သမာရိုးကျမြင်ကွင်းကို ပြောင်းလဲခဲ့သည့် အမျိုးသမီး (၂၁ယာဉ်လိုင်း သီးသန့်ယာဉ်မှ အမျိုးသမီးယာဉ်မောင်း မမြတ်ရည်မွန် )

သမာရိုးကျမြင်ကွင်းကို ပြောင်းလဲခဲ့သည့် အမျိုးသမီး (၂၁ယာဉ်လိုင်း သီးသန့်ယာဉ်မှ အမျိုးသမီးယာဉ်မောင်း မမြတ်ရည်မွန် )

ဘတ်စ်ကားမောင်းသူဆိုတာနဲ့ အများစုက အမျိုးသားတွေကိုပဲ ပြေးမြင်ကြမှာပါ။ စနစ်ဟောင်းမှာရော အခု YBSစ နစ်သစ်မှာပါ အမျိုးသားတွေ ကြီးစိုးနေပေမယ့် အဲ့ဒီအမျိုးသားတွေကို ရင်ဘောင်တန်းနိုင် တဲ့ အမျိုးသမီးယာဉ်မောင်းတွေပေါ်ထွက်လာပါပြီ။ ဒီလိုမျိုး အမျိုးသမီးတွေထဲမှာ ၂၁ယာဉ်လိုင်းက အမျိုးသမီးယာဉ်မောင်း မမြတ်ရည်မွန်လည်း တစ်ဦးအပါအဝင်ပါ။

သူဟာ အထည်ချုပ်စက်ရုံမှာ လုပ်ကိုင်နေရင်း ပြင်ပလောကအကြောင်းကို ပိုမိုသိရှိချင်တာကြောင့် ယာဉ်နောက်လိုက်ဘဝကို ကူးပြောင်းခဲ့ရာကနေ ကားမောင်းချင်စိတ်၊ အမျိုးသားထုကို စိန်ခေါ်ချင်စိတ် ကြောင့် နောက်ဆုံး (ခ) လိုင်စင်ရ ယာဉ်မောင်းတစ်ဦး ဖြစ်လာတဲ့ အထိ ကြိုးစားခဲ့ရသူလည်း ဖြစ်ပါတယ်။

“ညီမက ပထမဆုံး ဆရာကို တရုတ်လေးရဲ့ ၄၈ အဲကွန်းဘတ်စ်ကနေ စလိုက်ဖြစ်ခဲ့တာပါ။ ၄၈ ကနေ ၄၅ အဲကွန်းဘတ်စ်ကို ပြောင်းခဲ့တယ်။ အခု ၂၁ အဲကွန်းဘတ်စ်ပြောင်းတဲ့ အထိ လုပ်လာတယ်။ ပထမ ကတော့ ယာဉ်အကူအနေနဲ့ ဒီမှာစလုပ်တယ်။ယာဉ်အကူကနေပြီးတော့ 5B- 8537မှာ ယာဉ်ပိုင် အနေနဲ့ လိုက်တယ်။ယာဉ်ပိုင်လိုက်ရင်းကနေပြီးတော့ ကားမောင်းသင်ပေးမယ်ပေါ့ဆိုတော့ ညီမ အဲ့ကားမှာပဲ  Training ယူပြီးတော့ အစ်ကိုတွေကရော၊ ဆရာကရော သင်ပေးတယ်၊ ကားမောင်းတတ် အောင်ပေါ့။ အဲ့ကနေပြီး ညီမ ကားစမောင်းဖြစ်လာတာပါ”လို့ ယာဉ်နောက်လိုက်ဘဝကနေ ယာဉ်မောင်းဖြစ်အောင် ကြိုးစားတဲ့နေရာမှာ အမျိုးသမီးတစ်ယောက် ဖြစ်နေတဲ့အတွက် ကားမောင်းသင်နိုင်တဲ့ အခွင့်အရေးက လက်တကမ်းမှာ ရှိနေတာတောင် လွယ်လွယ်မရရှိခဲ့ပါဘူး။ အလုပ်ခွင်ကအတိုက်အခံတွေ၊ မိသားစုရဲ့ ကန့်ကွက်မှုတွေကြားကနေ ယာဉ်မောင်းတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့တဲ့ ရလဒ်တွေကိုတော့ မမြတ်ရည်မွန် ကောင်းကောင်းရရှိနေပါပြီ။

“အခက်အခဲကတော့ အများကြီး ကြံုတွေ့ခဲ့ရတယ်။ကားကြီးစမောင်းဖို့ကိုတောင် တချို့အစ်ကိုတွေက မသင်ပေးဘူးတောင် ညီမကို လုပ်ခဲ့တယ်။ စတီယာရင်ဂွေထဲကို မိန်းကလေးတစ်ယောက်က ထိုင်ဖို့ အဆင်မပြေဘူးပေါ့။ ယောကျာ်းလေးတွေကြတော့ တသမတ်တည်း သူတို့က စိတ်ကို ဆုံးဖြတ်နိုင်တယ်ပေါ့။ မိန်းကလေးတွေက မဆုံးဖြတ်နိုင်ဘူးပေါ့။ရဲရင့်မှုမရှိဘူးပေါ့။ အဲ့လိုမျိုး ညီမကို
ပြောခဲ့ကြတယ်။ တချို့အစ်ကိုတွေဆို ကားမောင်းလုံးဝမသင်ပေးဘူးပေါ့၊ ညီမကို အဲ့လိုမျိုးအထိ အတိုက်အခံတွေဖြစ်ခဲ့တယ်။ ဒါပေမယ့် ညီမက မိန်းကလေးဆိုပေမယ့် ယောကျာ်းလေးတွေလိုပဲ  ဒီကားကြီးကို အရမ်းမောင်းချင်တယ်ပေါ့နော်။ ညီမ ဒီအထိ ရောက်ဖို့လည်း မနည်းကြိုးစားခဲ့ရတယ်။ညီမကိုကားမောင်းသင်ပေးဖို့လည်း ဆရာက အစီအစဉ်ရှိတာကြောင့် ကားမောင်းသင်ပေးဖို့ ညီမ ပြောတယ်။အဲ့အစ်ကိုတစ်ယောက်ကဆိုရင် ညီမကို မသင်ပေးဖို့အထိ ဖြစ်လာတယ်ပေါ့။ နောက်ဆုံးတော့ ဆရာကိုတရုတ်လေးကို ပြောပြလိုက်တယ်။ သမီးကား အရမ်းမောင်းချင်တယ်၊ ကားမောင်းသင်ပေးပါဆိုပြီး။အဲ့တော့ 5B-8537မှာ ညီမ ပထမဆုံး စီးပွားရေးတက္ကသိုလ်(ရွာသာကြီး) ဘက်ကို ကျောင်းဖယ်ရီစဆွဲတယ်။ အဲ့မှာဆို ဟုတ်ပြီ။ ကျောင်းဖယ်ရီဆွဲခိုင်းမယ်။ အဆင်ပြေမလား ဆိုပြီး။ကားလမ်းကြောအကြီးကြီး၊ လမ်းကြောင်း အရှည်ကြီးကို ညီမ တစ်ခါမှ မမောင်းဖူးဘူးပေါ့။ ဂတ်စ်ဆိုင်အတိုးအပြုလေးတွေမှာ ဆရာသမားတွေက ညီမကို ပေးသင်တယ်။ တစ်ခါမှ မမောင်းဖူးပေမယ့် ညီမရအောင်မောင်းမယ်ပေါ့။ အဲ့ဒီဖယ်ရီကြိုရတာမှာ အဆင်မပြေတာတွေ ဖြစ်ခဲ့တယ်။ကျောင်းကြိုတဲ့အချိန်မှာ လမ်းက လုံးဝမကောင်းဘူး။ ဒဂုံတက္ကသိုလ်ဘက်ကနေ ဖြတ်လမ်း ၀င်ရတယ်။ လမ်းက ချိုင့်ခွက်ကြီးတွေနဲ့ အရမ်းလမ်းကြမ်းတယ်။ ညီမ မနည်းကြိုးစားပြီးတော့ မောင်းခဲ့ရတယ်။ အဲ့မှာ စီးပွားရေးတက္ကသိုလ်ကို ၂ပတ်လောက်ကြိုလိုက်ရတယ်။ကြိုပြီးတဲ့အချိန် 5B-8537မှာ ညာကိုင်းမောင်းတယ်။ ညာကိုင်းကနေ ဘယ်ကိုင်းကို မောင်းဖို့ ကူးပြောင်းခဲ့ရတဲ့အချိန်မှာ မနည်းသင်ခဲ့ရတယ်။ဆရာကလည်း ညဘက်ဆို Training တွေ ပေးခဲ့တယ်။ မနက် ၃နာရီထိ အမြန်လမ်းမှာ ညီမကို Training ကျောင်းခဲ့တယ်။ ကားလေးနဲ့ကျောင်းခဲ့ပြီး ဒီကား(၂၁ အဲကွန်းဘတ်စ်)ကို ညီမ တစ်လနီးပါးလောက် အချိန်ယူပြီး သင်ခဲ့ရတယ်။ တစ်လပြည့်တဲ့အချိန်မှာ ဆရာက ညီမကို အဆင်ပြေပြီ၊ လမ်းကြောင်းပေါ် စမောင်းကြည့်လို့ ပြောတယ်။ အဲ့လိုနဲ့ ညီမမောင်းဖြစ်ခဲ့တာပါ” လို့ အမျိုးသမီးယာဉ်မောင်း မိန်းကလေးက ဆိုပါတယ်။

မမြတ်ရည်မွန်အနေနဲ့ ဒီလိုကားကြီးမောင်းဖို့ ယာဉ်နောက်လိုက်ဘဝကို ၃ နှစ်လောက် ဖြတ်သန်းခဲ့ ရပါတယ်။  

“စမြင်တာကတော့ အိမ်က ကန့်ကွက်တယ်။ကန့်ကွက်တယ်ဆိုတာက မိန်းကလေး တစ်ယောက် အနေနဲ့ ဒီလိုကားကြီးမောင်းဖို့ဆိုတာ ဘယ်လိုမှအဆင်မပြေနိုင်ဘူးပေါ့။ မိသားစုက အရမ်းစိုးရိမ်တယ်။ အစ်ကိုဖြစ်သူကလည်းလက်ရှိ ၂၁ မှာ ဆရာကိုတရုတ်လေးဆီမှာကားမောင်းနေတာပါ။ သူကလည်း မောင်းနေတာဆိုတော့ ကားကြီးကိုမောင်းရတာ မနည်းအခက်အခဲနဲ့ မောင်းရတယ်ပေါ့။ ကိုယ့်ညီမ မောင်းမယ်ဆိုတော့ အရမ်းစိုးရိမ်တယ်ပေါ့။ အမေကရော အစ်ကိုကရော ညီမကို ယာဉ်နောက်လိုက် ဘဝနဲ့ပဲ ပြန်လိုက်ပါဆိုပြီး တိုက်တွန်းခဲ့တယ်။ ဒါပေမယ့် ညီမကလည်း ကိုယ်က မနည်း
ကြိုးစားခဲ့ရတယ်။ ယာဉ်နောက်လိုက်ဘဝမှာ ညီမ ၃နှစ်လောက် ကြိုးစားခဲ့ရတယ်။ ၃နှစ် ကြိုးစားခဲ့တဲ့အချိန်မှာ ကိုယ်က ဒီကားကြီးကို မောင်းဖို့အထိ ဖြစ်လာခဲ့တော့ ညီမလက်မလျှှော့ချင်ဘူး။ သမီး အဆင်ပြေတယ်။ အမေတို့ အစ်ကိုတို့ ဘာမှ စိတ်မပူနဲ့ပေါ့။ အေးဆေးပဲမောင်းမယ်။ သမီးအတွက်ကို ဘာမှစိတ်မပူနဲ့။ဒီကားကြီးကိုလည်း သမီးအရမ်းမောင်းချင်တယ်။ ဒီလိုမောင်းရဖို့ အတွက်ကိုလည်း သမီးအများကြီး ကြိုးစားခဲ့ရတယ်။သမီးနောက်ဆုတ်ဖို့ အစီအစဉ်မရှိလို့ မောင်းပါရစေဆိုပြီး အမေတို့ကို သေချာပြောပြခဲ့တော့ ခွင့်ပြုခဲ့တယ်”လို့ ပြောပါတယ်။

ညာမောင်းနေရာကနေ YBS စနစ်ကို ပြောင်းလဲလိုက်ချိန်မှာတော့ ၂၁ ယာဉ်လိုင်းမှာ power Eleven ကုမ္ပဏီက ပြေးဆွဲတဲ့ဝန်ဆောင်မှုမြှင့်သီးသန့်ယာဉ်မှာ မောင်းနှင်ခွင့်ရခဲ့ပါတယ်။ သူ မောင်းနှင် ခွင့်ရခဲ့တဲ့ 3N – 8938 က ဘယ်မောင်းဖြစ်နေတဲ့အတွက် အကူးအပြောင်းကာလမှာတော့ သူအတွက် စိုးရိမ်မှုတွေရှိနေခဲ့ပါတယ်။ ဒါပေမယ့် ဒီစိုးရိမ်မှုတွေကို သေချာကျော်လွှားခဲ့ပြီး အခုထိ အဲ့ကားကို မောင်းနှင်နေဆဲဖြစ်ပါတယ်။

“ညာကိုင်းကနေ ဘယ်ကိုင်းကို ပြောင်းတဲ့အချိန် အန္တရာယ်ရှိနိုင်တယ်ဆိုတော့စိုးရိမ်စိတ်ရှိတာပေါ့နော်။ ကားရဲ့အယူအဆတွေ ကွာသွားတယ်။ အဲ့ဒါကြောင့် ကားအဝင်အထွက်လေးတွေမှာ ပိုသတိထား ရတယ်။ ဒါပေမယ့် လိုင်းတိုင်းက အစ်ကိုတွေအများစုကတော့ ညီမကို ဖေးမကြပါတယ်။ ညီမလေး ဖြည်းဖြည်းလေးမောင်းပါပေါ့၊ ကိုယ်က ဘယ်ကိုင်း၊ညာကိုင်း ချိန်းထားတဲ့အတွက်ကြောင့် အန္တရာယ်မရှိအောင်မောင်းပါ၊အေးဆေးလေးပဲမောင်းပါပေါ့။ အစ်ကိုတွေကလည်း သင်ပေးပြီး ညီမကလည်း ဖြည်းဖြည်းလေးမောင်းတဲ့အတွက် အခုမောင်းနေတဲ့ ၂၁အဲကွန်းဘတ်စ် 3N-8938 မှာ အခက်အခဲတွေ မရှိပါဘူး” တဲ့။

မမြတ်ရည်မွန်ဟာ Power Eleven ကုမ္ပဏီက ပြေးဆွဲတဲ့ ၀န်ဆောင်မှုမြှင့်သီးသန့်ယာဉ်မှာ မောင်းနှင်ခွင့်ရခဲ့တာနဲ့ ပတ်သက်ပြီး ဂုဏ်ယူနေသူတစ်ဦးပါ။

“သီးသန့်ယာဉ်လိုင်းမှာ မောင်းရတဲ့အတွက် ဂုဏ်ယူတယ်။ တညင်းကုန်း-မော်တင်ပဲ ဆွဲတဲ့အတွက် တခြားလိုင်းက အစ်ကိုတွေထက် ကားစောစောသိမ်းရတယ်။သီးသန့်က ခရီးသည်ကို ထိုင်ခုံစေ့နဲ့ပဲ ၀န်ဆောင်မှုပေးတာပါ။ အဲ့ဒါကြောင့် ခရီးသည်လည်း ညီမတို့ကားတွေကို တော်တော် သဘောကျတယ်။ နောက် သူတို့တောင်းဆိုတာက ဒီလို ကားမောင်းတဲ့ မိန်းကလေးများများ   ဖော်ထုတ်ပေးစေချင်တယ်ပေါ့။ ညီမတို့ကြတော့ ပုံမှန်အေးဆေးပဲမောင်းတယ်။ တခြားအစ်ကိုတြွေ ကတော့ လမ်းကြောင်းမှာ ကျော်တာ၊ပြုတာတို့ရှိတာကြတော့ သူတို့ သိပ်ပြီး သဘောမကျကျဘူး”လို့ မမြတ်ရည်မွန်က ပြောပါတယ်။

အထည်ချုပ်စက်ရုံက အမျိုးသမီးလုပ်သားကနေ အမျိုးသားအများစု ကြီးစိုးနေဆဲဖြစ်တဲ့ ယာဉ်နောက်လိုက် နေရာကို ၀င်ရင်း အတိုက်အခံများအကြား ကြိုးစားခဲ့ရတဲ့ မမြတ်ရည်မွန်ကတော့ အခုချိန်မှာ လိုင်စင် (ခ) ရရှိထားတဲ့ အမျိုးသမီးယာဉ်မောင်းတစ်ဦး ဖြစ်နေပါပြီ။ ဒါ့အပြင် ယာဉ်မောင်းလောကမှာ နေရာတစ်နေရာရအောင် ဒီလိုမျိုး အဆင့်ဆင့် ကြိုးစားခဲ့ရတဲ့ သူ့ကို ကြည့်ပြီး အထည်ချုပ် အမျိုးသမီးအလုပ်သမားတွေကို စိတ်ဓာတ်ခွန်အားရစေချင်သူတစ်ဦးပါ။ “ညီမ စိတ်သဘောအရ ဆိုရင်တော့ ကိုယ်က မိန်းကလေး၊ ဒါပေမယ့်  မိန်းကလေးလို မနေစေချင်ဘူး။ ကိုယ်က မိန်းကလေးပေမယ့် ယောကျာ်းလေးတွေ၊ အစ်ကိုတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်ကြိုးစား။ ညီမဆို ရင်ဘောင်တန်းနိုင်အောင် မနည်းကြိုးစားခဲ့တယ်။ ညီမကို ကြည့်ပြီးတော့ ခွန်အားတစ်ခု   ဖြစ်စေချင်တယ်။အထည်ချုပ်စက်ရုံမှာ လုပ်နေတဲ့ အမျိုးသမီးလေးတွေ ရှိမယ်။ အကြောင်းကြောင်း ကြောင့် လုပ်နေရတဲ့ ညီမလေးတွေ ရှိရင် ညီမတို့ Power Eleven က ဖိတ်ခေါ်ပါတယ်။ အလုပ်တွေ ပေးပါတယ်။ ကားမောင်းချင်ရင်ကားမောင်းသင်တန်းကို ညီမတို့ Training ပေးပါတယ်။ ကားမောင်းချင်တဲ့ အစ်မတွေရှိရင်  ဆရာကိုတရုတ်လေးကို ဆက်သွယ်ပြီး အလုပ်လာပြောလို့ ရပါတယ်” လို့ အားပေးသွားပါတယ်။

Mizzima Weekly