ရုရှအစိုးရ၏ အင်တာနက်အပေါ် ပြင်းထန်သည့် ဥပဒေချမှတ် ထိန်းချုပ်မှုကို လူတစ်ထောင်နီးပါး ဆန္ဒပြ

ရုရှအစိုးရ၏ အင်တာနက်အပေါ် ပြင်းထန်သည့် ဥပဒေချမှတ် ထိန်းချုပ်မှုကို လူတစ်ထောင်နီးပါး ဆန္ဒပြ

မော်စကို၊ ဇူလိုင် ၂၄ ။                 ။ ရုရှအစိုးရ၏ အင်တာနက်အပေါ် ပြင်းထန်သည့် ဥပဒေချမှတ်ထိန်းချုပ်မှုအား ဆန့်ကျင်ကာ ဇူလိုင် ၂၃ ရက်တွင် မော်စကိုမြို့တွင်း လူတစ်ထောင်နီးပါးက ချီတက်ဆန္ဒပြကြသည်။

မြို့အာဏာပိုင်အဖွဲ့၏ ခွင့်ပြုချက်ဖြင့် ယခုလူစုရုံးမှုတွင် ဆန္ဒပြသူများက “ဆင်ဆာအလိုမရှိ၊ အာဏာရှင်ခေတ်အလိုမရှိ” နှင့် “ရဲနိုင်ငံတော် ကျဆုံးပါစေ” အစရှိသည့် ကြွေးကြော်သံများကို ဟစ်အော်ကြွေးကြော်သည်။

တစ်ချို့သော ဆန္ဒပြသူများက သမ္မတ ဗလာဒီမာပူတင် အုပ်ချုပ်မှုအား ဆန့်ကျင်သည့် အတိုက်အခံများ၏ ထင်ရှားသော ကြွေးကြော်သံတစ်ရပ်ကို ပြင်ဆင်လျက် “ပူတင် မရှိ၊ ဆင်ဆာမရှိတဲ့ ရုရှနိုင်ငံ ဖြစ်ထွန်းပါစေ”ဆိုသော ကြွေးကြော်သံကို ဟစ်ကြွေးသည်။

ဝန်ကြီးချုပ်ဟောင်း မစ်ဟေးကာဆိုင်ယန်နော့ဗ် ဦးဆောင်သည့် ပါနက်စ်အတိုက်အခံပါတီက ကြီးမှူးသော ယခုဆန္ဒပြပွဲတွင် အင်အား ၈၀၀ ဝန်းကျင်ပါဝင်ကြောင်း  ရဲက ပြောသည်။   အေအက်ဖ်ပီသတင်းထောက်တစ်ဦးကမူ ဆန္ဒပြအင်အားက ၁၀၀၀ မှ ၁၅၀၀ ကြားရှိမည်ဟု ခန့်မှန်းသည်။

ယခု ချီတက်ဆန္ဒပြမှုသည် ၂၀၁၁ ခုနှစ်က စတင်လုပ်ဆောင်လာခဲ့သည့် အစိုးရ၏ အင်တာနက်အပေါ် ကန့်သတ်ထိန်းချုပ်မှုများကို ဆန့်ကျင်ခြင်းဖြစ်ကြောင်း Pirate ပါတီ မဲဆွယ်စည်းရုံးရေးအဖွဲ့   ခေါင်းဆောင်ဟောင်း ပါဗယ်ရာဆူဒေါ့ဗ်က ပြောသည်။

“အစိုးရက အင်တာနက်ကို လူတွေ လမ်းပေါ်ထွက်လာအောင်လုပ်နေတဲ့ လူစုရုံးရာ လက်နက်တစ်ခုလို သဘောထားနေတယ်။”ဟု ၄င်းက ဆိုသည်။

ဆန္ဒပြမှုတွင် ပါဝင်သူတစ်ဦးကလည်း “လွတ်လပ်မှုဆိုတာ ဘဝမှာ အရေးကြီးဆုံးပါပဲ။ ဒါကြောင့် ဒီနေရာမှာ ကျွန်တော် ရောက်နေရတာပဲ။”ဟု ပြောသည်။

ရုရှနိုင်ငံသည် ပြီးခဲ့သည့်နှစ်များအတွင်း အင်တာနက်အသုံးပြုမှုတွင် ထိန်းချုပ်ကန့်သတ်မှုများ ပြဌာန်းလာခဲ့ခြင်းဖြစ်သည်။ ဇန်နဝါရီ ၁ ရက်နေ့က စကာ အင်တာနက်ကုမ္ပဏီများအနေဖြင့် သုံးစွဲသူများ၏ တစ်ကိုယ်ရည်အချက်အလက်အားလုံးကို ရယူသိမ်းဆည်းရပြီး ရုရှအာဏာပိုင်များက တောင်းယူပါက ပေးအပ်ရန်လည်း စည်းကမ်းချမှတ်ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags