ကွန်ကာကပ်ဖ်ရွှေဖလားဗိုလ်လုပွဲတွင် အမေရိကန်နှင့် ဂျမေကာတို့ တွေ့ဆုံ

ကွန်ကာကပ်ဖ်ရွှေဖလားဗိုလ်လုပွဲတွင် အမေရိကန်နှင့် ဂျမေကာတို့ တွေ့ဆုံ

ဇူလိုင် ၂၄၊ အမေရိကန် ။            ။ ကွန်ကာကပ်ဖ်ရွှေဖလားပြိုင်ပွဲ အကြိုဗိုလ်လုပွဲ ဒုတိယပွဲစဉ်ကို ယနေ့နံနက်ပိုင်းက ကစားခဲ့ရာတွင် ဂျမေကာအသင်းက လက်ရှိချန်ပီယံ မက္ကဆီကိုအသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရရှိပြီး ဗိုလ်လုပွဲသို့ တက်ရောက်သွားခဲ့သည်။

ဂျမေကာအသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို နယူးယော့ခ်ရက်ဘူးနောက်ခံကစားသမား ကီမာလောရန့်စ်က ပွဲချိန် ၈၈ မိနစ်တွင် ပြစ်ဒဏ်ဘောမှ တိုက်ရိုက်ကန်သွင်းကာ ရယူပေးခဲ့ခြင်း ဖြစ်သည်။

မက္ကဆီကိုအသင်းသည် ကစားကွက်အသာဖြင့်ကစားနိုင်ခဲ့ပြီး ဂျမေကာအသင်းထက် ဂိုးကန်သွင်းခွင့်များပိုရခဲ့သော်လည်း ဂိုးဝင်အောင်မသွင်းနိုင်ခဲ့သည့်အတွက် ဗိုလ်လုပွဲနှင့်ဝေးကွာခဲ့ရသည်။ ယခုပွဲတွင် အနိုင်ရခဲ့သောကြောင့် ဂျမေကာအသင်းသည် အကြိုဗိုလ်လုပွဲ ပွဲစဉ်(၁)တွင် ကော်စတာရီကာအသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရခဲ့သည့် အိမ်ရှင်အမေရိကန်အသင်းနှင့် ဗိုလ်လုပွဲ ကစားရမည် ဖြစ်သည်။

အမေရိကန်နှင့် ကော်စတာရီကာတို့၏အကြိုဗိုလ်လုပွဲတွင် အမေရိကန်အသင်းအတွက် အနိုင်ဂိုးများကို အယ်တီဒေါနှင့်ဒမ်ဆေးတို့က သွင်းယူပေးခဲ့ကြသည်။

အမေရိကန်အသင်းသည် ဗိုလ်လုပွဲသို့ ၁၀ ကြိမ်မြောက်တက်ရောက်နိုင်ခြင်းဖြစ်ပြီး ဂျမေကာအသင်းမှာ ဒုတိယအကြိမ် တက်ရောက်ခြင်းဖြစ်သည်။ အမေရိကန်အသင်းသည် ရွှေဖလားပြိုင်ပွဲတွင် ငါးကြိမ်ဗိုလ်စွဲထားဖူးပြီး မက္ကဆီကိုပြီးနောက် ဒုတိယအအောင်မြင်ဆုံးအသင်းလည်း ဖြစ်သည်။ ဂျမေကာမှာမူ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်ပြိုင်ပွဲက ဗိုလ်လုပွဲသို့ ပထမဆုံးတက်ရောက်ခဲ့သော်လည်း မက္ကဆီကိုအသင်းကို ၃-၁ ဂိုးဖြင့် ရှုံးကာ ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

အမေရိကန်နှင့် ဂျမေကာတို့၏ ၂၀၁၇ ကွန်ကာကပ်ဖ်ရွှေဖလားဗိုလ်လုပွဲကို ဇူလိုင်လ ၂၇ ရက်နေ့ နံနက် ၈ နာရီတွင် ကစားမည် ဖြစ်သည်။

ရည်ညွှန်း ဆော်ကာဝေး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly