အာဖဂန်နစ္စတန်မှာ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် ၂၄ ဦးထက်မနည်း သေဆုံး

အာဖဂန်နစ္စတန်မှာ အသေခံကားဗုံးခွဲ တိုက်ခိုက်မှုတစ်ခုကြောင့် ၂၄ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၂၄ ။                 ။ အာဖဂန်နစ္စတန်နိုင်ငံ မြို့တော် ကာဘူးလ်မှာ ဇူလိုင်လ ၂၄ ရက်က တာလီဘန်တို့လုပ်ဆောင်ခဲ့တဲ့ အသေခံကားဗုံးခွဲတိုက်ခိုက်မှုတစ်ခု ဖြစ်ခဲ့လို့ အနည်းဆုံး လူပေါင်း ၂၄ သေဆုံးပြီး ၄၂ ဦး ဒဏ်ရာရရှိသွားပါတယ်။

ကာဘူးလ်မြို့ အနောက်ပိုင်းမှာ အစိုးရဝန်ထမ်းတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားတစ်စီး ပစ်မှတ်ထားတိုက်ခိုက်ခံခဲ့ရတာဖြစ်ကြောင်း အာဖဂန်တာဝန်ရှိသူတွေက ပြောပါတယ်။

" ကားဗုံးက သတ္တုတွင်းဝန်ကြီးဌာနက ၀န်ထမ်းတွေ လိုက်ပါလာတဲ့ ဘတ်စ်ကားကို အဓိကထိမှန်ခဲ့တာပါ၊ မနက် ရုံးတက်ချိန် မှာ ဖြစ်တာပါ" လို့ အာဖဂန် ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဘ် ဒန်နစ်ရှ်က အေအက်ဖ်ပီကို ပြောပါတယ်။

ယခု ဖြစ်စဉ်ကြောင့် သေဆုံးသူဦးရေ ထပ်တိုးလာနိုင်နေသေးကြောင်းလည်း ၎င်းက ပြောပါတယ်။

ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သတ္ထုတွင်းဝန်ကြီးဌာနပိုင် ကားတစ်စီး၊ အရပ်သားပိုင် ကားသုံးစီးနဲ့ စျေးဆိုင် ၁၅ ဆိုင် ပျက်စီးသွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ယင်း ကားဗုံးခွဲတိုက်ခိုက်မှု မိမိတို့လက်ချက်ဖြစ်ကြောင်း တာလီဘန်တို့က ထုတ်ဖော်ခဲ့ပါတယ်။

ယင်းနိုင်ငံမှာတော့ ပြီးခဲ့တဲ့ ရက်တွေအတွင်း တာလီဘန် စစ်သွေးကြွအဖွဲ့က တိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေခဲ့ရာမှာ ယခုတစ်ကြိမ်ကတော့ မြို့တော်မှာ   နောက်ဆုံးပေါ်ပေါက်လာခဲ့တဲ့   ဖြစ်စဉ်တစ်ခုလည်း ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly