ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးကဏ္ဍ အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်

ချင်းတိုင်းရင်းသားစာပေ သင်ကြားရေးကဏ္ဍ အထောက်အကူ ပြုလုပ်ငန်းများ ဆောင်ရွက်သွားမည်

မကွေး၊ ဇူလိုင်လ ၂၄ ။            ။ မကွေးတိုင်းဒေသကြီးအတွင်း ချင်းတိုင်းရင်းသားစာပေ သင်ကြားသူဦးရေမှာ ယခင်နှစ်ကထက်(၇)ဆကျော် တိုးတက်များပြားလာပြီး သင်ကြားရေးကဏ္ဍတွင် ချင်းတိုင်းရင်းသား ဆရာ၊ ဆရာမများ ခန့်ထားရေးကိစ္စများလည်း လုပ်ဆောင် သွားမည်ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှထွန်းထံမှ သိရသည်။

၂၀၁၅-၂၀၁၆ပညာသင်နှစ်က သရက်၊ အောင်လံ၊ မင်းဘူး၊ စေတုတ္တရာ၊ငဖဲ စသည့် မြို့နယ်(၅)ခုရှိ တိုင်းရင်းသား စာပေသင် ကျောင်း(၁၉)ကျောင်း၊ ဆရာ၊ ဆရာမ(၂၃)ဦးဖြင့် ကျောင်းသားဦးရေ (၉၁၉)ဦး ကိုသာ သင်ကြားပေးနိုင်ခဲ့ သော်လည်း ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် မြို့နယ်(၁၂)မြို့နယ်အတွင်း တိုင်းရင်းသားစာပေသင် ကျောင်း(၁၅)ကျောင်း၌ ဆရာ၊ ဆရာမ (၃၁၅)ဦးဖြင့် ကျောင်းသားဦးရေ (၆၆၈၃)ဦးထိ သင်ကြားပေးနိုင်လာခဲ့ကြောင်း သိရသည်။

ချင်းတိုင်းရင်းသားတွေနေတဲ့ မြို့နယ်အားလုံးမှာ တိုင်းရင်းသားစာပေတွေဖြစ်တဲ့ ဟားခါးစာ၊ ဇိုတုန်စာ၊ ချိုချင်းစာ၊ UPPU (ခေါ်) ချင်းပုံစာ ၊ အရှိုစာတွေကို သင်ကြားပေးနိုင်ခဲ့ပါတယ်၊ ချင်းစာသင်ပေးတဲ့ ဆရာ၊ ဆရာမ(၃၁၅)ဦးအတွက် လုပ်အားခအဖြစ် တစ်လ သုံးသောင်းကျပ်နှုန်းကို မကွေးတိုင်း ဒေသကြီးပညာရေးငွေစာရင်း ခေါင်းစဉ်ထဲက ချီးမြှင့်ပေးဖို့  ညှိနှိုင်းဆောင်ရွက်ပေးနိုင်ခဲ့ပါတယ်ဟု ၀န်ကြီးဦးလှထွန်းက ပြောသည်။

ဝန်ကြီးဌာန၏ စီမံချက်အရ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးရေးရာ ပညာရေးဌာနနှင့် ညှိနှိုင်းကာ တိုင်းရင်းသားစာပေ သင်ကြားပေးသည့် ဆရာ၊ ဆရာမများကို ခန့်ထားပေးရန် စီစဉ်ဆောင်ရွက်နေကြောင်း ၄င်းမှ ဆက်လက်ပြောကြားသည်။

ချင်းစာပေသင်ကြားရေးလုပ်ငန်းများ ပိုမိုထိရောက်စေရေးအတွက် မြို့နယ်အသီးသီးတွင် ဖွဲ့စည်းထားပြီးဖြစ်သည့် စာပေနှင့်ယဉ်ကျေးမှုအသင်း(၂၀)မှ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်အချို့ ပါ၀င်စေပြီး မကွေးတိုင်းဒေသကြီးအဆင့် စာပေ နှင့်ယဉ်ကျေးမှု အသင်းဖွဲ့စည်းနိုင်ရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးရုံးမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly