စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန် ဖိလစ်ပိုင်လွှတ်တော် မဲခွဲအတည်ပြု

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးရန် ဖိလစ်ပိုင်လွှတ်တော် မဲခွဲအတည်ပြု

ဇူလိုင် ၂၂ ။                ။ သူပုန်ထနေသည့် နိုင်ငံတောင်ပိုင်းဒေသတွင် ထုတ်ပြန်ကြေညာထားသည့် မာရှယ်လောကို ယခုနှစ်ကုန်ထိ သက်တမ်းတိုးရန် ဖိလစ်ပိုင်ကွန်ဂရက်လွှတ်တော်က ဇူလိုင် ၂၂ ရက်တွင် မဲခွဲအတည်ပြုပေးလိုက်ပြီ ဖြစ်သည်။

ဇူလိုင် ၂၂ ရက်တွင် ကျင်းပခဲ့သော ဖိလစ်ပိုင်အောက်လွှတ်တော်နှင့် အထက်လွှတ်တော်အမတ်များ အထူးစုံညီအစည်းအဝေး၌ သမ္မတ ဒူတာတေးအဆိုပြုလာသော မာရှယ်လောထုတ်ပြန်မှု နှစ်ကုန်ထိ သက်တမ်းတိုးရေးကိစ္စ မဲခွဲခဲ့ကြရာတွင်  အမတ်များက တစ်ခဲနက် ထောက်ခံအတည်ပြုပေးလိုက်ခြင်း ဖြစ်သည်။

ယင်းမဲခွဲမှုနှင့်အတူ အစ္စလမ္မစ်စစ်သွေးကြွများနှင့်တိုက်ပွဲများရှိနေသည့် နိုင်ငံတောင်ပိုင်း မင်ဒါနာအိုကျွန်းအတွက် ထုတ်ပြန်ထားသည့် စစ်အုပ်ချုပ်ရေးကို ဒီဇင်ဘာ ၃၁ ရက်အထိ ဆက်လက်ထား ရှိတော့မည် ဖြစ်သည်။

လက်ရှိကာလတွင် ဖိလစ်ပိုင်စစ်တပ်အနေဖြင့် နိုင်ငံတောင်ပိုင်း မာရာဝီမြို့ရှိ အိုင်အက်စ် သစ္စာခံ စစ်သွေးကြွများနှင့် ပြင်းထန်စွာ တိုက်ခိုက်နေရချိန် ယခုမဲခွဲဆုံးဖြတ်မှု ပေါ်ထွက်လာခြင်း ဖြစ်သည်။

အဆိုပါ အိုင်အက်စ်သစ္စာခံ စစ်သွေးကြွများက မာရာဝီမြို့ အစိတ်အပိုင်းများကို သိမ်းပိုက်ကာ သွေးချောင်းစီသည့် တိုက်ပွဲများ ဖြစ်စေခဲ့ခြင်းကြောင့် မေလ ၂၃ ရက်မှစကာ မင်ဒါနာအိုကျွန်းအတွက် မာရှယ်လော ထုတ်ပြန်ကြောင်း သမ္မတ ဒူတာတေးက ကြေညာထားခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း တိုက်ပွဲများမှာ မာရာဝီမြို့တစ်ခုတည်း၌သာ ဖြစ်နေချိန် မည်သည့်အတွက်ကြောင့် မင်ဒါနာအိုကျွန်းတစ်ခုလုံးကို စစ်အုပ်ချုပ်ရေး ဆက်လက်ထုတ်ပြန်ရသလဲ ဆိုတာနှင့်ပတ်သက်၍ အတိုက်အခံများဘက်က ကန့်ကွက်မှုများ ရှိနေခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly