လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၁)

24 July 2017
လယ်ယာမြေတွေ ရေနစ်မြုပ်မှုကြောင့် လယ်သမားတွေရဲ့ နစ်နာဆုံးရှုံးမှုတွေကို ဘယ်လို ကုစားနိုင်မလဲ (အပိုင်း ၁)

ကိုအောင်သူရ (Moderator)

မဇ္ဈိမမီဒီယာ

ရာသီဥတုဖောက်ပြန်မှုတွေ ဆိုးဝါးတဲ့ ရာသီဥတုဒဏ်တွေဟာ မြန်မာနိုင်ငံရဲ့ အဓိကစီးပွားရေးဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးကဏ္ဍကို များစွာ ထိခိုက်လျက်ရှိပါတယ်။ မှတ်မှတ်ရရဆိုရင် ၂၀၁၅ ခုနှစ် ဇွန်လက စတင်ခဲ့တဲ့ တစ်နိုင်ငံလုံး အတိုင်းအတာအရ မိုးကြီး ရေလျှံမှုတွေက နိုင်ငံရဲ့ လယ်ယာမြေကဏ္ဍကို တော်တော်များများ ဧက သိန်းသန်းနဲ့ချီပြီးတော့ ထိခိုက်ပျက်စီးမှုတွေ ရှိခဲ့ပါတယ်။

အဲဒီရဲ့ နောက်ဆက်တွဲအနေနဲ့ နိုင်ငံရဲ့ ကုန်သွယ်ရေး ပြောင်းလဲမှုတွေ ဖြစ်ပေါ်ခဲ့သလို ဆန်စပါးစျေးကြီးမြင့်မှုတွေကလည်း ဖြစ်ပေါ်ခဲ့ပါတယ်။ အခုတစ်ပတ် Mizzima Dialouge TV Show ကနေ လယ်ယာကဏ္ဍ ရာသီဥတု ဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေကို ရေရှည်စီမံကိန်းအနေနဲ့ ဘယ်လိုကာကွယ်သင့်သလဲ အဲဒီအတွက် အစိုးရက ဘယ်လိုအစီအမံတွေ ချမှတ်သင့်သလဲဆိုတာကို   ဆွေးနွေးမှာဖြစ်ပါတယ်ခင်ဗျ။

ဒီဆွေးနွေးပွဲအတွက်ကို ကျွန်တေ်ာ ဖိတ်ခေါ်ထားတဲ့လူတွေကတော့ ရေအရင်းမြစ် အင်ဂျင်နီယာဖြစ်သူ ဆရာဦးဝင်းမြင့်။ နောက်ပြီးတော့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂရဲ့ တာဝန်ရှိသူ တစ်ဦးဖြစ်သူ အဖွဲ့ဝင်ဖြစ်သူ ဦးစောကျောကျော်မင်းကိုလည်း ဖိတ်ခေါ်ထားပါတယ်ခင်ဗျ။ ကျွန်တော်ကတော့ ဒီအစီအစဉ်ကို မေးခွန်းတွေ မေးမြန်းတင်ဆက်ပေမယ့် မဇ္ဈိမ မီဒီယာရဲ့ စီးပွားရေးဌာန ထုတ်လုပ်သူ ကိုအောင်သူရ ဖြစ်ပါတယ်ခင်ဗျ။

ဆရာတို့အားလုံး မင်္ဂလာပါခင်ဗျာ။ ဒီ မဇ္ဈိမ စကားဝိုင်းဆွေးနွေးပွဲမှာ ပါဝင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်လို့ အရင်ဆုံး ပြောချင်ပါတယ်ခင်ဗျ။ ဆိုတော့ မှတ်မှတ်ရရဆိုရင် ၂၀၁၅ ခုနှစ် ဇွန်လတုန်းက ကျွန်တော်တို့နိုင်ငံရဲ့ ရေကြီးဆုံးရှုံးမှုတွေက နိုင်ငံအတွင်းမှာ အများကြီး သက်ရောက်ခဲ့တယ်ပေါ့နော်။ ဧက သိန်းနဲ့ သန်းနဲ့ချီပြီးတော့လည်း ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တယ်လို့ အစိုးရရဲ့ ထုတ်ပြန်ချက်တွေမှာလည်း တွေ့တယ်ခင်ဗျ။ ၂၀၁၆ ခုနှစ်မှာလည်း ရေကြီးမှု ထပ်ဖြစ်ခဲ့တယ်။ ၂၀၁၅ လောက်မဆိုးပေမယ့် ၂၀၁၆ မှာ ရေကြီးမှု သက်ရောက်မှုကလည်း အဲဒီတုန်းက ဆန်စျေးတွေကလည်း ကြီးခဲ့တယ်။ ကုန်သွယ်ရေး ပျက်ပြားမှုတွေလည် မြင့်တက်ခဲ့တယ်ပေါ့။ ပြီးတော့ ပြည်တွင်းမှာ ဆန်တွေဘာတွေဆိုရင်လည်း ပြည်ပကို ထုတ်မရောင်းဖို့ ခဏတာ တားဆီးခဲ့တဲ့ အချိန်တွေလည်း ဖြစ်ခဲ့တာပေါ့နော်။ ဒါက အခိုက်အတန့်ပေါ့။

ဒါပေမယ့် ရာသီဥတု သက်ရောက်မှုတွေကလည်း ထင်ထင်ရှားရှားနဲ့ ဒီဘက်ခေတ်မှာ ဖြစ်ပေါ်လာတာလည်း တွေ့ရတယ်။ ဆိုတော့ မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂက ဦးစောကျော်ကျော်မင်းကို အရင်ဆုံး မေးချင်တာက အဲဒီ လွန်ခဲ့တဲ့ ၂ နှစ်လောက်က ဖြစ်ပေါ်ခဲ့တဲ့ သက်ရောက်မှုတွေက လက်ရှိအခြေအနေမှာ ဘယ်လောက်တောင် ဆိုးဆိုးဝါးဝါး ကျန်ရှိသေးလဲ။ အဲဒီတုန်းက အခြေအနေကရော ဘယ်လောက်ထိ ပျက်စီးဆုံးရှုံးခဲ့တာရှိလဲခင်ဗျ။ အဲဒါလေး သိချင်ပါတယ်။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

ဟုတ်ကဲ့။ ၂၀၁၅ ခုနှစ်တုန်းကဆိုရင် ရေကြီးမှုက ကြီးကြီးမားမား ဖြစ်ခဲ့တယ်ဆိုတဲ့ အနေအထားမျိုး ကျွန်တော်တို့ လေ့လာလို့ရပါတယ်။ ၂၀၁၅ ခုနှစ်မှာ ရေလွှမ်းမိုးမှု ဧရိယာ ဧကက တစ်သန်းခွဲရှိပြီးတော့ အဲဒီမှာမှ စပါး ပျက်စီးဆုံးရှုံးမှုက ၁ ဒဿမ ၂ သန်းထိ ဆုံးရှုံးခဲ့တယ်ဆိုတာ အစိုးရက တရားဝင် ထုတ်ပြန်ထားတာ ရှိပါတယ်။ နောက်တစ်ခုကလည်း ဒီလိုမျိုး ရေလွှမ်းမိုးတဲ့နေရာတွေ အထူးသဖြင့် ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ ရခိုင်နဲ့ စစ်ကိုင်းတိုင်းတွေမှာ အများဆုံး ရေလွှမ်းမိုးမှုတွေ ဖြစ်ခဲ့တာပါ။ ဆိုတော့ ဒီလိုမျိုး ရေလွှမ်းမိုးမှုတွေဖြစ်လာတာ အခုဆိုရင်တော့ ၂၀၁၆ မှာဆိုရင်လည်းပဲ ဖြစ်တယ်။ အဲတော့ ၂၀၁၅ မှာ ရေလွှမ်းမိုးမှုတွေ ဖြစ်လာတဲ့အခါမှာ ပြည်ပဆန်တင်ပို့မှုအတွက်ကို တစ်လကျော်ကျော် ခုနက ဆရာဆွေးနွေးသွားခဲ့သလို တစ်လကျော်ကျော် ရပ်ဆိုင်းထားတယ်။ နောက်ပြီးတော့ ကုန်သွယ်မှု လိုငွေပြမှုတွေလည်း မြင့်တက်တာတွေ ဖြစ်ခဲ့တယ်။ ဆိုတော့ အခု ၂၀၁၆ ခုနှစ်မှာလည်းပဲ ရေလွှမ်းမိုးမှုတွေ တွေ့နေရတယ်။ အဓိကကတော့ မကြာမီရက်ပိုင်းအတွင်းမှာပဲ ချင်းတွင်းမြစ်ရေ မြင့်တက်မှုတွေလည်း တွေ့လာရပြီ ရေလွှမ်းမိုးမှုတွေလည်း ရှိလာပြီဆိုတော့ ဒါက အဓိက ဘာလဲဆိုတော့ ကျွန်တော်တို့နိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ပိုုင်းဆိုရာတွေက ပျက်ဆီးယိုယွငး်လာတဲ့အတွက် ဒါတွေက ရှိလာမယ့်အနေအထားမျိုးတွေ အများကြီးရှိပါတယ်။ ဒါ အမျိုးသားရေးပြဿနာလို့တောင် ပြောလို့ရပါတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ရေရဲ့သက်ရောက်မှုက တော်တော်ကြီးပါတယ်။ မြန်မာနိုင်ငံမှာကလည်း လယ်ယာစိုက်ပျိုးရေးကဏ္ဍက အဓိကစီးပွားရေးအနေနဲ့ မောင်းနှင်နေတယ်ဆိုတော့ ဒီသက်ရောက်မှု ကြံုတိုင်းကြံုတိုင်း စီးပွားရေးကလည်း ထိခိုက်တာ ဆိုးလာတယ်ပေါ့နော်။ ဆိုတော့ ရာသီဥတုဖောက်ပြန်တယ် သဘာဝပတ်ဝန်းကျင်တွေ ဆုံးရှုံးမှုတွေကနေ ဖြစ်ပေါ်လာတယ်လို့ ကိုစောကျော်ကျော်မင်းက ပြောသွားတယ်ခင်ဗျ။ ဆရာဦးဝင်းမြင့်ကလည်း ဒီ ရေအရင်းမြစ် အင်ဂျင်နီယာ ဖြစ်တဲ့အတွက်ကြောင့်မို့ ဒီက ရာသီဥတု ဖောက်ပြန်မှုတွေက ဘာကြောင့် ဖြစ်နေတာလဲ။ မြန်မာနိုင်ငံမှာ ဒီဖောက်ပြန်မှုတွေ ရေကြီးမှုတွေက အခု ၂ နှစ် ၃ နှစ်အတွင်းမှာ ထင်ထင်ရှားရှား ဆိုးဆိုးဝါးဝါး ကြံုတွေ့နေရတယ်။ ဆိုတော့ ကလေးမှာဆိုရင်လည်း ၂၀၁၅ ခုနှစ်တုန်းက ရေကြီးမှုမှာဆိုရင် ဆိုင်းဘုတ်တွေဘာတွေ မြုပ်သွားတာတွေဘာတွေ မြို့အဝင်ဆိုင်းဘုတ်ပေါ့နော် တစ်ခါမှ မမြင်ဖူးဘူး ကျွန်တော်တို့ မြင်ခဲ့ရတယ်ပေါနော်။ ဆိုတော့ ဆိုးဝါးတယ်။ ဒါ ဘာကြောင့် မြန်မာနိုင်ငံမှာ ကြီးကြီးမားမား ဖြစ်လာရတာလဲ ဘယ်လိုလေ့လာလဲ ဆရာ ဘာများပြောချင်လဲ။

ဦးအေးမြင့် (ရေအရင်းအမြစ် အင်ဂျင်နီယာ)

အဲတော့ ကျွန်တေ်ာတို့ အများလည်း သိထားပြီးသားအချက်ပေါ့နော်။ ဒါ ကျွန်တော်တို့က Global Village မှာ နေနေတဲ့ နိုင်ငံဖြစ်နေတော့  တစ်ကမ္ဘာလုံးဖြစ်နေတဲ့ အားလုံးပြောကြတဲ့ Global One ရဲ့ အဖက်တွေကြောင့် တစ်ကမ္ဘာလံးရဲ့ ရာသီဥတု Pattern တွေက တော်တော်များများ ပျောက်သွားတယ်။ ကမ္ဘာကြီး ပူနွေးလာတဲ့အချက်က သိသိသာသာ ဒါက မလွဲမသွေ ဖြစ်နေတာပေါ့နော်။ ဖြစ်နေတာ လက်တွေ့တွေ့နေတာက ကျွန်တော်တို့ ၂၀၁၅ တုန်းက တွေ့ရတဲ့ဟာမျိုးပေါ့နော်။ ဒါက ကျွန်တော်တို့ တစ်ကမ္ဘာလုံးဖြစ်နေသလိုပဲ ရာသီဥတု ဖောက်လွဲဖောက်ပြန်မှုတွေ ဖြစ်နေတဲ့အခါကျတော့ ကျွန်တော်တို့နိုင်ငံကလည်း ရှောင်လွှဲလို့မရဘူး။ အဲတော့ ၂၀၁၅ ဖြစ်ခဲ့တဲ့အချိန်တုန်းကဆို ကျွန်တေ်ာတို့က ရွာချတဲ့မိုးကို ကိန်းကဏန်း အတိအကျ မပြောနိုင်ရင်တောင် အကြမ်းမျဥး်သိထားတာဆိုရင် ပုံမှန်ရွာတာထက် ပြောရရင် စစ်ကိုင်းတိုင်းထဲမှာ ရွာတဲ့ မိုးတွေက ပုံမှန် ရွာလေ့ရွာထရှိတဲ့ မိုးရေချိန်ထက် များခဲ့တယ်။ မိုးရေချိန်လက်မပေါ့။ မိုးရေချိန်လက်မဆိုတဲ့နေရာမှာ တစ်နေ့ ရွာတဲ့ မိုးရေချိန်လက်မပေါ့နော်။ အဲဒါက တော်တော်ကို များတယ်။ များခဲ့ရုံတင်မကဘူး ကျွန်တေ်ာတို့က ဘင်္ဂလားပင်လယ်အော်နဲ့လည်း နီးစပ်နေတဲ့အခါကျတော့ မုန်တိုင်းအလာနဲ့ မိုးများတာနဲ့ တိုက်ဆိုင်ကြံုတွေ့တာလည်း ပါတာပေါ့နော်။ အဲလိုပါတဲ့အခါကျတော့ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က စစ်ကိုင်းမှာ ရာသီဥတုကြောင့်ဖြစ်သွားတဲ့ ရေကြီးမှုက ကျွန်တော်သိသလောက် ကျွန်တော်တို့တစ်သက်မှာ မကြံုဖူးလောက်အောင် မကြံုဖူးတာဆိုရင်တော့ ကျွန်တော်တို့ ဆည်မြောင်းမှာလုပ်လာတာ နှစ်ပေါင်း ၃၅ နှစ် အနားယူတာ ၁၀ နှစ် ဒီလိုကာလအတွင်းမှာ ကျွန်တော်တို့ ဆည်မြောင်းဌာနအတွင်းမှာဆိုရင် ဆည်တွေ ကန်တွေ ဆောက်နေတာ အများကြီးပေါ့နော်။ ၂၀၀ ကျော် ၃၀၀ နီးပါးလောက် ရှိနေပြီပေါ့။ ဆိုတော့ ကျွန်တော်တို့ ဘယ်တုန်းကမှ မဖြစ်ဖူးတဲ့ ဆည်ကြီးတွေမှာ ရေကျော်တယ်ဆိုတာ ကျွန်တော်တို့ တစ်သက်မှာ တစ်ခါမှ မကြားခဲ့ဖူးဘူး။ သာမန် ကျေးရွာကနေပြီးတော့ ကိုယ်ထူကိုယ်ထဆောက်တဲ့ အသေးလေးတွေတော့ ဖြစ်ကောင်းဖြစ်ပြီး ကျိုးတာပေါက်တာတော့ ရှိပါတယ်။ တကယ့် ဆည်အကြီးစားကြီးတွေမှာ ဒီလိုရေကျော်တယ်ဆိုတာ ကျွန်တော်တို့တစ်သက်မှာ မရှိပါဘူး။ ကျွန်တေ်ာတို့ရဲ့ လူကြီးသူမ ဆရာကြီးတွေကို မေးတာလည်း မရှိပါဘူး။ ဆိုတော့ အဲဒါက တော်တော်ကို ထူးရှားတဲ့ဟာပေါ့နော်။ ကျွန်တော်တို့က အနားယူသော်လည်းပဲ ကိုယ့်ဌာနက လူတွေ လုပ်ကိုင်နေတာကိုကြည့်ပြီးတော့ ရင်တမမနဲ့ပေါ့။

ဆိုလိုတာက ကျွန်တော်တို့ ဆည်တစ်ခု ပေါက်ပြီဆိုရင် သာမာန် ရေကြီးနေတာပေါ့နော် ရေကြီးတော့ ဆည်မှာရေပြည်တယ်။ ရေပြည့်တော့ ဆည်ဘောင်ကိုကျော်သွားတယ်။ ကျော်ပြီးတော့ တကယ်တမ်းဆိုရင် ဆည်သာ မခိုင်ခန့်လို့ရှိရင် ပုံမှန် ပြီးခဲ့တဲ့ ၂၀၁၅ ရေကြီးတာထက်ကို ဒီထက် အဆပေါင်းများစွာ အောက်မှာရှိတဲ့ ဆရာတို့လည်းသိမှာပါ ဆည်ကြီးတွေ ကျိုးပေါက်လို့ကတော့ ကျွန်တော်တို့ အောက်မှာ မတွေးရဲလောက်အောင် အဲဒါက မင်းမြင်ဆည်မှာ ဖြစ်ခဲ့တာပါ။ အဲလိုဖြစ်သလိုပဲ ကျွန်တော်တို့ မုန်းကျောင်းတမံမှာလည်း ကျော်လုကျော်ခင် ဒါတောင်မှ ကျွန်တော်တို့က ရေကျော်ဖို့ အမြင့်သတ်မှတ်ထားတာက ကျော်မယ့်ဟာထက် ရေကျော်ဖို့ပေးထားတာက ပေ ၄၀ လောက်ရှိတယ်။ အဲဒီမှာဆိုရင် ၃၆ ပေလောက်ထိ ဘယ်တုန်းကမှ မဖြစ်ဖူးခဲ့တဲ့ ရေကြီးလာတယ်။ လေးပေပဲကျန်တော့တယ်။ အဲဒါက ၂၀၁၅ မှာ ဖြစ်ခဲ့တာ။ အဲလိုဖြစ်ခဲ့တဲ့အခါမှာ ကျွန်တော်တို့ရဲ့ မုန်းကျောင်းတမံ ဖြစ်ပြီးတော့ ကြီးအုံကြီးဝ တမံမှာဆိုလို့ရှိရင် ကျွန်တော်တို့ ရေပိုလွှဲဆိုတာက ဆည်တွေမှာ ရေလှောင်တဲ့အခါ သတ်မှတ်တဲ့အမြင့်ပေါ့။ သတ်မှတ်တဲ့အမြင့် ရေလှောင်ပြီးတော့ ကျော်လာလို့ရှိရင် ရေကျော်ဖို့အတွက် ရေကျော်တဲ့အမြင့်သည် တမံကိုမကျော်ရဘူး။ ကျွန်တော်တို့မှာ မကျော်အောင်လို့ သတ်မှတ်ထားတဲ့ အကွာအဝေးလေးရှိတယ်။ ဆိုတော့ အဲဒီမှာ ရေက တော်တော်များများ ကျော်သွားတဲ့အခါကျတော့ ရေပိုလွှဲအောက်မှာ လှိုက်စားပြီးတော့ ပြိုပျက်သွားတာတွေ တော်တော်တွေ့ရတယ်။ အဲဒါတွေက ၂၀၁၅ ရဲ့ အဆိုးဝါးဆုံး ခံစားလိုက်ရတဲ့ဟာ။ အဲဒီတုန်းက ကျွန်တေ်ာပြောသလို ဆည်ကျိုးပေါက်လို့ကတော့ အောက်မှာ မတွေးဝံ့လောက်အောင် မုန်းကျောင်းတမံလည်း ဒီလိုပဲ အလားတူပဲ ကျွန်တော်တို့ ရာဇကြိုဆည်မှာလည်း ဖြစ်ခဲ့တယ်။ ရာဇကြိုဆည်မှာဆို ဘယ်လောက်ထိဖြစ်ခဲ့လဲဆိုရင် အထူးသဖြင့် အပေါ်ကသစ်ပင်တွေ မျောပါလာပြီးတော့ ရေပိုလွှဲမှာ ပိတ်ဆို့ပြီးတော့ သူလည်း ကျော်လုကျော်ခင် စိုးရိမ်ရတဲ့ အနေအထားတွေ ဖြစ်ခဲ့ပါတယ်။

ခုနကလို ကလေးမှာ ရေကြီးပြီးတော့ နုံးတွေ လူတစ်ရပ်လောက်ထိ ဖြစ်သွားတာတွေ ချင်းတောင်မှာဖြစ်တဲ့အဖြစ်တွေ ဒါတွေက ကျွန်တော်တို့ ပြောရရင်တော့ ရာသီဥတု ဖောက်ပြန်တဲ့ ရလဒ်တွေလို့ ကျွန်တော်တို့ ပြောလို့ရတယ်ပေါ့နော်။ ခုနကဆရာပြောတဲ ့ဘာလုပ်လဲဆိုတော့ ၂၀၁၅ ဖြစ်ပြီး ၂၀၁၆ မှာ ကျွန်တော်တို့ သက်ဆိုင်ရာနဲ့ ဌာနဆိုင်ရာတွေကလည်း ပံ့ပိုးမှုနဲ့ ဒါတွေကို ကုစားပြီးတော့ ပြင်ပြီးသွားပါပြီ။ နောင် ဒီလိုမဖြစ်အောင်တော့ ပြင်ထားပါတယ်။

ကိုအောင်သူရ

မဇ္ဈိမမီဒီယာ

ဟုတ်ကဲ့ခင်ဗျာ။ ဆိုတော့ ဦးစောကျော်ကျော်မင်းကို ကျွန်တော်ဆက်မေးချင်တာက အဲဒီအချိန်တုန်းက ခံစားခဲ့ရတာက လယ်ယာလုပ်ငန်းခွင် ထိခိုက်တယ်ဆိုရင် တောင်သူလယ်သမားတွေက ထိခိုက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့တာပေ့ါနော်။ ဆိုတော့ ဘယ်လောက်ထိအောင် သူတို့ ဆုံးရှုံးနစ်နာမှုတွေ ရှိလဲ။ အဲဒါကို ဘယ်လိုမြင်ရလဲ။ အကို ပြောပြပေးပါ။

ဦးစောကျော်ကျော်မင်း

မြန်မာနိုင်ငံ တောင်သူလယ်သမား အဖွဲ့ချုပ်

အဓိကအားဖြင့်တော့ ဒီ ပျက်စီးဆုံးရှုံးမှုတွေကတော့ ဒီလိုမျိုး ရေလွှမ်းမိုးမယ်ဆိုရင် သီးနှံတွေ ဆုံးရှုံးတာတွေ ဒါတွေကတော့ ရှိတာပေါ့လေ။ ခုနက ကျွန်တော်ဆွေးနွေးသွားသလိုပဲ ထုတ်ပြန်ချက်တွေလည်း အစိုးရက ထုတ်ပြန်ထားတာတွေ ရှိခဲ့တယ်။ ပျက်စီးဆုံးရှုံးမှုတွေတော့ရှိတယ် အဲဒီမှာ ဘာ သက်သာခွင့်ရလဲဆိုတဲ့ အပိုင်းက ဒါက နည်းနည်း အရေးကြီးတယ်။ ကျွန်တော်တို့ ရေရှည်ဆွဲနေတဲ့ အစွဲက သဘာဝပတ်ဝန်းကျင်ဖြစ်ပြီဆိုရင် ကျွန်တော်တို့တွေက ကံကိုပဲ ပုံချကြတယ်ပေါ့လေ။ ဆိုလိုတာကတော့ ဒါ ကံကြောင့်ဖြစ်လာတာ။ ဘယ်သူ့မှာ တာဝန်ရှိလဲဆိုတော့ ကိုယ့်ကံကြောင်ဆိုတဲ့ အနေအထားမျိုးတွေပေါ့။

သို့သော်ငြားလည်း ဒီ တောင်သူလယ်သမားတွေရဲ့ အကျိုးစီးနဲ့ ပတ်သက်လာလို့ရှိရင် ကာကွယ်ပေးဖို့အတွက်ကလည်းပဲ နိုင်ငံတော်ရဲ့ အဓိက တာဝန်ရှိတဲ့အပိုင်းတွေလည်း ခုနောက်ပိုင်း စဉ်းစားချက်တွေလည်း ရှိလာတယ်။ ရှိလာတယ်ဆိုတဲ့အခါကျတော့ အဲလိုမျိုး ရှိလာတဲ့အတွက်လည်းပဲ ၂၀၁၃ ခုနှစ်မှာဆိုုလို့ရှိရင် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်ရေးနဲ့ အကျိုးစီးပွား မြင့်တင်ရေး ဥပဒေဆိုတာကို ပြည်ထောင်စု လွှတ်တော်ကနေပြီးတော့ ဥပဒေအမှတ် ၃၂ အနေနဲ့ ပြဌာန်းပြီးတော့ ထုတ်ပြန်ထားတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီဥပဒေထဲမှာဆိုလို့ရှိရင် ဒီလိုမျိုး သဘာဝဘေးအန္တရာယ်တွေ ဖြစ်လာခဲ့ပြီဆိုရင် အစိုးရတစ်ရပ်ကနေ ဘယ်လို ဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်းတွေ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကနေပြီးတော့ ဘယ်လိုဆောင်ရွက်ရမယ်ဆိုတဲ့ အပိုင်တွေကို ပြဌာန်းထားတာကို တွေ့လာရတယ်။ လေ့လာရတယ်ပေါ့။ ဆိုတော့ ပျက်ဆီးဆုံးရှုံးမှုတွေ ရှိလာတာနဲ့အမျှ အဲဒီ ပျက်စီးဆုံးရှုံးမှုတွေကို ပြန်ပြီးတော့ ကုစားပေးဖို့အတွက်ကိုလည်း ကျွန်တော်တို့နိုင်ငံမှာ ဥပဒေတစ်ရပ်တော့ ရှိနေပြီဆိုတာ ဒါလေးကိုတော့ ဆွေးနွေးချင်ပါတယ်။

Mizzima Weekly