အကြမ်းဖက်ဖြိုခွင်းလျှင် အသေခံ ကာကွယ်မည်ဟု ဦးဝီရသူ ပြော

အကြမ်းဖက်ဖြိုခွင်းလျှင် အသေခံ ကာကွယ်မည်ဟု ဦးဝီရသူ ပြော

ရန်ကုန်   ဇူလိုင်   ၂၄ ။          ။ အမျိုးဘာသာ၊ သာသနာစောင့်ရှောက် ရေးအဖွဲ့(မဘသ)အနေဖြင့် ဆိုင်းဘုတ် ဖြုတ်ဖို့နေနေသာသာ အကြမ်းဖက်ဖြိုခွင်းလာလျှင် အသေခံပြီး ကာကွယ်သွားမည်ဟု ဆရာတော် ဦးဝီရသူက ဇူလိုင် လ ၂၄ ရက်နေ့ညက လူမှုကွန်ယက်မှတစ်ဆင့် မိန့်ကြားသည်။

မဘသ ဆိုင်းဘုတ်များကို အတင်းဖြုတ်ချလျှင် လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်မည်ကို မလိုလားသည့်အတွက် ကာယကံရှင်များ ကိုယ်တိုင်ဖြုတ်ပေးရန် ညှိနှိုင်းသွားမည်ဟု ယနေ့၊ ဇူလိုင်လ ၂၄ ရက်က ကျင်းပသည့် အမျိုးသား လွှတ်တော်အစည်းအဝေးအပြီး သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကို၏ ပြောကြားချက်ကို ပြန်လည်တုံ့ပြန်ခြင်း ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် ၁၉၈၀ ပြည့်နှစ်က ကျင်းပသည့် ဂိုဏ်းပေါင်းစုံသံဃညီလာခံ က ချမှတ်ထားသည့် ရွှေကျင်၊ မိုးကုတ်၊ လယ်တီ အစရှိသော ဂိုဏ်းကြီးကိုးဂိုဏ်းကိုသာ သံဃာ့အဖွဲ့အစည်းအဖြစ် တရားဝင် သတ်မှတ်ထားခြင်းဖြစ်သည်ဟု သာသနာရေးဝန်ကြီး ၏ ပြောကြားချက်ကိုလည်း ဆရာတော် ဦးဝီရသူက "မိုးကုတ်တို့၊ လယ်တီတို့ဆိုတာ ဂိုဏ်းမဟုတ်ဘူး။ ဝိပဿနာအဖွဲ့၊ ဝိပဿနာရိပ်သာတွေပါ။ အဲဒီလိုပဲ မဘသတို့ ၉၆၉ တို့ မျိုးချစ်ရဟန်းတော် များတို့ဆိုတာ စင်ပြိုင်သံဃာ့ဂိုဏ်းမဟုတ်ဘူး။ ဂိုဏ်းကြီး ကိုးဂိုဏ်းထဲမှ စိတ်ထားတူရာသံဃာတော်တွေနဲ့ မျိုးချစ်ပြည်သူ တွေ စုပေါင်းထားတဲ့အမျိုးသားရေး အဖွဲ့ အစည်း ဘာသာရေးအဖွဲ့အစည်း သာသနာရေးအဖွဲ့အစည်းသာဖြစ်ပါတယ် " ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။

တစ်နိုင်ငံလုံးက မဘသဆိုင်းဘုတ်များကို ဇူလိုင်လ ၁၅ ရက်နောက်ဆုံးထား၍ ဖြုတ်ချရန် မဟနမှ ကြေညာထားသော်လည်း မန္တလေးနှင့် ဘားအံမြို့တို့တွင်ယနေ့အထိ ဖြုတ်ချမှုမရှိသေးပေ။

ဆရာတော်ဦးဝီရသူက မဘသ ဆိုင်း ဘုတ်များဖြုတ်ချရန်ကြေညာချက်အပေါ် "မဘသကတော့ ကိုယ့်ဆိုင်းဘုတ်ကိုယ် ဖြုတ်ဖို့နေနေသာသာ အကြမ်းဖက်ဖြိုခွင်း လာရင်တောင် အသေခံပြီး ကာကွယ် သွားမဲ့အဖွဲ့ဆိုတာ မှတ်ထားလိုက်ပါ " ဟု လူမှုကွန်ယက်မှတစ်ဆင့် မိန့်ကြားခဲ့ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly