ဒေါ်အောင်ဆန်းစုကြည်နှင့် KBC ခေါင်းဆောင်များ တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် KBC ခေါင်းဆောင်များ တွေ့ဆုံ
 ဓာတ်ပုံ KBC ဖေ့ဘုတ်

ချင်းမိုင်၊ဇူလိုင်လ ၂၄ ။           ။ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် (KBC) ခေါင်းဆောင်တို့ ဇူလိုင်လ ၂၄ ရက်နေ့ နေပြည်တော်တွင်   တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ဖိတ်ခေါ်ချက်အရ ဇူလိုင်လ ၁၀ နာရီမှ ၁၁ နာရီခွဲချိန်ထိ တွေ့ဆုံဆွေးနွေးမှု တွင် အဓိကအားဖြင့် ငြိမ်းချမ်းရေးနှင့် စစ်ပြေးဒုက္ခသည်များအရေးနှင့် ပတ်သက်၍   ဒေါ်အောင်ဆန်းစုကြည်ထံ တင်ပြဆွေးနွေးခဲ့သည်ဟု KBC အထွေထွေအတွင်းရေးမှူး ဒေါက်တာခလမ်ဆမ်ဆွန်က ပြောသည်။

“ငြိမ်းချမ်းရေးမှာ အဓိက အဟန့်အတား၊ အနှောင့်အယှက်တွေကဘာတွေ ဖြစ်သလဲ။ ဘာတွေ တင်ပြလိုသလဲပေါ့။ ကျနော်တို့ တင်ပြတာက ငြိမ်းချမ်းရေးမှာ အဓိကတေ့ တယောက်နဲ့တယောက် ယုံကြည်မှုနဲ့ သံသယစိတ်တွေကင်းဖို့ လိုတဲ့အကြောင်း။ အခုလို တိုက်ပွဲတွေ ဆက်ဖြစ်နေရင် ရှေ့ဆက်သွားမယ်ဆိုရင် ငြိမ်းချမ်းရေးကို နှောင့်နှေးစေတယ်။ ပြည်သူတွေ ယုံကြည်မှုတွေ နည်းသွားတာပေါ့၊ အဲဒါ တင်ပြခဲ့တယ်”ဟု သူကပြောသည်။

အဆိုပါ တင်ပြချက်များအား ဒေါ်အောင်ဆန်းစုကြည်က လက်ခံခဲ့ကြောင်း သိရပြီး အိုင်ဒီပီများ အတွက် အကူအညီများ အဟန့်အတားမရှိအောင် ဆောင်ရွက်ပေးမည့်အကြောင်း ပြောခဲ့သည်။

“သူ့ဘက်က ငြိမ်းချမ်းရေးမရှိရင် ဘာမှ လုပ်လို့မရဘူးဆိုတာ ပြောပါတယ်။ သူက ကျွန်တော်တို့ ပြောတာကို လက်ခံပါတယ်။ သူတို့အခြေခံ ဥပဒေအရ သွားနေတယ်ဆိုတဲ့အကြောင်း၊ အိုင်ဒီပီနဲ့ ပတ်သက်ပြီးတော့ အမြန်ဆုံးဆောင်ရွက်မယ်၊ ချက်ချင်းဆောင်ရွက်မယ်ဆိုတဲ့အကြောင်း ပြောပါတယ်။ ဥပမာ အိုင်ဒီပီတွေဆီသွားနေတဲ့ အကူအညီတွေ အဟန့်အတားမရှိ သွားနိုင်အောင် ချက်ချင်းဆောင်ရွက်လို့ ရတယ်ဆိုတဲ့အကြောင်း ပြောတယ်”ဟု သူက ဆက်ပြောသည်။

 KBC မှ လူမှုဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဦးဖောင်ရမ်ခါးလီက စစ်ပြေးဒုက္ခသည်များနှင့် ပတ်သက်၍ အခက်အခဲများကို တင်ပြခဲ့သလို၊ အစိုးရနှင့် KIO တို့ စစ်ရှောင်ဒုက္ခသည်များအား ပြန်လည် နေရာချထားရေး စီမံကိန်းများ လုပ်ဆောင်ရန် လိုအပ်ကြောင်း တင်ပြခဲ့သည်ဟု သူက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ဘက်မှလည်း ငြိမ်းချမ်းရေး ရရှိရန် လိုကြောင်းနှင့် KBC တွင် လူထုအင်အားဖြင့် ငြိမ်းချမ်းရေး ဖော်ဆောင်သွားစေလိုကြောင်း စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ဖြစ်ပေါ်လာရန်အတွက် ဆုတောင်း မေတ္တာပို့သလိုကြောင်း ဒေါက်တာ ခလမ်ဆမ်ဆွန်က ပြောသည်။

“ကျွန်တော်တို့အနေနဲ့ တော့ စိတ်မှန်တဲ့ ငြိမ်းချမ်းရေးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။ တိုက်ပွဲလည်း ငြိမ်းသွားစေချင်တယ်။ သူ့တို့ ဘက်က တကယ်ပဲ ကျွန်တော်တို့ ကေဘီစီက အသင်းသူအသင်းသား လူထုရှိတယ်ဆိုတော့ ဒါ လူထုအားနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမယ်ဆိုရင် အကျိုးအမြတ် ဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းတွေ ပြောသွားတယ်”ဟု သူက ပြောသည်။

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းက ဒေါ်အောင်ဆန်းစုကြည်ဘက်မှ ငြိမ်းချမ်းရေးနှင့် စစ်ရှောင်ဒုက္ခသည်များ အရေးနှင့် ပတ်သက်၍ တွေ့ဆုံဆွေးနွေးလိုကြောင်း ဖိတ်ခေါ်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

ယနေ့ ဆွေ့ဆုံမှုတွင် KBC ဥက္ကဋ္ဌ ဦးလလောက် ဂျုံးခေါင်း အထွေထွေအတွင်းရေးမှူး ဒေါက်ခလမ် ဆမ်ဆွန်၊ KBC မှ လူမှုဖွံ့ဖြိုးရေးဌာန တာဝန်ခံ ဆရာဖောင်ရမ်ခါးလီ၊ ဖားကန့်၊ ဝိုင်းမော်၊ မိုးမောက်၊ မြစ်ကြီးနား၊ ဗန်းမော်၊ ကွတ်ခိုင်စသည့် မြို့နယ်များမှ အသင်းတော်၏ တာဝန်ရှိသူများ အပါအဝင် ၁၂ ဦးတို့ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။

ငြိမ်းချမ်းရေးတွင် အဟန့်အတားဖြစ်ဖြစ်စေမှုများ၊ စစ်ရှောင်ဒုက္ခသည်များနှင့် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတို့ကို ထည့်သွင်းဆွေးနွေးခဲ့သည်ဟု KBC ၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။

အစိုးရဘက်မှ ဒေါ်အောင်ဆန်းစုကြည်၊ အတိုင်ပင်ခံရုံးဝန်ကြီး ဦးကျော်ဆင့်ဆွေ၊ ငြိမ်းချမ်းရေးကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်း၊ လူမှုကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး၊ သမ္မတရုံး ဒုဝန်ကြီး ဦးမင်းသူနှင့် အတိုင်ပင်ခံရုံး ညွန်ကြားရေးမှူး ဦးဇော်ဌေးတို့ ပါဝင်ဆွေးနွေးခဲ့သည်ဟု ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly