အမေရိကန်၏ ပိတ်ဆို့မှုသစ်က နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထိခိုက်စေလိမ့်မည်ဟု ရုရှသတိပေး

အမေရိကန်၏ ပိတ်ဆို့မှုသစ်က နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထိခိုက်စေလိမ့်မည်ဟု ရုရှသတိပေး

မော်စကို၊ ဇူလိုင် ၂၄ ။           ။ အမေရိကန်ကွန်ဂရက်လွှတ်တော်က ရုရှအပေါ် ချမှတ်ရန် ပြင်ဆင်နေသည့် ဒဏ်ခတ်ပိတ်ဆို့မှုသစ်များမှာ နှစ်နိုင်ငံစလုံး၏ အကျိုးစီးပွားကို ထိခိုက်လာစေလိမ့်မည်ဟု ရုရှက ဇူလိုင် ၂၄ ရက်တွင် သတိပေးလိုက်သည်။

"ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လုပ်နေတယ်ဆိုတာမျိုးဟာ နှစ်နိုင်ငံစလုံးရဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေမယ်လို့ ကျွန်တော်တို့ သုံးသပ်ပါတယ်။"ဟု ရုရှပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပီစကော့ဗ်က ပြောသည်။

ဇွန်လလယ်ပိုင်းက အမေရိကန် ဆီးနိတ်လွှတ်တော်သည် ရုရှအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုကို တခဲနက် အတည်ပြုခဲ့ခြင်းဖြစ်သော်လည်း အောက်လွှတ်တော်တွင် ဆွေးနွေးနေဆဲဖြစ်သည်။

လက်ရှိ၌ အောက်လွှတ်တော်က ၂၀၁၆ သမ္မတရွေးကောက်ပွဲတွင် ခြေထိုးခြင်းနှင့် ၂၀၁၄ တွင် ယူကရိန်းမှ ခရိုင်းမီးယားအား သိမ်းပိုက်ခြင်းတို့အတွက် ရုရှအပေါ် ဦးတည်သည့် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေကြမ်းအား ဇူလိုင် ၂၇ ရက်တွင် မဲပေးဆုံးဖြတ်ရန် သတ်မှတ်လျာထားပြီးဖြစ်သည်။

အနာဂတ်တွင် ရုရှအား အပြစ်ပေးအရေးယူရာ၌ သမ္မတဖြစ်သူ သက်သက်ညှာညှာလုပ်ဆောင်ခြင်းကို တားဆီးနိုင်သော၊ သမ္မတအား ကွန်ဂရက်၏ စောင့်ကြည့်မှုအောက် ထိထိရောက်ရောက် ထားရှိနိုင်သော ယင်းဥပဒေကို အစောပိုင်း၌ ဒေါ်နယ်ထရမ့်က ကန့်ကွက်လျက်ရှိခဲ့သည်။

သို့သော် ရုရှနှင့် တစ်ကြိတ်တည်း တစ်ဉာဏ်တည်းဟူသော နိုင်ငံရေးထိုးနှက်မှုများ ဖြစ်လာနိုင်ခြင်းကြောင့် ထရမ့်အနေဖြင့် အနည်းငယ် ပြောင်းလဲလာပုံရသည်။

အမေရိကန်ခေါင်းဆောင် ထရမ့်က ယင်းဥပဒေအား ချိန်ဆစဉ်းစားလျက်ရှိသည်ဟု အိမ်ဖြူတော် ဆက်ဆံရေး ညွှန်ကြားရေးမှူး အန်တိုနီစကာရမ်မော့စီက ပြောလိုက်ပြီးနောက်တွင် ရုရှအနေဖြင့် သမ္မတ ထရမ့် မည်သို့ရှေ့ဆက်လာမည်ကို စောင့်ကြည့်လျက်ရှိပါသည်ဟု ပီစကော့ဗ်က ပြောလိုက်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly