တရုတ်တွင် ပေါလစ်ဗျူရို ခေါင်းဆောင်တစ်ဦးအား အကျင့်ပျက်တိုက်ဖျက်မှု စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးနေ

တရုတ်တွင် ပေါလစ်ဗျူရို ခေါင်းဆောင်တစ်ဦးအား အကျင့်ပျက်တိုက်ဖျက်မှု စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးနေ

ပေကျင်း၊ ဇူလိုင် ၂၄ ။             ။ တရုတ်နိုင်ငံ၏ ထိပ်ပိုင်းခေါင်းဆောင်မှုနေရာအတွက် ယှဉ်ပြိုင်ဖက်တစ်ဦးဖြစ်နိုင်သူဟု ရှုမြင်ထားသည့် ပေါလစ်ဗျူရိုအဖွဲ့ဝင်တစ်ဦးအား အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး စောင့်ကြည့်ရေးအဖွဲ့က စစ်ဆေးလျက်ရှိနေကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၂၄ ရက်တွင် ဖော်ပြသည်။

စည်းမျဉ်းကျင့်ဝတ် စစ်ဆေးရေး ဗဟိုကော်မရှင်က Sun Zhengcai အား စစ်ဆေးမေးမြန်းလျက် ရှိခြင်းဖြစ်သည်။ ၎င်းသည် ပြီးခဲ့သည့် သီတင်းပတ်ထိတိုင် ချောင်ကင်းမြို့ကြီး၏ ကွန်မြူနစ် ပါတီခေါင်းဆောင်အဖြစ် တာဝန်ထမ်းဆောင်နေခဲ့ခြင်းဖြစ်ကာ လွန်ကဲသည့် စည်းမျဉ်းချိုးဖောက်မှုများအတွက် ၎င်းကို စစ်မေးနေခြင်းဖြစ်ကြောင်း ဆင်ဟွာသတင်းက ဆိုသည်။

သမ္မတရှီကျင့်ဖျင်၏ အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေး စစ်ဆင်မှုအတွင်း ၂၀၁၃ ခုနှစ်က ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံရသည့် ဘိုရှီလိုင်း နောက်ပိုင်း Sun သည် ယခုကဲ့သို့ ဗဟိုကော်မရှင်က ခေါ်ယူစစ်မေးခံရသည့် အဖွဲ့ဝင် ၂၅ ဦးပါ ပေါလစ်ဗျူရို၏ ဦးဆုံးအဖွဲ့ဝင်ဖြစ်သည်။

၎င်းသည် ပေါလစ်ဗျူရိုအဖွဲ့ဝင်အဖြစ် ဆက်လက် ရှိမရှိကိုမူ ဆင်ဟွာသတင်းတွင် ဖော်ပြထားခြင်း မရှိပေ။ Sun သည် ဇူလိုင် ၁၅ ရက်ကမှ ချောင်ကင်းမြို့ ပါတီအကြီးအကဲအဖြစ် ခန့်အပ်ကြောင်း   ကြေညာခြင်း ခံခဲ့ရခြင်းဖြစ်သည်။

မျိုးဆက်တစ်ဆက်အတွင်း အာဏာအပြည့်ဝဆုံး တရုတ်ခေါင်းဆောင်အဖြစ် သမ္မတရှီကျင့်ဖျင်အား မြဲမြံစေလိမ့်ဖွယ် ရှိသော ယခုနှစ်နှောင်းပိုင်းတွင် ကျင်းပမည့် တိုင်းပြုပြည်ပြုညီလာခံအတွက် ကွန်မြူနစ်ပါတီက စိုင်းပြင်းလျက်ရှိနေစဉ် ယခုကဲ့သို့ Sun အား ခေါ်ယူစစ်ဆေးမှု ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

အဆိုပါ ညီလာခံတွင် သမ္မတရှီကျင့်ဖျင်အနေဖြင့် ဒုတိယငါးနှစ် ရာထူးသက်တမ်းကို ဆုပ်ကိုင်ရယူလိမ့်ဖွယ် ရှိသည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းထားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly