ပင်လယ်ထဲ မျောပါနေတဲ့ ဆင်နှစ်ကောင်ကို သီရိလင်္ကာရေတပ် ကယ်ဆယ်

ပင်လယ်ထဲ မျောပါနေတဲ့ ဆင်နှစ်ကောင်ကို သီရိလင်္ကာရေတပ် ကယ်ဆယ်

ဇူလိုင် ၂၄ ။                  ။ သီရိလင်္ကာနိုင်ငံမှာ ဇူလိုင် ၂၃ ရက်က ပင်လယ်တွင်း မျောပါနေခဲ့တဲ့ ဆင်နှစ်ကောင်ကို တွေ့ရပြန်လို့ သက်ဆိုင်ရာက သွားရောက်ကယ်တင်ခဲ့ရတဲ့   ဖြစ်စဉ်တစ်ခု   ဖြစ်ပွားခဲ့ပြန်ပါတယ်။

ယင်းနိုင်ငံမှာ မကြာသေးမီကပဲအလားတူ ဖြစ်စဉ်မျိုးတစ်ခု ဖြစ်ထားခဲ့သေးပြီး ယခုတစ်ကြိမ်မှာလည်း ထပ်မံကြံုတွေ့ခဲ့ရတာဖြစ်ပါတယ်။

ဇူလိုင်လ ၂၃ ရက်က နိုင်ငံကမ်းရိုးတန်းအပြင်ဘက် တစ်ကီလိုမီတာအကွာခန့် ပင်လယ်ထဲမှာ ဆင်ရိုင်းနှစ်ကောင် မျောပါနေတာကို တွေ့ခဲ့ရပြီးနောက် သွားရောက်ကယ်ဆယ်ခဲ့ရတာဖြစ်တယ်လို့ သီရိလင်္ကာရေတပ်က ပြောပါတယ်။

" ကျွမ်းကျင်ရေငုပ်သမားတွေ၊ ကြိုးတွေ၊ ရေယာဉ်တွေနဲ့အတူ ဒီဆင်တွေကို ဘေးကင်းစွာနဲ့ပဲ ကမ်းကို ခေါ်လာနိုင်ခဲ့ပါတယ်၊  ဒီဆင်တွေကို Foul Point တောထဲ သွားလွှတ်ပေးမှာဖြစ်ပါတယ်" လို့ ရေတပ်ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

" ဒီဆင်လေးတွေက ကံကောင်းခဲ့တာပါ၊ သူတို့ ပင်လယ်ထဲ မျောနေတာကို ကင်းလှည့်ရေယာဉ်တစ်စင်းက လှမ်းတွေ့ခဲ့လို့ အကူအညီခေါ်ပြီး သွားကယ်နိုင်ခဲ့တာပါ" လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ယင်းနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်ပတ်အကြာလောက်ကလည်းပဲ အလားတူ ဖြစ်စဉ်မျိုးတစ်ခု ဖြစ်ထားခဲ့သေးပြီး ယင်းတုန်းကလည်း နိုင်ငံကမ်းရိုးတန်းအပြင်ဘက် ရှစ်ကီလိုမီတာအကွာ ပင်လယ်ပြင်တွင်းမှာ မျောနေခဲ့တဲ့ ဆင်တစ်ကောင်ကို သွားကယ်ထားခဲ့ရတာဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly