကျွန်တော်ယူမယ်လို့ တွေးခဲ့ဖူးပါတယ်။ အခုတော့ ချယ်လ်ဆီးအသင်းရဲ့ နံပါတ် ၉ ဂျာစီကို ၀တ်ဆင်ရပါတော့မယ်။ အိပ်မက်လိုပါပဲ။ ကျွန်တော် စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းထဲမှာ ပရီးမီးယားလိဂ်ပွဲတွေကစားဖို့ မစောင့်နိုင်တော့ပါဘူး။

မေး - အာရှကို မသွားခင် ချယ်လ်ဆီးအသင်းရဲ့ Cobham လေ့ကျင့်ရေးကွင်းကိုရောက်တော့ အခြေအနေတွေကို နှစ်သက်ရဲ့လား။

ဖြေ - ကျွန်တော် လေ့ကျင့်ခန်းတစ်ကြိမ် လုပ်ခဲ့ပါတယ်။ ပြီးပြည့်စုံတဲ့ လေ့ကျင့်ရေးအစီအစဉ်ပါ။ စိမ်းစိုနေတဲ့ မြက်ခင်းပြင်၊ အရမ်းကောင်းတဲ့ ပတ်ဝန်းကျင်အနေအထား။ ချယ်လ်ဆီးအသင်းကလူတွေက အရမ်းဖော်ရွေကြပါတယ်။ ဒီကိုရောက်တဲ့ ပထမဆုံးနေ့ကတည်းက ကျွန်တော့်ရဲ့အိမ်လို ခံစားရပါတယ်။

မေး - အသင်းမှာ စပိန်ကစားသမားတွေအများကြီးရှိတော့ အကူအညီရမှာပေါ့။

ဖြေ - အသင်းမှာ စပိန်ကစားသမားတွေ အများကြီးရှိနေတာက ကျွန်တော့်အတွက် အရမ်းကောင်းပါတယ်။ ဒါပေမဲ့ အင်္ဂလိပ်စကားကို ကောင်းကောင်းသင်ယူနိုင်ဖို့ တစ်ခြားအသင်းဖော်တွေနဲ့လည်း စကားတွေအများကြီးပြောဖို့ လိုတယ်လို့ ကျွန်တော်ထင်ပါတယ်။

မေး - အက်စ်ပီလီကျူတာနဲ့အလွန်ဆိုတို့က ပြောတယ်…. ခင်ဗျားက မြန်တယ်၊ ကြံ့ခိုင်တယ် ပြီးတော့ အရေးကြီးတဲ့ ဂိုးတွေလည်း သွင်းနိုင်တယ်တဲ့။

ဖြေ - ထင်တာပဲ။ ကျွန်တော်လည်း အဲ့လို မျှော်လင့်ပါတယ်။ သန်သန်မာမာနဲ့ လျင်လျင်မြန်မြန်ကစားပြီး ဂိုးအချို့သွင်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အဲ့ဒီလိုပုံစံမျိုး ကျွန်တော်ကစားချင်ပါတယ်။

မေး - ခင်ဗျား ပွဲထွက်ကစားဖို့ အဆင်သင့်ဖြစ်ပြီလား။

ဖြေ - ကျွန်တော် အခြေအနေကောင်းပါတယ်။ ခရီးတွေအများကြီးသွားထားရလို့ အနည်းငယ်ပင်ပန်းနေတယ်ဆိုပေမယ့် ချယ်လ်ဆီးအကျင်္ီကို ၀တ်လိုက်ရင် ဒါတွေက ဘာမှမဟုတ်တော့ပါဘူး။ ကျွန်တော် ပွဲတွေကစားချင်ပါတယ်။ ဂိုးတွေလည်း သွင်းချင်ပါတယ်။ ကွင်းထဲမှာ ကျွန်တော်တတ်နိုင်သမျှ အစွမ်းကုန် ပေးဆပ်သွားချင်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly