ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသစ် တည်ထောင်မှုအပေါ် ပါတီအချို့၏သဘောထားအမြင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) ပါတီသစ် တည်ထောင်မှုအပေါ် ပါတီအချို့၏သဘောထားအမြင်

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပါတီသစ်ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပြီးခဲ့သည့်ဇူလိုင်လ ၁၈ ရက်နေ့က စတင်ပြီး တရားဝင်နိုင်ငံရေးပါတီအဖြစ် တည်ထောင်ခွင့်ပြုပေးလိုက်ကြောင်း သိရသည်။

ရခိုင်ပြည်နယ်တွင် ဒီမိုကရေစီအကူးအပြောင်းကာလ ၂၀၁၀ ခုနှစ်မှစတင်ပြီး ပါတီအသီးသီး ပေါ်ပေါက်လျှက်ရှိရာ ရခိုင်ပြည်နယ်၏ ပါတီနိုင်ငံရေးသြဇာနှင့် လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေးများ၏ ပြောင်းလဲမှုများကို အသစ်တည်ထောင် လာသော ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပါတီတစ်ရပ်အနေဖြင့် မည်သို့ အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ကို ပြည်သူလူထုများက စိတ်ဝင်စားလျှက်ရှိကြသည်။

အဆိုပါ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် တရားဝင်ခွင့်ပြုလိုက်သော (ALD) ပါတီသည် နိုင်ငံရေးပါတီ တစ်ခုအဖြစ် ရေရှည်တည်တံ့နိုင်ရေးနှင့်   ပြည်သူလူထု၏ ထောက်ခံမှုများကို ရရှိနိုင်ရေးအတွက် ရခိုင်ပြည်နယ်၏ နိုင်ငံရေး၊ စီးပွားရေးတို့ကို ပြောင်းလဲပေးနိုင်မှုများသည် ပါတီအတွင်းပါဝင်လှုပ်ရှားသူများ၏ ကိုယ်စွမ်း ဉာဏ်စွမ်းနှင့်သာ သက်ဆိုင်ကြောင်း ရခိုင်အမျိုးသားပါတီ၏ အထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောသည်။

“နိုင်ငံရေးပါတီတစ်ခုကို တည်ထောင်မယ်ဆိုရင် နိုင်ငံရေးနှင့်ပတ်သတ်ပြီး အမြော်အမြင်ရှိဖို့ လိုအပ်တယ်လို့ ထင်ပါတယ်။ နိုင်ငံရေးအသိစိတ်ဓါတ်ရှိတဲ့ နိုင်ငံရေးကို စိတ်ဝင်စားသူတွေနဲ့ ဖွဲ့စည်းထားတဲ့နေရာမှာ နိုင်ငံရေးမှုဝါဒက အရေးကြီးပါတယ်။ ရခိုင်ပြည်နယ်မှာ ၈၀ ရာခိုင်နှုန်းလောက် ဆင်းရဲမွဲတည်နေတဲ့ ရခိုင်သူ/သားတွေရဲ့အကျိုးကို   ဆောင်ရွက်နိုင်ဖို့အတွက်   နိုင်ငံရေးပါတီဖွဲ့စည်းတာ ဖြစ်တယ်လို့ ကျွန်တော်အနေနဲ့ မြင်ပါတယ်။ ကျွန်တော်တို့ ANP ပါတီအနေနဲ့ကတော့ မည်သည့်နိုင်ငံရေးပါတီကိုမဆို ကြိုဆိုပါတယ်။ ဒီအသစ်တည်ထောင်လာတဲ့ ဒီမိုကရေစီအဖွဲ့ချူပ်ပါတီဟာ ရခိုင်ပြည်သူလူထုတစ်ရပ်လုံးရဲ့ ထောက်ခံမှုကို ဘယ်လောက်ထိရယူမယ် ဆိုတာဟာ ပါတီမှာပါဝင်လှုပ်ရှားနေတဲ့သူတွေရဲ့ ကိုယ်ပိုင်အစွမ်းအစနဲ့ပဲ သက်ဆိုင်ပါတယ်။”ဟု ဦးထွန်းအောင်ကျော်က သူ၏အမြင်ကို ပြောသည်။

အဆိုပါ ရခိုင်ပြည်နယ်၏ ရခိုင့်နိုင်ငံရေးနှင့် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုများ၏ လူမှုဘဝ ဖွံ့ဖြိုးတိုးတက် ပြောင်းလဲမှုအခြေနေများကို ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပါတီက မည်သို့ ပါဝင်စွမ်းဆောင်နိုင်မည်ကို စောင့်ကြည့်ရအုံးမည်ဖြစ်ကြောင်း ရခိုင်မျိုးချစ်ပါတီ (APP) ဥက္ကဋ္ဌ ဦးဇော်ဝင်းထွန်းက ပြောသည်။

“ကျွှန်တော်တို့ ရခိုင်ပြည်နယ်မှာရှိတဲ့ မည့်သည့်တိုင်းရင်းသားမျိုးမဆို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ခွင့်ပြုချက်နဲ့ ပါတီတွေတည်ထောင်တဲ့အပေါ်မှာ ကျွန်တော်တို့ပါတီအနေနဲ့ ဘာမှထွေထွေထူးထူး ပြောစရာမရှိပါ။ သို့သော်လည်း ရခိုင်အမျိုးသားရေးအတွက် ပါတီတွေကို အသီးသီးတည်ထောင်ကြပါတယ်။ ဒီအပေါ်မှာ ရခိုင်ဒီမိုကရေစီ အဖွဲ့ချူပ် (ALD) ပါတီဆိုပြီး တည်ထောင်လာတာကို ဒီပါတီဟာ ရခိုင့်နိုင်ငံရေး၊ ရခိုင့် လူမျိုးအရေးအတွက် တစ်ထောင့်တစ်နေရာကနေ ပါဝင်လုပ်ဆောင် နိုင်လိမ့်မယ်လို့ မျော်လင့်ပါတယ်။ ဘယ်လောက်ထိ လုပ်ဆောင်နိုင်မယ်ဆိုတာကိုတော့ ကျွန်တော်တို့အနေနဲ့ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။”ဟု ဦးဇော်ဝင်းထွန်းက ဆိုသည်။ ယင်းအပြင် ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပါတီတစ်ရပ် အနေဖြင့် အမျိုးသားညီညွတ်ရေးနှင့် ရခိုင်သူ/ သားများအတွက် မှန်ကန်သော ဆုံးဖြတ်ချက်များကို ချမှတ်ကာ ရခိုင်ပြည်နယ်၏ အမျိုးသားစီးပွားရေးနှင့် နိုင်ငံရေးပြောင်းလဲမှု အခြေနေများကို ရှေ့ဆက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ် (ALD) ပါတီ၏ အဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

“ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်ပါတီဟာ ဟိုးအရင်ကတည်းကလဲ ရှိခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးကို လိုလားလို့ ပါတီပေါင်းစည်းမှုတွေကိုလည်း လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ လုပ်တိုင်းလည်း မဖြစ်ပါဘူး။ အခု ALD ပါတီအနေနဲ့ ရခိုင်အမျိုးသား အကျိုးစီးပွား၊ နိုင်ငံရေးမှုဝါဒတွေကို ပြုပြင်ပြောင်းလဲဖို့အတွက် ပါတီကို မှတ်ပုံတင် တည်ထောင်ရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ပါတီက တည်ထောင်စဖြစ်တဲ့အတွက် ပါတီဝင်တွေနဲ့တွေ့ဆုံပြီး ပါတီရဲ့ရှေ့ဆောက်လုပ်ငန်းတွေအတွက် သတင်းစာရှင်းလင်းပွဲလုပ်ဖို့ စီစဉ်ထားရှိပါတယ်။ ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်ရဲ့ အသံနှင့်လုပ်ဆောင်ချက်တွေကို ပြည်သူတွေ စောင့်ကြည့်နေကြပါ။”ဟု ပါတီအဖွဲ့ဝင် ဦးမျိုးကျော်က ပြောသည်။

ရခိုင်ဒီမိုကရေစီအဖွဲ့ချူပ်ပါတီ၏ ဗဟိုဌာနချူပ်ကို ရခိုင်ပြည်နယ်ကျောက်တော်မြို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ကာ ဌာနရုံးခွဲများကို တောင်ကုတ်မြို့နှင့် ရန်ကုန်မြို့တို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး ၎င်းပါတီကို အဖွဲ့ဝင် (၂၀) ဦးဖြင့် စတင်တည်ထောင်ထားခြင်းဖြစ်ကာ ပါတီ၏ရှေ့ဆက် လုပ်ဆောင်ရမည့် လုပ်ငန်းစဉ်များကို ဇူလိုင်လကုန်ပိုင်း တွင် ပါတီဝင်များစုပေါင်း၍ သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ   တွေ့ဆုံဆွေးနွေးသွားမည်ဖြစ်ကြောင်းလည်း ပါတီအဖွဲ့ဝင် ဦးမျိုးကျော် ပြောကြားချက်အရသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly