မြန်မာ - သြစတြေးလျပွဲ လက်မှတ်များ ရောင်းအားကောင်းနေ

မြန်မာ - သြစတြေးလျပွဲ လက်မှတ်များ ရောင်းအားကောင်းနေ
ဓာတ်ပုံ - ရဲရင့်ဌေး(မဇ္ဈိမ)

ဇူလိုင် ၂၃၊ ရန်ကုန်။             ။ မြန်မာနိုင်ငံတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသော ၂၀၁၈အာရှယူ-၂၃ချန်ပီယံရှစ်ခြေစစ်ပွဲ အုပ်စုအဆုံးအဖြတ်ပွဲအဖြစ် ကစားမည့် မြန်မာယူ-၂၂အသင်းနှင့် သြစတြေးလျယူ- ၂၂အသင်းတို့ ပွဲစဉ်လက်မှတ်များ ကြိုတင်ရောင်းချရာတွင် ရောင်းအားကောင်းမွန်လျက်ရှိသည်။

အဆိုပါပွဲစဉ်ကို ဇူလိုင် ၂၃ရက်(ယနေ့) ညနေ ၆းဝဝ နာရီတွင် ရန်ကုန်မြို့၊ သုဝဏ္ဏကွင်း၌ယှဉ်ပြိုင်ကစားမည်ဖြစ်ပြီး ခြေစစ်ပွဲအောင်မြင်ရန်အတွက် အုပ်စုဗိုလ်နေရာမှာ နှစ်သင်းစလုံးအတွက် အရေးပါနေသည်။ မြန်မာ-သြစတြေးလျ ပွဲလက်မှတ်များကို ဇူလိုင် ၂၂ ရက်က သုဝဏ္ဏကွင်း၊ အောင်ဆန်းကွင်း၊ လှည်းတန်းစင်တာများတွင် စတင်ရောင်းချခဲ့ပြီ ဇူလိုင်၂၃ရက်(ယနေ့) နံနက်ပိုင်းတွင် အထူးတန်း လက်မှတ်များအားလုံး ရောင်းကုန်ခဲ့ပြီဖြစ်သည်။ မြန်မာယူ-၂၂အသင်းမှာ အာရှယူ-၂၃ခြေစစ်ပွဲတွင် သြစတြေးလျ၊ ဘရူနိုင်း၊ စင်ကာပူအသင်းများနှင့် တစ်အုပ်စုတည်းကျရောက်ခဲ့ပြီး စင်ကာပူကို ၂ - ၀ ဂိုး၊ ဘရူနိုင်းကို ၃ - ၀ ဂိ်ုးများဖြင့်အနိုင်ရခဲ့သလို သြစတြေးလျအသင်းကလည်း ဘရူနိုင်းကို ၂ - ၀ ဂိုး၊ စင်ကာပူကို ရ - ၀ ဂိုးများဖြင့်အနိုင်ရထားသည်။

၂၀၁၈ အာရှယူ-၂၃ချန်ပီယံရှစ်နောက်ဆုံးအဆင့်ပွဲစဉ်များကို တရုတ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်ပြီး ခြေစစ်ပွဲအုပ်စု ၁၀ခုမှ အုပ်စုဗိုလ် ၁၀သင်း၊ အကောင်းဆုံး အုပ်စုဒုတိယရ ငါးသင်း၊ စုစုပေါင်း ၁၆သင်းဖြင့်ကျင်းပမည်ဖြစ်သည်။ လက်ရှိအုပ်စုရပ်တည်မှုအရ အုပ်စုနောက်ဆုံးပွဲတွင် သြစတြေးလျ အသင်းက မြန်မာအသင်းကို သရေကျလျှင်ပင် အုပ်စုပထမရမည်ဖြစ်ပြီး မြန်မာအသင်းက အနိုင်ရမှသာ အုပ်စုဗိုလ်ဖြစ်မည်ဖြစ်သည်။ မြန်မာယူ-၂၂အသင်းနှင့် သြစတြေးလျယူ-၂၂အသင်းတို့ပွဲတွင် သရေကျခဲ့ပါက အုပ်စုဒုတိယနေရာမှ မြန်မာယူ-၂၂အသင်းမှာ ရမှတ် ရ မှတ်ဖြင့် အကောင်းဆုံးအုပ်စု ဒုတိယနေရာနှင့် ခြေစစ်ပွဲ အောင်ရန် အလားအလာကောင်းမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly