အလွဲအချော်ဖြစ်ခဲ့သည့် အမေရိကန်လေကြောင်းထိုးစစ်အတွင်း အာဖဂန်နစ္စတန်ရဲ ၁၆ ဦး ကျဆုံး

အလွဲအချော်ဖြစ်ခဲ့သည့် အမေရိကန်လေကြောင်းထိုးစစ်အတွင်း အာဖဂန်နစ္စတန်ရဲ ၁၆ ဦး ကျဆုံး

ကလူးလ်၊ ဇူလိုင် ၂၂ ။            ။ စစ်ပွဲဖြစ်ရာ အာဖဂန်နစ္စတန်နိုင်ငံတွင် အမေရိကန်၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုကို တွန့်ဆုတ်စေနိုင်သော နောက်ဆုံးဖြစ်ရပ်အဖြစ် အမေရိကန်လေကြောင်းထိုးစစ်တစ်ရပ် လွဲချော်မှုအတွင်း အာဖဂန်ရဲ ၁၆ ဦး ကျဆုံးကြောင်း တာဝန်ရှိသူများက ဇူလိုင် ၂၂ ရက်တွင် ပြောသည်။

ဟယ်မန့်ပြည်နယ်တွင် ဇူလိုင် ၂၁ ရက်က အာဖဂန်လုံခြံရေးတပ်များ တာလီဘန်စစ်သွေးကြွ ရွာတစ်ရွာအား ရှင်းလင်းရေး လုပ်ဆောင်စဉ် လေကြောင်းတိုက်ခိုက်မှု  ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရဲဌာနပြောခွင့်ရသူ ဆာလမ်အာဖဂန်က အေအက်ဖ်ပီသို့ ပြောသည်။

"ဒီလေကြောင်းတိုက်ခိုက်မှုမှာ အာဖဂန်ရဲ ၁၆ ဦး ကျဆုံးခဲ့ရတယ်။ ဒဏ်ရာရတာ နှစ်ဦးရှိပါတယ်။"ဟု ၎င်းက ဆိုသည်။

တာလီဘန်များ အများစုထိန်းချုပ်ထားရာ ဟယ်မန့်ပြည်နယ်တွင်းက ဂါရတ်ခ်ခရိုင်ရှိ ဝင်းခြံတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

"အာဖဂန်လုံခြံုရေးတပ်ကို အမေရိကန်ထောက်ကူထားတဲ့ စစ်ဆင်ရေးမှာ သေဆုံးရတာက လူရင်းဖြစ်တဲ့ အာဖဂန်တပ်ဖွဲ့ဝင်တွေပဲ ဖြစ်တယ်။ ဒီအချိန်က အဲဒီဝင်းအတွင်းမှာ အာဖဂန်တပ် စုရုံးရောက်နေခဲ့ချိန်ဖြစ်ပါတယ်။"ဟု အာဖဂန်ရှိ နေတိုးမစ်ရှင်က ထုတ်ပြန်သည်။

"ဆိုးဝါးလွဲမှားခဲ့တဲ့ အခုဖြစ်ရပ်ဆိုးဒဏ် ရင်ဆိုင်ရတဲ့ မိသားစုတွေအတွက် ကျွန်တော်တို့ အလွန်စိတ်မကောင်းကြောင်း ဖော်ပြလိုပါတယ်။"ဟု ယင်းထုတ်ပြန်ချက်၌ ဖော်ပြထားပြီး ဖြစ်စဉ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဟု ဖြည့်စွက်ဆိုထားသည်။

အခင်းဖြစ်ရာသို့ စုံစမ်းစစ်ဆေးရန်နှင့် ကျန်ရစ်သူ မိသားစုများအား ကူညီရန် ကိုယ်စားလှယ်အဖွဲ့အား စေလွှတ်ထားကြောင်း အာဖဂန်ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နာဂျစ်ဒါနစ်ရှ်က ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly