လေးကောင်ဂျင်ကစားနေသူ ၁၁ ဦးအား ငွေကျပ် ၁၄ သိန်းကျော်နှင့်အတူ ဖမ်းမိ

လေးကောင်ဂျင်ကစားနေသူ ၁၁ ဦးအား ငွေကျပ် ၁၄ သိန်းကျော်နှင့်အတူ ဖမ်းမိ
ဓာတ်ပုံ - မန္တလေးတိုင်းရဲတပ်ဖွဲ့

ရန်ကုန်၊ ဇူလိုင်လ ၂၄ ။             ။ မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်ရှိ ယာခင်းအတွင်းမှ လေးကောင်ဂျင်ကစားနေသူ ၁၁ ဦးအား ငွေ ကျပ် ၁၄ သိန်းကျော်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း မန္တလေးတိုင်းရဲတပ်ဖွဲ့မှ ဇူလိုင်လ ၂၄ ရက်တွင် သတင်း ထုတ်ပြန်သည်။

အဆိုပါ လောင်းကစားသတင်းအရ တောင်သာမြို့နယ်ရဲတပ်ဖွဲ့မှ သက်သေများနှင့်အတူ ဇူလိုင်လ ၂၃ ရက်၊ ညနေ ၃ နာရီခွဲအချိန်ခန့်တွင် တောင်သာမြို့၊ အမှတ် (၆) ရပ်ကွက်၊ တောင်သာ - နွားထိုးကြီး ကားလမ်း၊ တောင်ယာကွင်း၊ အမှတ် (၉၉၁)၊ ယာခင်းအတွင်းသို့ ဝင်ရောက်စစ်ဆေးခဲ့ရာမှ လေးကောင်ဂျင် လောင်းကစား နေသူ ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဖမ်းဆီးရမိခဲ့သည့် ၁၁ ဦးတို့မှာ တောင်သာမြို့နေ မောင်သိန်း၊ ဝင်းကြိုင်၊ ဇင်မင်း၊ သန့်ဇင်၊ ထွန်းလင်း၊ ကျော်ထွန်း၊ တိုးဝင်၊ စိုးရွှေ၊ မြလင်း၊ မောင်မြင့် နှင့် သက်ပိုင်ဆိုသူတို့ဖြစ်ပြီး ၄င်းတို့နှင့်အတူ လောင်းကြေးငွေ ၁,၄၂၆,ဝဝဝ ကျပ်၊ လေးကောင်ဂျင် လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်းများ၊ ဆိုင်ကယ် ၁၂ စီး၊ လက် ကိုင်ဖုန်း ၅ လုံးနှင့် စက်ဘီး တစ်စီးတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

လောင်းကြေးငွေ၊ လေးကောင်ဂျင် လောင်းကစားရာတွင် အသုံးပြုသည့်ပစ္စည်း များနှင့်အတူဖမ်းဆီး ရမိခဲ့သည့် မောင်သိန်းဆိုသူအပါအဝင် ၁၁ ဦးကို တောင်သာမြို့မရဲစခန်းတွင် (ပ)၈ဝ/၂ဝ၁၇ လောင်းကစား ပုဒ်မ ၁၃(က)/၁၄(က) အရ အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly