သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပ

သခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကျင်းပ

ရန်ကုန်၊ဇူလိုင် ၂၃ ။           ။ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂၃ ရက်နေ့က ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားလမ်း၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်တွင် ကျင်းပခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်စောင့်ရှောက်ရေးအဖွဲ့၊ ဆရာကြီးသခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေး ကွန်ယက်နှင့် ဆရာကြီး၏ မိသားစုဝင်များက ပူးပေါင်း ကျင်းပခဲ့ခြင်းဖြစ်သည်။

ယခင်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း အထိမ်းအမှတ်ပွဲများကို လွတ်လပ်စွာကျင်းပခွင့် မရရှိသည့်အပြင်၊ ဆရာကြီးနှင့် ပတ်သက်သမျှ ကိစ္စများကို တားဆီးကန့်သတ်မှုများ ရှိခဲ့သည်ဟု ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန် စောင့် ရှောက်ရေးအဖွဲ့မှ ဦးထွန်းဝင်းငြိမ်းက ပြောသည်။

"တိုင်းပြည်ကို အကျိုးကျေးဇူးပြုခဲ့တဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကို လူထုနဲ့ အဆက်ဖြတ်ထားခြင်းခံခဲ့ရဖူး တယ်။ အဲဒီ အခြေအနေတွေကို ကြုံတွေ့ခဲ့ရဖူးတယ်။ အဓိကကတော့ လူထုက ဂူဗိမာန်လာရင်တောင် လုံခြုံေရေးအရ အကန့်အသတ်ရှိတယ်။ ၁၉၈၈ မတိုင်ခင်ကလည်း အဲဒီလိုရှိတယ်၊ ၈၈ အာဏာသိမ်းပြီး စစ်အစိုးရ တစ်လျှောက်လုံးမှာ အဲဒီလိုပဲ၊ ဆရာကြီးအကြောင်းကို စာမျက်နှာပေါ်တောင်တင်ခွင့်မရှိဘူး။ အဲဒီတုန်းက စာပေကင်ပေတိုင်ခေါ်တဲ့ စိစစ်ရေးကနေ ဖြတ်တောက်ပစ်တာတွေရှိတယ်။ ဆရာကြီးပုံနဲ့စာပေဂျာနယ်ဆိုရင် ဆရာကြီးပုံမရလို့ ပိတောက်ပန်းပုံနဲ့ထုတ်ရတာမျိုး၊ အဲဒီလို အဖြစ်အပျက်မျိုးတွေရှိခဲ့တယ်။ ဆရာကြီးသခင် ကိုယ်တော်မှိုင်းဆိုရင် သူတို့က သူပုန်ကြီးပေါ့နော်၊ တိုင်းပြည်ကို အဖျက်လုပ်ငန်းလုပ်တဲ့ ပုဂ္ဂိုလ်ကြီးတွေလို ပြည်သူလူထုက ထင်ယောင်ထင်မှားဖြစ်အောင် ပုံဖော်ခဲ့တာတွေ ရှိခဲ့တယ်" ဟု ဦးထွန်းဝင်းငြိမ်းက ပြောသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် အမျိုးသားယဉ်ကျးမှုအစဉ်အလာများကို ဖော်ဆောင်သည့် ဇာတိမာန် စာပေ၊ ပြည်သူ့အကျိုးပြုစာပေများဖြင့် လွတ်လပ်ရေးတိုက်ပွဲကို ဆင်နွှဲခဲ့သူဖြစ်သည်။ ထို့ပြင် အဖိနှိပ်ခံပြည်သူ၊ အမှန်တရားဘက်က အမြဲရပ်တည်ခဲ့သည်ဟု  ဆရာကြီးသခင်ကိုယ်တော်မှိုင်း၏ မြေးဖြစ်သူ ဒေါ်ခင်စောနန်းက ပြောသည်။

"အဖိုးကတော့ အဖိနှိပ်ခံပြည်သူတွေဘက်က အနှိမ်ခံပြည်သူတွေဘက်က ရပ်တည်လာခဲ့တာပေါ့၊ အမှန်တရား ဘက်က ရပ်တည်ခဲ့တာပေါ့၊ ခြံုပြောရမယ်ဆိုရင်တော့၊ အမှန်တရားနဲ့ပတ်သက်လာရင် တပည့်တပန်းတွေနဲ့ ပတ်သက်လာရင် အပင်ပန်းခံ၊ အဆင်းရဲခံနေတယ်။ဥပမာ မြေပေါ် မြေအောက်နိုင်ငံရေးတပည့်တပန်းတွေ အကုန်လုံး အတွက်ကိုပေါ့၊ မြေပေါ်က လူတွေက တပည့်ဆိုပေမယ့် အချိန်တန်အိပ်၊ အချိန်တန်စား၊ မိသားစုက အာမခံချက်ရှိတယ်၊ မြေအောက်ကလူတွေကတော့ အမျိုးမျိုးအနစ်နာခံပြီး ဆင်းဆင်းရဲရဲနဲ့ရုန်းကန် လှုပ်ရှားရတာဆိုတော့လေ" ဟု ဒေါ်ခင်စောနန်းက ပြောသည်။

အခမ်းအနားကို နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများနှင့် ကျောင်းသားသမဂ္ဂများ တက်ရောက်ခဲ့သေးသည်။

ထို့ပြင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ငြိမ်းချမ်းရေးကွန်ယက်က ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၃ နှစ်မြောက် အထိမ်းအမှတ်အခမ်းအနား၏ သဘောထားကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး၊ ကျောင်းသားသမဂ္ဂများနှင့် နိုင်ငံရေးပါတီအချို့ကလည်း သဝဏ်လွှာများပေးပို့ခဲ့သည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ၁၈၇၅ ခုနှစ်တွင် ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ၀ါးလယ်ရွာတွင်မွေးဖွားခဲ့ ပြီး၊ နယ်ချဲ့ဆန့်ကျင်ရေးတိုက်ပွဲတွင် ကလောင်လက်နက်ဖြင့် ရွပ်ရွပ်ချွံချွံတွန်းလှန်ခဲ့သည်။ ၁၉၄၈ ခုနှစ် နောက်ပိုင်းတွင် ပြည်တွင်းငြိမ်းချမ်းရေးကို အမျိုးမျိုးအဖုံဖုံ အားထုတ်ခဲ့သည့်အပြင် ပြည်ပငြိမ်းချမ်းရေး ဆောင်ရွက်ခဲ့မှုများကြောင့် ၁၉၅၅ ခုနှစ်တွင် ကမ္ဘာ့ငြိမ်းချမ်းရေး စတာလင်ဆုကို ချီးမြင့်ခြင်းခံခဲ့ရသည်။ ဆရာကြီးသည် လွတ်လပ်ရေး၊ ငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့အတွက် ဘဝ တစ်လျှောက်လုံး မနားမနေအားထုတ်ရင်း အသက် ၈၉ နှစ်အရွယ်၊ ၁၉၆၄ ခုနှစ် တွင် ကွယ်လွန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly