ငြိမ်းချမ်းရေးသို့ လူငယ့်အသံ အွန်လိုင်းလှုပ်ရှားမှုပြုလုပ်မည်

ငြိမ်းချမ်းရေးသို့ လူငယ့်အသံ အွန်လိုင်းလှုပ်ရှားမှုပြုလုပ်မည်

ရန်ကုန်   ဇူလိုင်   ၂၄ ။           ။ ငြိမ်းချမ်းရေးသို့ လူငယ့်အသံ (Voice of Youth for Pace)လှုပ်ရှားမှုပြုလုပ်မည့် ကိစ္စနှင့် ပတ်သက်၍ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့၊ နေ့လည်ပိုင်းက ရန်ကုန်မြို့၊ ကျောက်တံတားမြို့နယ်ရှိ ဖန်တီးရာ (Phan dee yar) ရုံးခန်းတွင် သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့သည်။

 လှုပ်ရှားမှုပုံစံမှာ အနယ်နယ်အရပ်ရပ်က လူငယ်တွေအနေနှင့် မြန်မာနိုင်ငံတွင် ပြောင်းလဲသင့်သည် ဟု မိမိယူဆသည့် အချက်တစ်ခုကို ၁ မိနစ်စာ ဗီဒီယိုဖိုင်တစ်ခုပြုလုပ်ပြီး # voy4peace ဟု စာသားဖြင့် မိမိ၏ Facebook စာမျက်နှာတွင် တင်သွားရမည်ဖြစ်သည်။

 မြန်မာ့နိုင်ငံရေး ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လူငယ်များစိတ်ဝင်စားလာစေရန်နှင့် လူငယ်များ၏ ရင်ထဲက အသံကို တိုင်းပြည်ခေါင်းဆောင်များနှင့် ပြည်သူများသိရှိစေရန် ယင်းလှုပ်ရှားမှုကို ပူးပေါင်းဆောင်ရွက် ခြင်းဖြစ်သည်ဟု ဟု Blink Digital Marketing မှ ကိုဉာဏ်လင်းကပြောသည်။

"ပြောစေချင်တယ်ဗျာ၊ စိတ်ထဲမှာရှိနေတဲ့ကိုယ့်ခံယူချက်ကို တစ်ယောက်နဲ့ တစ်ယောက် ခံယူချက် တွေ လည်းမတူဘူး၊ ဒီခေတ်ကြီးမှာ ပိုတောင်များသေးတယ်၊ တစ်ယောက်နဲ့တစ်ယောက် မတူတဲ့အမြင်တွေကို ပြောရင်းနဲ့မှ သူများအမြင်တွေ သူများအသံတွေကို ကိုယ်ကကြားရမယ်၊ အဲဒီအချိန်တွေကျရင် ပြန်ချင့်ချိန်နိုင်သွားမယ်" ဟု Blink Digital Marketing မှ ကိုဉာဏ်လင်းက ပြောသည်။

 ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် လူငယ်များပါ၀င်မှု မရှိသလောက်ဖြစ်နေပြီး နိုင်ငံရေးဆွေးနွေးပွဲ များတွင် လူငယ်များသည် တောက်တိုမယ်ရပြင်ဆင်ပေးရသည့်နေရာတွင်သာ ပါ၀င်ခွင့်ရသည်ဟု Generation Wave ဥက္ကဋ္ဌ ကိုမိုဃ်းသွေးက ဆိုသည်။

"လူငယ်တွေ ပါ၀င်မှုနှုန်းက နည်းပါတယ်၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ကဏ္ဍတွေပါ၀င်ရတာက မရှိသလောက်ပဲလို့ ပြောလို့ရတယ်။ အထူးသဖြင့် လူငယ်တွေက ဘယ်လိုနေရာကပဲ ပါ၀င်ခွင့်ရနေလဲ ဆိုတော့ ၊ ဥပမာဆို ရင် ပင်လုံညီလာခံအပါအဝင် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ၊ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လူငယ်တွေက မှတ်တမ်းလိုက်တာတို့၊ နောက်ပြီးတော့ ဆွေးနွေးပွဲအတွက်   ပြင်ဆင်ပေးတာတို့ တောက်တိုမယ်ရ ပြင်ဆင်ပေးရတာ၊ ဒါမျိုးတွေပဲ ပါ၀င်ခွင့်ရတာ၊ ဆွေးနွေးရတဲ့၊ ဆုံးဖြတ်ရတဲ့နေရာတွေ မှာ ပါ၀င်ခွင့်မရှိကြဘူး" ဟု ကိုမိုဃ်းသွေးက ပြောသည်။

အချိန် ၁ လကြာမြင့်မည်ဖြစ်သည့် ယင်းလှုပ်ရှားမှုကို Generation Wave ၊ Turning Tables Myanmar ၊ အမျိုးသားလူငယ်ကွန်ဂရက်တို့က ပူးပေါင်းလှုပ်ရှားမည်ဖြစ်ပြီး၊ Blink Digital Marketing နှင့် Phan dee yar အဖွဲ့အစည်းတို့က နည်းပညာပိုင်းပံ့ပိုးကူညီမည် ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly