မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်

မစ္စယန်ဟီးလီ၏ သတင်းထုတ်ပြန်ချက်အား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုတင်
ကိုပါကြီး၏ ဇနီးဖြစ်သူ အိမ်မဲမြို့နယ်၊ ပြည်သူ့လွှတ်တော်အမတ် ဒေါ်သန္တာ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

နေပြည်တော်(ဇူလိုင် ၂၄ရက်၊ ၂၀၁၇ခုနှစ်)။ ။ ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံခရီးစဉ်နှင့်ပတ်သက်ပြီး ထုတ်ပြန်သည့် အစီရင်ခံစာအား ပြင်းထန်စွာ ကန့်ကွက်ကြောင်း အရေးကြီးအဆိုတစ်ရပ်ကို အိမ်မဲမြို့နယ်မှ NLD အမတ် ဒေါ်သန္တာက ဇူလိုင် ၂၄ရက်၊ ပြည်သူ့လွှတ်တော်အစည်းအဝေးတွင် တင်သွင်းလိုက်သည်။

မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်များသည် အစိုးရက စီမံဆောင်ရွက်နေသော အမျိုးသားရင်ကြားစေ့ရေးကို မျက်ကွယ်ပြုခြင်း၊ ကုလသမဂ္ဂနှင့်ပူးပေါင်းဆောင်ရွက်နေမှုများကို လျစ်လျူရှုထားခြင်းနှင့် ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော ပကတိ အခြေအနေမှန်များကို ထည့်သွင်းဖော်ပြထားမှု မရှိခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အရေးကြီးအဆို တင်သွင်းရခြင်းဖြစ်သည်ဟု ဒေါ်သန္တာက ပြောသည်။

“မစ္စယန်ဟီးလီက လူ့အခွင့်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ NLD ပါတီ အတိုက်အခံဘဝကတည်းက ပူးပေါင်းလုပ်ဆောင်ခဲ့တယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ရင် သူတင်တဲ့ တခြားအကြောင်းအရာတွေက အင်မတန်မှ လူထုနဲ့နီးစပ်ပြီး မှန်ကန်တယ်။ သို့သော ရခိုင်ပြည်နယ်က ပြဿနာကတော့ မြေပြင်အချက်အလက်နဲ့ ဝေးကွာနေတာတွေ ရှိတယ်” ဟု ဒေါ်သန္တာက လွှတ်တော်အစည်းအဝေးအပြီး မီဒီယာမျာ၏ မေးမြန်းမှုကို ဖြေကြားသည်။

မစ္စယန်ဟီးလီသည် ဇူလိုင် ၁၀ရက်ကစပြီး မြန်မာနိုင်ငံသို့ ရောက်ရှိလာခြင်းဖြစ်ပြီး သူမ၏ ၁၂ရက်ကြာ ခရီးစဉ်အတွင်း ပဋိပက္ခဖြစ်ပွားရာ ဒေသများဖြစ်သည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့သည်။

ခရီးစဉ်အပြီး သတင်းစာရှင်းလင်းပွဲတွင် ထုတ်ပြန်လိုက်သော မစ္စယန်ဟီးလီ၏ အစီရင်ခံစာတွင် ခရီးစဉ်အတွင်း သူမနှင့်တွေ့ဆုံခဲ့သူများသည် တာဝန်ရှိသူများကို ကြောက်လှန့်နေမှုများ ရှိသလို ကချင်နှင့် ရှမ်းပြည်နယ်ရှိ ဒေသအချို့ကို အစိုးရက လုံခြံုရေးအကြောင်းပြပြီး သွားခွင့်မပြုခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ပြင် လက်ရှိအစိုးရ၏ လုပ်ဆောင်ချက်များသည် ယခင်အစိုးရ၏ အပြုအမူများနှင့် ကွာခြားမှုမရှိ၍ စိတ်ပျက်မိကြောင်း မစ္စယန်ဟီးလီက သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကမူ မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်များသည် ယေဘုယျဆန်သည့် စွပ်စွဲချက်များနှင့် မှားယွင်းသည့် အချက်အလက်များ ပါဝင်နေကြောင်း ဇူလိုင် ၂၂ရက်တွင် ထုတ်ပြန်ချက်ခဲ့သည်။ မြန်မာအစိုးရအနေဖြင့် မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ စိတ်ပျက်ရကြောင်းလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်အပေါ် ပြင်းထန်စွာကန့်ကွက်ကြောင်း လွှတ်တော်တွင် အရေးကြီးအဆိုတင်သွင်းခဲ့သူ ဒေါ်သန္တာကလည်း “အထူးကိုယ်စားလှယ်ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားချက်ဖြစ်တဲ့ မြန်မာနိုင်ငံက ပြည်သူတွေအလွန်စိုးရိမ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ မတည်ငြိမ်မှု ပြဿနာရဲ့ နောက်ဆက်တွဲဖြစ်တဲ့ မေယုတောင်ကြောပေါ်မှာ တွေ့ရှိခဲ့တဲ့ လူလုပ်ဥမင်လိုဏ်ခေါင်း၊ လက်နက်များ၊ လေ့ကျင့်ရေးစခန်းများတွေ့ရှိမှုကိုတော့ ထိန်ချန်ထားခဲ့တာဟာ စိတ်မကောင်းဖွယ် ကြားသိရပါတယ်” ဟု ပြောဆိုသည်။

ထို့ပြင် အစွန်းရောက်များ၏ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ပြည်သူတို့ အသက်အိုးအိမ်စည်းစိမ် ဆုံးရှုံးနေရမှုကိုလည်း မစ္စယန်ဟီးလီက ပြောကြားသွားခြင်းမရှိဟု ဒေါ်သန္တာက လွှတ်တော်တွင် ပြောသည်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသတွင် ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၉ရက်၊ နံနက်ပိုင်းတွင် နယ်ခြားစောင့်လုံခြံုရေးတပ်ဖွဲ့ဝင်များ စီးနင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ် စတင်ဖြစ်ပွားပြီးနောက် ဇွန်လအထိ ရလခန့်အတွင်း အပြစ်မဲ့ပြည်သူ (၃၂)ဦး သေဆုံးခဲ့ပြီး (၂၂)ဦးပျောက်ဆုံးလျက်ရှိသည်ဟု အစိုးရက ထုတ်ပြန်ထားသည်။

မစ္စယန်ဟီးလီ၏ ထုတ်ပြန်ချက်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြံုတွေ့ခဲ့ရသော ပြဿနာများကို ဖြေရှင်းရာတွင် အစိုးရ၏ အခက်အခဲများကို ထည့်သွင်းဖော်ပြခြင်းမရှိဘဲ ယေဘုယျဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များကိုသာ ဖော်ပြထားသည်ဟု ဒေါ်သန္တာ၏ အရေးကြီးအဆိုအား ထောက်ခံဆွေးနွေးသူ ပြည်ကြီးတံခွန်မြို့နယ်အမတ် ဦးကျော်စိုးလင်းက ဆိုသည်။

ဒေါ်သန္တာ တင်သွင်းသည့် အရေးကြီးအဆိုအပေါ် ရခိုင်အမျိုးသားပါတီမှ မြောက်ဦးမြို့နယ်အမတ် ဦးဦးလှစောကလည်း “ကျွန်တော်တို့က ယန်ဟီးလီရဲ့ သဘောထားမမှန်မှုအပေါ်မှာ အမြဲတမ်း ဆန့်ကျင်ပြီး ပြောခဲ့တယ်။ အခု ယန်ဟီးလီရဲ့ သဘောထားမမှန်ဘူးလို့ ကျွန်တော်တို့ အခိုင်အမာ ယုံကြည်ထားတဲ့အပေါ်မှာ NLD က ပြည်သူ့လွှတ်တော်တစ်ယောက်အနေနဲ့ ဒီအဆိုကို တင်လာတဲ့အတွက်ကြောင့် မသန္တာကို ကျေးဇူးတင်ပါတယ်” ဟု ပြောသည်။

လာမည့် အောက်တိုဘာလအတွင် ကျင်းပမည့် ကုလသမဂ္ဂညီလာခံတွင် မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ တွေ့ရှိချက် အစီရင်ခံစာကို မစ္စယန်ဟီးလီက အစီရင်ခံစာ တင်သွင်းမည် ဖြစ်သည်။

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly