ဆီးရီးယား၌ ဆောင်ရွက်စရာများရှိနေဆဲဟု အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ပြောကြား

ဆီးရီးယား၌ ဆောင်ရွက်စရာများရှိနေဆဲဟု အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့ပြောကြား

ဇူလိုင် ၂၄ ။               ။ အမေရိကန်ဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့များသည် အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ IS တို့ကို နိုင်ငံမြောက်ပိုင်း ရှိ ရက်ကာမြို့မှ တိုက်ထုတ်နိုင်ခဲ့သော်လည်း ဆီးရီးယားအတွင်း၌ လုပ်ဆောင်စရာများ အမြောက်အမြား ကျန်ရှိ နေဆဲဖြစ်ကြောင်း ညွှန့်ပေါင်းတပ်ဖွဲ့၏ တပ်မှူးကြီးတစ်ဦးက တနင်္ဂနွေနေ့က ပြောကြားခဲ့သည်။

“ရက်ကာမြို့ကို လွတ်မြောက်အောင် တိုက်ခိုက်နိုင်တာနဲ့ပဲ အိုင်အက်စ်တစ်ဖွဲ့လုံး အရေးမနိမ့်သေးပါဘူး။ အီရတ်နိုင်ငံ မိုဆူးလ်မြို့ကို လွတ်မြောက်အောင် လုပ်ပေးနိုင်တာနဲ့ပဲ အိုင်အက်စ်တွေ အမြစ်ပြုတ်မသွားသေးပါ ဘူး” ဟု ဗြိတိန်တပ်ဖွဲ့မှ ဗိုလ်ချုပ်ရူးပတ်ဂျံုးစ်က သတင်းထောက်များကို ပြောကြားခဲ့သည်။

ဒါ့အပြင် ဂျံုးစ်က “ နိုင်ငံတကာ ညွန့်ပေါင်းတပ်ဖွဲ့အနေနဲ့ ဆီးရီးယားနိုင်ငံအတွင်းမှာ ဆောင်ရွက်စရာတွေ တပုံတပင်ရှိနေဆဲပဲဆိုတာကို ကျနော်တို့သိထားပါတယ်” ဟု ဆက်ပြောခဲ့သည်။

အမေရိကန်တို့ထောက်ပံ့ထားသော ဆီရီးယားဒီမိုကရက်တစ်တပ်မတော်ဟု ခေါ်သည့် အာရပ်-ကာဒစ်ရှ် မဟာမိတ်များသည် အိုင်အက်စ်များကို တိုက်ထုတ်ရာတွင် စိတ်ချယုံကြည်ရသော မိတ်ဆွေများဖြစ်ကြကြောင်း သူက ဆက်ပြောခဲ့သည်။

အမေရိကန်ဦးဆောင်သည့် ညွန့်ပေါင်းတပ်ဖွဲ့များသည် စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၄ခုနှစ်ကတည်းက ဆီးရီးယား နိုင်ငံအတွင်းရှိ နေရာဒေသအများအပြားကို အိုင်အက်စ်တို့လက်ထဲမှ အောင်မြင်စွာ တိုက်ယူနိုင်ခဲ့သည်။

၄င်းတို့သည် အိုင်အက်စ်တို့၏ အခိုင်အမာ ခြေကုပ်စခန်းဖြစ်သော ရက်ကာမြို့ကို လပေါင်းများစွာကြာဝန်းရံ ထားခဲ့ပြီး ဇွန်လအစောပိုင်းတွင် မြို့တွင်းသို့ ထိုးဖောက်ဝင်ရောက်လာနိုင်ခဲ့သည်။

ညွန့်ပေါင်းတပ်ဖွဲ့၏အဆိုအရ အီရတ်နှင့် ဆီးရီးယား၌ ပြုလုပ်ခဲ့သော အမေရိကန်ဦးဆောင်သည့် လေကြောင်း တိုက်ခိုက်မှုများအတွင်း အရပ်သား ၆၀၃ဦးခန့် သေဆုံးခဲ့ကြောင်း သိရသည်။

သို့သော်လည်း အီရတ်နှင့် ဆီးရီးယားရှိ အရပ်သားများသေဆုံးမှု စာရင်းကို လိုက်လံပြုစုနေသော  လန်ဒန် အခြေစိုက် သတင်းစာသမားများနှင့် သုတေသီများ၏ အဆိုအရ ဇွန်လအတွင်း ဆီရီးယားနှင့် အီရတ်အတွင်း၌ ပြုလုပ်ခဲ့သော ညွန့်ပေါင်းတပ်ဖွဲ့၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား ရ၄၄ဦးအထိ သေဆုံးခဲ့ ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly