ရွှေဝါရောင်သံဃာတောင်းဆိုချက်များ အပြည့်အဝမရသေးဟုဆို

ရွှေဝါရောင်သံဃာတောင်းဆိုချက်များ အပြည့်အဝမရသေးဟုဆို
ဓာတ်ပုံ - သူရိန်

ရန်ကုန်   ဇူလိုင်   ၂၂ ။                 ။ ၂၀၀၇ ရွှေဝါရောင်သံဃာ့အရေးအခင်းက တောင်းဆိုခဲ့သည့်အချက်များကို ယနေ့အထိ အပြည့်အဝမရသေး ဟု ရွှေဝါရောင်သံဃာတော်တစ်ပါးဖြစ်သည့်   တောင်ဥက္ကလာမြို့နယ်၊ ငွေကြာရံကျောင်းတိုက်ဆရာတော် ဦးအဂ္ဂဓမ္မ က မိန့်ကြားလိုက်သည်။

ယနေ့ ဇူလိုင်လ ၂၂ ရက်နေ့က ရန်ကုန်မြို့၊ သာကေတမြို့နယ်၊ ပါဠိကာရီကျောင်းတိုက်တွင် ပြုလုပ်ခဲ့သည့် ရွှေဝါရောင်သံဃာတော်များအား ၀ါဆိုသင်္ဃန်းဆပ်ကပ်လှူပွဲအခမ်းအနားအပြီး မိန့်ကြားခဲ့ခြင်းဖြစ်သည်။

"တောင်းဆိုခဲ့တာတွေ မပြည့်ဝသေးဘူးပြောရမှာပဲ၊ ဘာလို့လဲဆိုတော့ အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ကြီးက ရှိနေသေးတဲ့အခါကျတော့ တောင်းဆိုခဲ့တဲ့အချက်တွေက အကြွင်းမဲ့မပြည့်စုံသေးဘူး၊ ဘာသာရေးနည်း လမ်းနဲ့ ဘုန်းတော်ကြီးများရဲ့ ၀ိနည်းဓမ္မသတ်ထဲကနေပြီးတော့ ဦးဇင်းတို့တိုင်းသူပြည်သားတွေ စိတ်ချမ်းချမ်း သာသာနဲ့ မင်းကျင့်တရား ၁၀ ပါးနဲ့အညီအုပ်ချုပ်မှုမျိုးရရှိအောင် ဒီမိုကရေစီစနစ်ကို ပြည့်ပြည့်ဝဝရရှိအောင် ဦးဇင်းတို့အနေနဲ့ ပါ၀င်ဆောင်ရွက်ပြီးတော့ ဒကာဒကာမတွေကို ကြည့်ရှုစောင့်ရှောက်ကူညီသွားမယ်" ဟု ရွှေဝါရောင်သံဃာတော် ဦးအဂ္ဂဓမ္မ က မိန့်ကြားသည်။

ယင်းအလှူကို ရန်ကုန်တိုင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် နိုင်ငံရေးအကျဉ်းသားများစုပေါင်းဖွဲ့စည်းထားသည့် 5J Club တို့ ပူပေါင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး၊   ရွှေဝါရောင်သံဃာတော်များအပါအဝင်   နိုင်ငံရေးအကျဉ်းသားဟောင်း သံဃာတော်များလည်း ပါ၀င်သည်ဟု သိရသည်။

ရွှေဝါရောင်သံဃာတော်များသည် လူတွေ၏ အကြောက်တရားကို ကိုယ်တိုင်စတင်တွန်းလှန်ခဲ့ကြသည့် အတွက် ကျေးဇူးပြုသည့်အနေဖြင့် ၀ါဆိုသင်္ဃန်းဆပ်ကပ်လှူပွဲပြုလုပ်ရခြင်းဖြစ်သည်ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းနိုင်ဦးက ပြောသည်။

"တစ်ချို့သံဃာတော်တွေဆို တစ်ကယ်ကိုချို့ချို့တဲ့တဲ့သီတင်းသုံးနေရတာမျိုးတွေ ရှိတယ်။ ဘာပဲဖြစ်ဖြစ် ဒီလို အချိန်မှာကတော့ အကုန်လုံးကို ပြန်စုစည်းပြီး ၀ါဆိုသင်္ဃန်းတွေကပ်ပြီးတော့   ကျေးဇူးပြုတဲ့သဘောပါ၊ ဘာကြောင့်လဲဆိုတော့ အရေးအခင်းတုန်းက ဒုက္ခရောက်ကြတဲ့သံဃာတော်တွေက အများကြီးပဲလေ၊ လူတွေ က အကြောက်တရားအောက်မှာနေလာခဲ့တာကို ဒီကိုယ်တော်တွေကိုယ်တိုင်က ဒီအကြောက်တရားကို စပြီး တွန်းလှန်လာခဲ့ကြတာ၊ အသက်နဲ့ကိုယ်ကျိုးကို မငဲ့ကွက်ဘဲနဲ့ ဆောင်ရွက်ခဲ့ကြတာ" ဟု တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ ဦးသန်းနိုင်ဦးက ပြောသည်။

ပူပေါင်းလှူဒါန်းခဲ့သည့် 5J Club အဖွဲ့သည် လွန်ခဲ့သည့် ၁ နှစ်က နိုင်ငံရေးအကျဉ်းသားဟောင်း မိတ်ဆွေ ၄၀ ကျော်ဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး ယခုအခါ အဖွဲ့ဝင်ပေါင်း ၈၀ ကျော် ရှိပြီဖြစ်သည်။ အဖွဲ့ဝင်များက တစ်ဦးချင်း တစ်လလျှင် ထည့်ဝင်ငွေ ၅၀၀၀ ကျပ်ဖြင့် ကျန်းမာရေး၊ လူမှုရေးအခက်အခဲရှိသည့် နိုင်ငံရေးအကျဉ်းသားများ ကို ထောက်ပံ့ကူညီခဲ့ကြောင်း သိရသည်။

၄င်းတို့အဖွဲ့သည် နိုင်ငံရေးအကျဉ်းသားဟောင်းများကိုသာမက ၄င်းတို့၏ မိသားစုဝင်များကိုပါ ထောက်ပံ့ သည့်အဖွဲ့အစည်း ဖြစ်သည်ဟု 5J Club အဖွဲ့ဝင် ဦးရဲအောင်က ပြောသည်။

"နိုင်ငံရေးအကျဉ်းသားတွေနဲ့ပတ်သက်ပြီး ထောက်ပံ့နေတဲ့အဖွဲ့အစည်းတွေ ရှိပါတယ်၊ တစ်ခြား AAPP တို့၊ နိုင်ငံရေးအကျဉ်းသားဟောင်းများတို့၊ ဒါတွေလည်း အခက်အခဲဖြစ်ရင် ကူညီကြပါတယ်၊ ဒါပေမယ့် သူတို့ဆီမှာတော့ နိုင်ငံရေးအကျဉ်းသားကိုဘဲ ကူညီတာဖြစ်ပြီး၊ ကျွန်တော်တို့ဆီမှာက သူငယ်ချင်းတွေ စုထားတယ်၊ လွတ်လွတ်လပ်လပ်လည်းဖြစ်တဲ့အတွက် နိုင်ငံရေးအကျဉ်းသားရယ်မဟုတ်ဘဲ ဆက်နွယ်တဲ့ မိသားစုတွေရဲ့သားသမီးပညာရေးပဲဖြစ်ဖြစ် ကျန်းမာရေးပဲဖြစ်ဖြစ်ကို အကုန်လုံးထောက်ပံ့ပါတယ်" ဟု ဦးရဲအောင်က ပြောသည်။

 ယင်းအခမ်းအနားကို ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ရန်ကုန်တိုင်းမြို့တော်ဝန် ဦးမောင်မောင်စိုး၊ ရန်ကုန်တိုင်းလွှတ်တော် ဒုဥက္ကဋ္ဌ ဦးလေးမြင့်လှိုင်၊ ၈၈ မျိုးဆက်မှ ဦးကိုကိုကြီးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly