မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးမှဖယ်ရှားပေးရန် ဒေသခံတောင်သူများ ဆန္ဒပြ

မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူး ရာထူးမှဖယ်ရှားပေးရန် ဒေသခံတောင်သူများ ဆန္ဒပြ

မတ္တရာ၊ဇူလိုင် ၂၄ ။           ။ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ် အုပ်ချုပ်ရေးမှူးအား ရာထူးမှ ဖယ်ရှားပေးရန် ဒေသခံတောင်သူများက ဇူလိုင်လ ၂၄ ရက်၊နံနက် ၁၁ နာရီတွင် မတ္တရာမြို့၌ ဆန္ဒပြခဲ့ကြသည်။

ထိုသို့ဆန္ဒပြရခြင်းမှာ မတ္တရာမြို့နယ်အတွင်းရှိ သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်နေသည့်တောင်သူခေါင်းဆောင်များကို ၂၀၁၇ခုနှစ်၊ဇူလိုင်လ ၁၇ ရက်က မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစွမ်းထက်ဝေက တောင်သူအစစ်များ မဟုတ်ကြောင်း၊ အမှုပွဲစားများဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့ပြီး တိုင်းအစိုးရအဖွဲ့ထံသို့လည်း မဟုတ်မမှန် သတင်းများ တင်ထားခြင်းတို့ကို မကျေနပ်သောကြောင့် ဆန္ဒပြခြင်းဖြစ်သည်ဟု ဦးဆောင်သူ ကိုရဲရင့်အောင်ကဆိုသည်။

ထိုသို့စွပ်စွဲပြောဆိုခဲ့ခြင်းသည် တောင်သူများ၏ ဂုဏ်သိက္ခာကိုကျဆင်းစေသလို လက်ရှိ သပိတ်စခန်းဖွင့် တောင်းဆိုနေသည့်တောင်သူများနှင့် တိုင်းဒေသကြီးအစိုးရကြားတွင် နားလည်မှုလွဲမှားစေပြီး ဖြေရှင်းရန်အခက်အခဲများ ဖြစ်ပေါ်လာနိုင်သည်ဟုလည်း ဆန္ဒပြတောင်သူများကဆိုသည်။

"သူ့ပြောဆိုမှုတွေကြောင့် ကျွန်တော်တို့ တောင်သူအချင်းချင်း စိတ်ဝမ်းကွဲတာတွေ ဖြစ်နိုင်ပါတယ်။ သူ့ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး တာဝန်ယူရပါမယ်"ဟု ကိုရဲရင့်အောင်ကပြောသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူ ကိုမောင်စိုးကလည်း တောင်သူနဲ့ အစိုးရကြား နားလည်မှုလွဲမှားစေရန် ရည်ရွယ်၍ ပြောဆိုခြင်းဖြစ်သည် ဟု ဆိုသည်။

အဆိုပါတောင်သူများသည် မန္တလေးမြို့ပေါ်တွင် ဇူလိုင် ၆ ရက်က စတင်၍ သပိတ်စခန်းဖွင့် တောင်းဆိုနေသည့် တောင်သူများအဖွဲ့တွင်လည်း ပါဝင်တောင်းဆိုနေသူများလည်းဖြစ်သည်။

ဆန္ဒပြသူများသည် မတ္တရာမြို့ပတ်ကာ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူးဦးစီးဌာနရှေ့အထိ ချီတက်ကာ "မတ္တရာမြို့နယ်အုပ်ချုပ်ရေးမှူး အလိုမရှိ ၊တောင်သူလယ်သမားများ အား စော်ကားသူ တို့ရန်သူ၊ လိမ်ညာပြောဆိုသော အုပ်ချုပ်ရေးမှူး ကျဆုံးပါစေ၊ အုပ်ချုပ်ရေးမှူး စွမ်းထက်ဝေ အလိုမရှိ"ဟု ကြွေးကြော်ခဲ့ကြသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ မတ္တရာမြို့နယ်အုပ်ချုပ်ရေးဦးစီးဌာနသို့ မဇ္ဈိမမှ သွားရောက်မေးမြန်းရာ တွင် အုပ်ချုပ်ရေးမှူးမှာ တိုင်းဒေသကြီးအစိုးရုံးအစည်းအဝေးသွားနေခြင်းကြောင့် တာဝန်ယူဖြေကြားပေးမည့်သူ မရှိဟု ၎င်းရုံးမှ ဝန်ထမ်းတစ်ဦးက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly