မိုနာကိုနောက်ခံလူမန်ဒီကို ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် မန်စီးတီး ခေါ်ယူ

မိုနာကိုနောက်ခံလူမန်ဒီကို ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် မန်စီးတီး ခေါ်ယူ

ဇူလိုင် ၂၄၊ အင်္ဂလန် ။           ။ မန်စီးတီးအသင်းသည် မိုနာကိုအသင်း၏ ဘယ်နောက်ခံကစားသမား ဘင်ဂျမင်မန်ဒီကို ပြောင်းရွှေ့ကြေးပေါင် ၅၂ သန်းဖြင့် ငါးနှစ်စာချုပ် ချုပ်ဆိုကာခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၃ နှစ်အရွယ်ရှိ မန်ဒီသည် မန်စီးတီးအသင်းရှိရာ လော့စ်အိန်ဂျလိစ်တွင် ဆေးစစ်မှုများခံယူခဲ့ပြီးနောက် အပြီးသတ် စာချုပ် ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။ မန်ဒီသည် မန်စီးတီးအသင်းတွင် ကျောနံပါတ် ၂၂ ဂျာစီကို ၀တ်ဆင်ကစားမည် ဖြစ်ပြီး လာမည့် ဗုဒ္ဓဟူးနေ့တွင် ရီးယဲလ်နှင့်ကစားမည့် ခြေစမ်းပွဲ၌ ပထမဆုံးပွဲဦးထွက် ပါ၀င်ကစားဖွယ်ရှိနေသည်။

မန်စီးတီးနှင့် စာချုပ် ချုပ်ဆိုပြီးနောက်တွင် မန်ဒီက ‘မန်စီးတီးအသင်းကို ပြောင်းရွှေ့နိုင်လို့ အလွန်ဝမ်းမြောက်မိပါတယ်။ မန်စီးတီးအသင်းက ဥရောပထိပ်တန်းကလပ်အသင်းတွေထဲက တစ်သင်းပါ။ နည်းပြဂွါဒီယိုလာကလည်း တိုက်စစ်အားသန်တဲ့ နည်းပြဖြစ်ပါတယ်။ လာမယ့်နှစ်အနည်းငယ်အတွင်းမှာ မန်စီးတီးအသင်းအောင်မြင်မှုတွေ ရရှိလိမ့်မယ်လို့ ကျွန်တော်ပြောရဲပါတယ်’ ဟု ဆိုသည်။

၁၇ နှစ်ကြာဝေးကွာနေသည့် ပြင်သစ်အမှတ်ပေးဖလားကို ပြီးခဲ့သည့်ရာသီက မိုနာကိုအသင်း ပြန်လည်ရယူရာတွင် မန်ဒီသည် အဓိကနေရာမှ ခြေစွမ်းပြခဲ့သူ ဖြစ်သည်။

မန်စီးတီးအသင်းသည် စပါးနောက်ခံလူဝေါ်လ်ကာ၊ ရီးယဲလ်နောက်ခံလူဒန်နီလိုနှင့် မန်ဒီတို့ သုံးဦးအတွက် ပေါင်သန်း ၁၃၀ ကျော် အသုံးပြုခဲ့သည်။ ယခုနှစ်အပြောင်းအရွှေ့တွင် မန်စီးတီးအသင်းအသုံးပြုထားသည့် ပြောင်းရွှေ့ကြေးပမာဏမှာ ပေါင်သန်း ၂၂၀ ကျော်သွားပြီ ဖြစ်သည်။

ရည်ညွှန်း ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly