လွတ်လွတ်လပ်လပ်ဆောင်ရွက်ချင်လို့ ပါတီက နုတ်ထွက်တာ

လွတ်လွတ်လပ်လပ်ဆောင်ရွက်ချင်လို့ ပါတီက နုတ်ထွက်တာ
ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမ

 (ဦးစိန်ဝင်း-မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်)

မေး ။   ။ ပါတီကနေ နုတ်ထွက်ခဲ့တာ ဘာကြောင့်လဲ။

ဖြေ ။    ။ အန်လ်ကယ်က မအူပင်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်။ ၂၀၁၂ ကြားဖြတ်မှာလဲ NLD ကနေပြီးတော့ အရွေးခံတယ်။ ၂၀၁၅ မှာလည်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အနေနဲ့ အရွေးခံတယ်။ အဲ့နှစ်ပိုင်းမှာတော့ အန်ကယ်က တောင်သူလယ်သမားနဲ့လယ်သမားရေး ရာကော်မတီဥက္ကဋ္ဌ အနေနဲ့လည်း တစ်နှစ်နီးပါးလောက် ထမ်းဆောင်ခဲ့တယ်။ အဲ့တော့ ပါတီကနေ နုတ်ထွက်ရတဲ့အကြောင်းကတော့ အဓိကအကြောင်း ကြီးက အနာဂတ်အတွက် အသိပညာနည်းပညာတွေ ကျယ်ကျယ်ပြန့်ပြန့် လွတ်လွတ်လပ်လပ် ဆောင်ရွက်ချင်လို့ အန်ကယ်က ထွက်ခြင်းဖြစ်ပါတယ်။

မေး ။   ။ အန်ကယ့်အနေနဲ့ တစ်သီးပုဂ္ဂလအနေနဲ့ဆက်ပြီး ရပ်တည်သွားမယ်လို့လည်းကြားပါတယ်။ ဆိုတော့ ပါတီဝင်တုန်းက လုပ်ခွင့်မရတာတွေထဲက ဘာတွေဆက်လုပ်သွားဖို့ရှိလည်း။

ဖြေ ။    ။ အန်ကယ် တစ်သီးပုဂ္ဂလအနေနဲ့ရပ်တည်သွားရင် မြို့နယ်တိုင်း မြို့နယ်တိုင်းက တောင်သူလယ်သမားတွေ ဖိတ်တာတွေ၊ တောင်သူလယ်သမား အစည်းအဝေးတွေ လွတ်လွတ်လပ်လပ် တက်ခွင့်ရမယ်။ တောင်သူလယ်သမားနဲ့ပတ်သက်တဲ့ မတရားသိမ်းဆည်း ခံလယ်ယာမြေကိစ္စတွေကိုလည်း ပိုပြီးတော့ ဒီ့ထက်မက အောက်ခြေအထိ နက်နက်နဲနဲ သိခွင့်ရပြိးတော့ အန်ကယ် အတတ်နိုင်ဆုံး ထိန်းကျောင်းမှုတွေ၊ ဖြေရှင်းပေးနိုင်တယ်။ အန်ကယ်ကိုယ်တိုင်ကလည်း တောင်သူလယ်သမားအကျိုးစီးပွား ကာကွယ်ရေးနဲ့ တောင်သူလယ်သမား အကျိုးစီးပွားအကျိုး မြင့်တင်ရေး ဥပဒေ၊ နည်းဥပဒေတွေ ပြဌာန်းပြီးဖြစ်သော်လည်း ကနေ့ထိအောက်ခြေမှာတောင်သူလယ်သမားထုကြီးတစ်ရပ် ဖွဲ့စည်းမှုကလည်း မရှိဘူး။ အဲ့တော့ တောင်သူလယ်သမားတွေအတွက် ကူညီမယ့်သူ အားလျော့တယ်။ ဒါကြောင့်မို့လို့ တစ်သီးပုဂ္ဂလအနေနဲ့ဆိုရင် အတတ်နိုင်ဆုံး တောင်သူလယ်သမားတွေရဲ့အကျိုးကို လက်တွေ့ကျကျ အကောင်အထည်ဖော် ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်လို့ ဒီယုံကြည်ချက်ကြောင့် ထွက်တာပါ။

မေး ။   ။ ပါတီထဲကနေ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ အလုပ်လုပ်ရတာနဲ့ တစ်သီးပုဂ္ဂလအနေနဲ့လုပ်ရတာ ဘယ်လိုကွာခြားသွားမလဲ။

ဖြေ ။    ။ ပါတီကတော့ အထက်ကမူဝါဒ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ထိန်းပြီးတော့လုပ်ရတာပေါ့။ ပါတီတစ်ခုဖြစ်ပြီဆိုရင် ပါတီမှာ စည်းမျဉ်းစည်းကမ်းရှိတယ်။ အဲ့ဒီ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာရတာပေါ့။ တစ်ချို့စည်းမျဉ်းစည်းကမ်းတွေကျတော့ အန်ကယ်တို့အနေနဲ့ ဥပမာဆိုပါဆို့ အန်ကယ်က စိုက်ပျိုးရေးပညာရှင်လေ။ ဒီနိုင်ငံရေးမရောက်ခင်တည်းက ဟိုတုန်းကတည်းက တစ်ရွာဝင် တစ်ရွာထွက် စိုက်ပျိုးရေးပစ္စည်းတွေကို ဘယ်လိုသုံးစွဲရတယ်ဆိုတာ အသိပညာတွေ နည်းပညာတွေပေးလာခဲ့တာ။ ဆယ်နှစ်ကျော်နီးပါး ပေးလာခဲ့တယ်။

အဲ့တော့ တောင်သူလယ်သမားတွေနဲ့ အောက်ခြေမှာထိတွေ့ပြီးတော့ စိုက်ပျိုးရေးပညာရှင်တစ်ယောက်အနေနဲ့ အသိပညာ နည်းပညာ ပံ့ပိုးခဲ့တယ်။ ပါတီဝင်ပြီးတော့ လုပ်လိုက်တဲ့အခါကျတော့ အန်ကယ်က မြို့နယ်ကျော်ပြီးတော့ ဟောပြောလို့မရဘူး။ မြို့နယ်ကျော်ပြီး ဟောပြောလို့မရတဲ့အခါကျတော့ တောင်သူလယ်သမားတွေနဲ့ အန်ကယ့်အနာဂတ်ဖြစ်ချင်တဲ့ ဆန္ဒနဲ့ဟာ လက်တွေ့မှာ ပါတီရဲ့စည်းမျဉ်းက ဘဝင်မကျဘူး။ တစ်သီးပုဂ္ဂလကျတော့ ဘယ်သူမှ ချုပ်ကိုင်လို့မရတော့ဘူး။ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက် စည်းမျဉ်းစည်းကမ်းနဲ့လှုပ်ရှားပြီးတော့ တောင်သူလယ်သမား အကျိုးကို လက်တွေ့ကျကျ ကျယ်ကျယ်ပြန့်ပြန့်ပိုပြီးတော့ လွတ်လွတ်လပ်လပ် ထမ်းဆောင်နိုင်တဲ့ အခွင့်အရေး ရှိတဲ့အတွက် ထွက်ရခြင်းဖြစ်ပါတယ်။

မေး ။   ။ ပါတီအနေနဲ့တုန်းက လွှတ်တော်ထဲမှာ ဘာတွေလုပ်နိုင်ခဲ့လဲ။ အခု တစ်သီးပုဂ္ဂလအနေနဲ့ ဘာတွေထပ်လုပ်မလဲ။

ဖြေ ။    ။ ပါတီအနေနဲ့ကတော့ အာဏာရပါတီဖြစ်တဲ့အတွက် အစိုးရအပေါ်မှာ အတတ်နိုင်ဆုံး ထိန်းကျောင်းတဲ့အခါမှာ သတိနဲ့ထားပြီးထိန်းကျောင်းရတာပေါ့။ အစိုးရကိုက လွှတ်တော်မှာ အဲ့ကျတော့ သတိနဲ့ထားပြီးထိန်းကျောင်းတဲ့အခါ တချို့ကိစ္စတွေကျတော့လည်း ပေါ့ပေါ့လေးပဲ ထိန်းခဲ့ရတာပေါ့နော်။ တစ်သီးပုဂ္ဂလကျတော့ပိုပြီးတော့ ထက်ထက်မြက်မြက်နဲ့ မှားရင်လည်းမှားသလို မှန်ရင်လည်း မှန်သလို ထိထိရောက်ရောက် ပြတ်ပြတ်သားသား မှန်မှန်ကန်ကန်ကို အမှန်တရားဘက်ကနေပြီးတော့ ပိုပြီးထိန်းကျောင်းနိုင်တဲ့ အခြေအနေမျိုး ရရှိလာပါတယ်လို့ပဲ ပြောချင်ပါတယ်။

မေး ။   ။ အန်ကယ့်အနေနဲ့ NLD ပါတီဝင်ဖြစ်ခဲ့တဲ့တလျောက် လွှတ်တော်ထဲမှာ အမတ်တစ်ယောက် အနေနဲ့အဆိုတင်သွင်းရတာတွေရော လွတ်လပ်မှုရှိခဲ့လား။

ဖြေ ။    ။ ပြီးခဲ့တဲ့ကိစ္စမှာ အန်ကယ် အဆိုတစ်ခုတင်ဖို့ ကြိုးစားတယ်။ ကြိုးစားတဲ့အခါမှာ အဆိုကတော့ ဘာအဆိုလည်းဆိုတော့ လယ်ယာမြေနဲ့ တခြားမြေ မတရားသိမ်းဆည်းမှု   ဖြေရှင်းရေး အထောက်အကူပြု ဥပဒေ၊ နည်းဥပဒေ ပြဌာန်းပေးဖို့ အစိုးရနဲ့ လွှတ်တော်ကို တိုက်တွန်းကြောင်း အဆိုတစ်ခုတင်ခဲ့တယ်။ ဒီနှစ်မှာပဲလေ။ ဒုတိယအကြိမ်ပြည်သူ့လွှတ်တော်မှာ တင်တာ ဒါပေမယ့် ဒီဟာကတော့ လွှတ်တော် ဥက္ကဋ္ဌကြီးကနေပြီးတော့ ဒါ မသင့်သေးပါဘူးဆိုပြီးတော့ ဆိုင်းင့ံထားတယ်။ နောက်ပိုင်းလည်း အန်ကယ် ထပ်ပြီးတော့ အဲ့ဒီဥပဒေကြမ်းကို အန်ကယ်တို့ ကော်မတီကနေပြီး တောင်သူလယ်သမား၊ လယ်သမားရေးရာ ကော်မတီကနေပြီး ကော်မတီအနေနဲ့ နှစ်လတိတိ ဆွဲပြီးတော့ ကော်မတီ ၁၅ဦးက ၂လ တိတိ တက်တက်ကြွကြွဆွဲပြီးတော့ လွှတ်တော်ဥက္ကဋ္ဌဆီ ပို့ပေးတယ်ပေါ့။ လွှတ်တော်ဥက္ကဋ္ဌ (ဦးဝင်းမြင့်) က ဒါနဲ့ ပတ်သက်လို့ မှတ်ချက်တစ်စုံတစ်ရာမပြုဘူးပေါ့။ အဲ့တော့ ဒါက ပါတီတွင်းမှာလုပ်ခဲ့တဲ့အနေအထားပေါ့။ တစ်သီးပုဂ္ဂလကြတော့ တွန်းလို့ရပြီပေါ့နော်။ အမှန်တရားရယ်၊ အကျိုးရှိရာရှိကြောင်းကို အထာက်အထားခိုင်ခိုင်လုံလုံနဲ့ပြနိုင်ရင် ပိုပြီးအကျိုးရှိပြီး လွတ်လပ်မှုလည်း ပိုရှိတာပေါ့။

မေး ။   ။ ဆိုတော့ ပါတီအနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ လွှတ်တော်နဲ့ ဥပဒေပြုရေးအပေါ် ဘယ်လောက်လွမ်းမိုးမှုတွေရှိနေတယ်လို့ ထင်လဲ။

ဖြေ ။    ။ လွှတ်တော်ကိုယ်စားလှယ်တွေကို လွှတ်တော်ပိုင်းအနေနဲ့လွှမ်းမိုးမှုအနေအထားကတော့ အသင့်သင့် တော့ရှိပါတယ်။ ဒါပေမယ့် လက်ရှိအခြေအနေမှာတော့ လွန်လွန်ကဲကဲကြီးတော့ မရှိဘူးပေါ့။ ဒါလည်း နှစ်ဖက်မှာ တာဝန်ရှိတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေကိုလည်း တစ်ဖက်က အဆိုတို့၊မေးခွန်းတို့ သူ့တိုင်းအလိုက်ဆွေးနွေးမှုတွေများများလုပ်ရမယ်။ Update ဖြစ်အောင်လုပ်ရမယ်။ လွှတ်တော်ပိုင်းကလည်း ဒီလိုမျိုးစီမံခန့်ခွဲမှုကိုလည်း အခြေအနေကောင်းတွေကိုလည်း ဖန်တီးပေးဖို့လိုတယ်။ အဲ့လိုမဟုတ်ဘဲနဲ့အစိုးရကို ထိခိုက်မှာစိုးလို့ဆိုပြီးတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ အစိုးရကိုယ်တိုင်က လွှတ်တော်ကို ဂရုမစိုက်တဲ့ပုံစံမျိုး ဖြစ်သွားရင်လည်း မကောင်းဘူးပေါ့နော်။ အဲ့တာကြောင့် လွှတ်တော်ကိုယ်စားလှယ်တွေကို စီမံခန့်ခွဲတဲ့အခါမှာလည်း အခြေခံကျကျအကျိုးရှိအောင် စီမံခန့်ခွဲဆောင်ရွက်ဖို့လိုသလို တစ်ဖက်ကလည်း အစိုးရကို ထိန်းကျောင်းတဲ့အခါမှာလည်း ပိုပြီးတော့နီးနီးကပ်ကပ်နဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်တာမျိုး ကော်မတီတစ်ခုက အစိုးရဌာနတစ်ခုကို ဝေဖန်တော့မယ် မေးခွန်းတယ် ဝေဖန်ရတော့မယ့်အနေအထားမျိုးမှာ တကယ်တန်းဆိုရင်အစိုးရကိုယ်တိုင်က ညွှန်မှူးညွှန်ချုပ်တွေက ဒီမေးခွန်းပေါ်မှာမူတည်ပြီး ဒီမေးခွန်းကို ဘယ်ကိုယ်စားလှယ်ကလာမေးတာလဲ ဘယ်ကိုယ်စားလှယ်နဲ့ထိတွေ့ရမလဲ ပြီးတော့ ကိုယ်စားလှယ်ရဲ့အမြင် သူ့အမြင် စူးစမ်းရင် လွှတ်တော်ထဲမှာ စကားလုံးကအင်မတန်လှသွားမယ်။ အဲ့လိုမဟုတ်ပဲနဲ့ အစိုးရကလည်း ကော်မတီကိုဂရုမစိုက်ဘူး သူတို့ဖြေချင်ရာဖြေတယ်။ ကော်မတီကလည်း အောက်ခြေက ပြည်သူ့ဆန္ဒနဲ့ မေးမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပွတ်တိုက်မှုတွေကတော့ဖြစ်လာနိုင်စရာအကြောင်းရှိတာပေါ့။

မေး ။   ။ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ မေးခွန်းတွေက ပါတီရဲ့ဖြစ်စေချင်တာကို ပုံဖော်နေကြတယ်ဆိုတဲ့ ဝေဖန်မှုတွေကို ဘယ်လိုမြင်လဲ။

ဖြေ ။    ။ အဲဒါလည်း ဝေဖန်မှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ အန်ကယ့်ဖြစ်စဉ်တောင်မှ လုပ်ငန်းရှင်တစ်ဦးနဲ့ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးရယ် ပါတီဝင် နှစ်ဦးရယ် စုစုပေါင်း ၅ ဦး ရာဇဝတ်မှုနဲ့ ရဲစခန်းမှာ အမှုဖွင့်တဲ့ဟာ ပါတီကနေပြီးတော့ ဒါကိုအမှုမဖွင့်ဖို့ အန်ကယ့်ကို လှမ်းပြီးလမ်းညွှန်ချက်ပေးတယ်။ ဒါရာဇဝတ်မှုဖြစ်တဲ့အတွက် ရာဇဝတ်တို့မည်သည်မှာ မည်သူကမှ ဒါကိုထိန်းချုပ်ဖုံးကွယ်လို့ မရဘူး ။ အဲ့တော့ ကျွန်တော်တို့ ဖွင့်မှာပဲဆိုပြီးတော့ ဖွင့်ခဲ့တယ်ပေါ့။ အဲ့တော့ ပါတီရဲ့လမ်းညွှန်ချက်ကို မခံယူလို့ဆိုပြီး အန်ကယ့်ကို လွှတ်တော်ထဲမှာရှိတဲ့   တောင်သူလယ်သမားရေးရာကော်မတီ ဥက္ကဋ္ဌကနေပြီးတော့ ရုတ်တရက်ကြီး ဖယ်ရှားတယ်။ ဒါတွေဟာအမှန်တော့မလုပ်သင့်ဘူး။ ခံစားရလို့ပြောတာမဟုတ်ပါဘူး ။ ကိုယ့် NLD ကိုယ့်အစိုးရကို ပိုပြီးတော့ ဒီမိုကရေစီကျင့်စဉ်နဲ့ပိုပြီးတော့ ရှိစေချင်လို့ ဒီဟာကိုပြောတာပါ။ တကယ်တမ်း အန်ကယ့်ကို ဖယ်ချင်တယ်ဆိုရင် လွှတ်တော်ထဲက ဒီ ကော်မတီဥက္ကဋ္ဌတစ်ဦးကို ဖယ်ချင်တယ် ။အဲ့ဒီ့ဥက္ကဋ္ဌဟာ လွှတ်တော်ထဲမှာ တာဝန်ကျေပွန်မှုရှိ၊ မရှိ အရင်ထုတ်နုတ်လိုက် ပြီးစီစစ်ပြီးမှ တာဝန်မကျေဘူးလို့ စွဲချက်တင်တွေ့ရှိပြီးတော့ ဖယ်ရှားလိုက်ရင် အင်မတန်လှသွားတာပေါ့။ အဲ့လိုမဟုတ်ဘဲနဲ့ ပါတီရဲ့လမ်းညွှန်မှုအရ ပါတီရဲ့လမ်းညွှန်မှုကိုမခံယူတဲ့အတွက် လွှတ်တော်ရေးရာကော်မတီက ဥက္ကဋ္ဌကနေ ဖယ်တယ်ဆိုတော့ နားထောင်လို့လည်းမကောင်းဘူး။ ကြည့်လို့လည်း မကောင်းဘူး။ တစ်နည်းအားဖြင့် လွှတ်တော်က ပါတီအောက်ကို ရောက်သွားသလိုဖြစ်နေတယ်။ တခြားလွှတ်တော်ကိုယ်စားလှယ်တွေလည်း ရှိတယ်။ အမှန်က ဒီမိုကရေစီဆိုတာ အခြားအခြားသောပုဂ္ဂိုလ်တွေရဲ့ ဂုဏ်သိက္ခာလည်း ထိန်းရမှာပေါ့လေ။ တကယ်ဆို လုပ်ချင်သပဆိုလည်း ခုနကပြောသလို နည်းလမ်းတွေရှိပါတယ်။ အဲ့တော့ ပါတီက လွှမ်းမိုးမှုရှိတယ်ဆိုတာရော အန်ကယ်ကိုယ်တိုင်လည်း ခံခဲ့ရတာဖြစ်တဲ့အတွက် ဒါကတော့ ဟုတ်ပါတယ်။ လွှမ်းမိုးမှုရှိတယ်။ တကယ်တော့ လွှတ်တော်က လွှတ်တော်သက်သက် ပါတီက ပါတီသက်သက် အစိုးရက အစိုးရသက်သက် အကယ်၍ ပါတီက ဟိုဟာလုပ်ချင်တယ်ဆိုရင်အတွင်းထဲမှာပဲ သူ့ဟာသူ ဟိုဟာလုပ်၊ ပြီးရင် ဒီဘက်ကိုကြရင်တော့ လွှတ်တော်ရဲ့စီမံခန့်ခွဲကျင့်စဉ် စည်းကမ်းအတိုင်း လုပ်ထုံးလုပ်နည်းအတိုင်းဆောင်ရွက်ဖို့ ပါတီရဲ့လမ်းညွှန်မှုမခံလို့ပယ်တယ်ဆိုတာမျိုးကြီး သတင်းထဲမှာတက်လာတော့ အန်ကယ်တောင်တော်တော် အံသြသင့်သွားတယ်။

မေး ။   ။ အဲ့တော့ ဥပဒေပြုမှုပိုင်းမှာ ပါတီကနေ ဘယ်လောက်ထိလွှမ်းမိုးမှုတွေဖြစ်လာလဲ။

ဖြေ ။    ။ လွှမ်းမိုးမှုအနေအထားအရတော့ တချို့ကိုယ်စားလှယ်တွေက လွှမ်းမိုးမှုမခံပါဘူး။ တချို့ကိုယ်စားလှယ်တွေ ကြိုးစားကြတယ်။ အထူးသဖြင့် အမျိုးသမီးတွေဘာတွေ နှစ်ယောက် သုံးယောက်လောက် အန်ကယ်တွေ့ပါတယ်။ လွှမ်းမိုးမှုခံတဲ့ကိုယ်စားလှယ်ကျတော့ လည်း လွှမ်းမိုးမှုခံတာပေါ့နော်။ လက်ရှိအခြေအနေကတော့ လွမ်းမိုးမှုရှိတယ်။ တစ်ဘက်ကလည်း ကိုယ်စားလှယ်တွေကလည်း လွှမ်းမိုးမှုမခံအောင် ကြိုးစားမှုတွေရှိတယ်။ ဒီနှစ်ခုကြားမှာ ဒီလိုဖြစ်နေတဲ့အနေအထားက အမှန်ကတော့ လွှတ်တော်ပိုင်းဆိုင်ရာနဲ့ အာဏာရပါတီရဲ့ ကိုယ်စားလှယ်တွေဟာ ထိတွေ့မှု ပွင့်လင်းစွာ ဆွေးနွေးတိုင်ပင်မှု နည်းနည်းတယ်လို့ပဲမြင်ပါတယ်။ ကော်မတီက အစိုးရဌာန ၂၂ ခုရှိတယ်။ပြီးရင် ကော်မတီကို ခဏဖယ်လိုက် အစိုးရဌာနချင်းလိုက်ကို ကော်မတီက ၂၂ ခုဖွဲ့ထားတယ်။ တွက်လိုက်ရင် ဒီကော်မတီတစ်ခုဟာ စိုက်ပျိုးမွေးမြုရေးနဲ့ လယ်ယာစိုက်ပျိုးရေးဌာန တစ်ခုတည်းကို သူရဲ့ မှုဝါဒရော လုပ်ငန်းစဉ်ရော သူ့ရဲ့အမိန့်ညွှန်ကြားချက်တွေရော ပြဌာန်းထားတဲ့ ဥပဒေနည်းဥပဒေတွေရော ဘတ်ဂျက်တွေရော ဒါတွေ ကော်မတီတစ်ခုကနေပြီး သီးသီးသန့်သန့်နဲ့ သူ့ကိုအာရုံစိုက်ပြီးတော့ အပြန်အလှန်ထိန်းကျောင်းမယ်ဆိုရင် အင်မတန်ကို အကျိုးရှိပါတယ်ဆိုတာကို ၁၃ ရက်နေ့မှာပြောဖူးတယ်။ အဲ့ပြောတာကိုလည်း အစီရင်ခံစာနဲ့ မပတ်သက်ဘူးဆိုပြီး အမှန်တော့ အန်ကယ် ဆက်စပ်လို့ပြောတာပါ။ အဲ့လိုသာလုပ်နိုင်ရင် ဟိုဟာဖြစ်မယ်။ အခုကျတော့ အကျိုးရှိသလောက် မရှိဘူး။ကော်မတီတစ်ခုဟာ ဥပမာ စိုက်ပျိုးရေးနဲ့ပတ်သက်လို့ ကော်မတီ ၃ ခု လောက် တွေ့ရတယ်။ တောင်သူလယ်သမားနဲ့ အလုပ်သမားရေးရာကော်မတီ တစ်ခုရှိတယ်။   နောက်တစ်ခါ စိုက်ပျိုးမွေးမြူရေးနဲ့ ကျေးလက်ဖွံဖြိုးတိုးတက်ရေးကော်မတီတစ်ခုရှိတယ်။ နောက်တစ်ခုက စက်မှုဖွံဖြိုးတိုးတက် ရေးကော်မတီဆိုတာ တစ်ခုရှိတယ်။ အဲ့လိုမျိုး ကော်မတီက ၃ ခုရှိတယ်။ စိုက်ပျိုးရေးနဲ့ပတ်သက်လို့။ အဲ့ဒီ ၃ ခု လုံးက အဓိကရည်ရွယ်ချက်က ဘာလဲလို့မေးရင်တော့ လယ်ယာသားငါးကဏ္ဍ ဖွံဖြိုးတိုးတက်ရေး ကို သွားနေတာ။ အဲဒါဆိုရင် ကော်မတီကြီး ၃ ခုကို ခွဲကိုင်နေစရာမလိုဘူး။ တစ်ခုတည်းတင်လာခဲ့တဲ့ ဌာနက စိုက်ပျိုးမွေးမြူရေးနဲ့ ရေလုပ်ငန်းဖွံဖြိုးဌာန ကော်မတီကတစ်ခုတည်း ။ အဲ့ဒီဌာနမှာ ရှိတဲ့မူဝါဒတွေ လုပ်ငန်းစဉ် တွေ စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်တွေ ဘတ်ဂျက်သုံးစွဲမှုတွေ ဒါတွေအားလုံး စနစ်တကျ ကိုင်တွယ်လိုက်ရင် အားလုံး ပြီးတော့ အစိုးရဌာနကို လွှတ်တော်က အနီးကပ် ထိန်းကျောင်းနိုင်ပါတယ် ဆိုတာကို။ ဒါမျိုးလုပ်လိုက်ရင် လွှတ်တော်အတွက်လည်းကောင်းပါတယ်။ နောက်တစ်ခါ လွှတ်တော်ကိုယ်စားလှယ်တွေကို ပွင့်လင်းမြင်သာစွာ ဒီဘိတ်ကလေးတွေ   ခေါင်းစဉ်လေးတွေ  ပေးပြီးတော့ ဒီခေါင်းစဉ်တစ်ခုပေါ်မှာ ဥပမာ နောက်တစ်ပတ်မှာဆွေးနွေးမယ့် Agenda တွေကို အရင်ထုတ်လိုက် အဲ့ဒီ Agenda ပေါ်မှာ သူစိတ်ဝင်စားတဲ့ ဒီဘိတ်ကလေးတွေ   ဆွေးနွေးပွဲလေးတွေ ဖန်တီးပေးထားလိုက် ။ ဒါဆိုရင် ဒီလွှတ်တော်ကြီးထဲမှာ လာပြောနေစရာ မလိုဘူး။ ပြောဖို့အတွက် သူ ဟိုမှာကုန်ကြမ်းတွေရှာလိမ့်မယ်။ အမှန်တရားတွေကို ရှာလိမ့်မယ်။  ပြီးရင် မှားနေလည်းသူတို့ ပြင်လို့ရမယ်။ အဲ့လိုမျိုးလေးတွေပေါ့။ လက်တွေ့ကျတဲ့ စီမံခန့်ခွဲ အုပ်ချုပ်မှုတွေ လိုအပ်တယ်။

မေး ။   ။ အာဏာရပါတီ NLD အစိုးရနဲ့ လွှတ်တော်အပြန်အလှန်ထိန်းကျောင်းမှုအခြေအနေကိုရော ဘယ်လိုမြင်လဲ။

ဖြေ ။    ။ ရှိသင့်သလောက်တော့ ရှိပါတယ်။ သို့သော် အားရကျေနပ်မှုတော့မရှိသေးဘူး။ တချို့အစိုးရပိုင်း ပြည်ထောင်စုဝန်ကြီးတွေ လာရှင်းတဲ့အခါ တချို့လေသံတွေက အရင်အစိုးရလေသံ ပုံစံတွေပါနေတယ်ပေါ့လေ။ အခုက ဒီမိုကရေစီ အမြစ်တွယ်အောင်လုပ်တာလေ။ ဒီမိုကရေစီအမြစ်တွယ်ဖို့ဆိုတာက ဒီမိုကရေစီကျင့်စဉ် တွေနဲ့အညီ   ပြည်သူ့ကိုယ်စားပြုတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို  လေးလေးစားစားနဲ့ ရင်းရင်းနှီးနှီး ပွင့်ပွင့်လင်းလင်း၊ တိုင်တိုင်ပင်ပင်နဲ့ ပြသာနာအရပ်ရပ်ကို တစ်ခါတည်း ပူးပေါင်းပြီးတော့ ဖြေရှင်းချင်တဲ့ စိတ်ဆန္ဒရှိဖို့ လိုတာပေါ့။ အဲ့လိုမဟုတ်ဘဲ သူ့နားက ညွှန်မှူး၊ ညွှန်ချုပ်တွေက ရေးပေးတဲ့ဟာ တချို့ဟာတွေက အောက်ခြေရဲ့ပကတိအခြေအနေမှန်နဲ့ ထင်ဟပ်မှုမရှိဘဲနဲ့၊ စားပွဲပေါ်မှာပဲရေးထားတဲ့အရေးအသားတွေဟာ လွှတ်တော်ထဲမှာ လာရှင်းတဲ့အခါကြတော့ အန်ကယ်တို့အနေနဲ့ အချိန်တွေကုန်ပြီးတော့ တော်တော်လေး စိတ်ညစ်ရတာလေးတွေရှိတာပေါ့။ အဲ့တော့မလုပ်ပေးနိုင်လဲ မလုပ်ပေးနိုင်ဘူး ဘာကြောင့် လုပ်ပေးနိုင်တယ် လိုရင်းတိုရှင်းလေးပြောပြီးတော့ ဥပမာက  စလိုက်ရှိုးတွေနဲ့ မေးတဲ့မေးခွန်းကတစ်ခု ဘာတွေလုပ်ခဲ့ပါတယ်။ ဘာတွေလုပ်ခဲ့ပါတယ်ဆိုပြီး လွှတ်တော်ထဲမှာအစီရင်ခံနေတာက အရှည်ကြီးဆိုတော့ ဒါတွေကလည်း ပြုပြင်ဖို့လိုအပ်တာပေါ့။

မေး ။   ။ နောက်ဆုံးမေးခွန်းပါခင်ဗျ။ ဆရာ့အနေနဲ့ NLD ကနေပြီးဝင်ပြိုင်တာ နှစ်ကြိမ်စလုံး နိုင်ခဲ့တယ်ပေါ့။ အခုက တစ်သီးပုဂ္ဂလဆိုတော့ နောက်လာမယ့်ရွေးကောက်ပွဲမှာ ထပ်ပြီးနိုင်မယ်လို့ ယုံကြည်လား။

ဖြေ ။    ။ အန်ကယ်က အလုပ်တစ်ခုလုပ်ရင် တပည့်လည်း မမွေးဘူး။ ဆရာလည်းမမွေးဘူး။ အန်ကယ် မွေးတာတစ်ခုပဲရှိတယ်။ အလုပ်နဲ့အရည်အချင်းကို မွေးပြီး အလုပ်လုပ်ပါတယ်။ NLD မှာ ရပ်တည်တာလည်း ဂိုဏ်းဖွဲ့တာ မရှိဘူး။ ဆရာမွေး၊ တပည့်မွေးလည်းမရှိဘူး။ မအူပင်လွှတ်တော်ကိုယ်စားလှယ်ရုံးလည်း မေးလို့ရပါတယ်။ ဘယ်လိုနေထိုင်သွားတယ်ဆိုတာ။ အမှန်တရားနဲ့ ကြိုးစားအားထုတ်အရည်အချင်းပေါ်မှာပဲ ရပ်တည်တယ်။ အဲ့တော့ ပြီးခဲ့တဲ့ ဟာတွေကတော့ အစ်မကြီးဒေါ်အောင်ဆန်းစုကြည်ရဲ့ သူ့ရဲ့ဂုဏ်သိက္ခာကြောင့် အန်ကယ်ကြိုးစားရတာသိပ်မကြိုးစားရဘူးပေါ့။ ကြိုးစားသင့်သလောက်ပဲ ကြိုးစားရတယ်။ အစ်မကြီးရဲ့ ဂုဏ်သိက္ခာကြောင့် နိုင်ခဲ့ပါတယ်။ အစ်မကြီးရဲ့ကျေးဇူးလည်းရှိပါတယ်။ NLD ရဲ့ကျေးဇူးလည်းရှိပါတယ်။ NLD မှာရှိတဲ့နိုင်ငံရေးလုပ်တဲ့သူတွေ လွှတ်တော်ကိုယ်စားလှယ်တွေ ကိုယ် လေးလည်းလေးစားတယ်။ တန်ဖိုးလည်းထားပါတယ်။ ၂၀၂၀ ကတော့ နိုင်ပါ့မလားဆို အန်ကယ်ကတော့ ကြိုးစားမှာပေါ့။ လုပ်ချင်တာက နိုင်တာမနိုင်တာထက် ရည်ရွယ်ချက်က တောင်သူလယ်သမားတွေ အသိပညာတွေ နည်းပညာတွေသူတို့သိရှိသွားရင် အသိအားတွေရှိသွားရင် ဒီမိုကရေစီ အသိတွေရှိသွားရင်   တောင်သူလယ်သမားထုကြီး တစ်ရပ်လုံးဟာ   နိုင်ငံအတွက် အကျိုးရှိတာပေါ့။ အတော်များများပြည်သူတွေဟာ အခုဒီမိုကရေစီရဲ့ ကျင့်စဉ်တွေ သိပ်မသိကြဘူး။ အဲ့တော့ အန်ကယ့်အနေနဲ့ ၂၀၂၀ မှာရွေးကောက်ပွဲ တစ်သီးပုဂ္ဂလအနေနဲ့ ပြိုင်ဖို့ နိုင်၊ မနိုင်ဆိုတာ ရည်ရွယ်ချက်ရှိပါတယ်။ နိုင်အောင်ကြိုးစားမှာပေါ့။ သို့သော်လည်း အကြောင်းကြောင်းကြောင့် မနိုင်လို့ရှိရင်လည်း ဟိုဟာမဖြစ်ဘူး။ အန်ကယ်ရွေးချယ်တဲ့လမ်းက ပါတီနိုင်ဖို့ထက်   တောင်သူလယ်သမားတွေကို အသိပညာ၊ နည်းပညာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးချင်တဲ့ ဆန္ဒနဲ့ ထွက်လိုက်တာဖြစ်တဲ့အတွက် အဲ့ဒီဆန္ဒကတော့ ဘယ်သူကမှ ထိန်းချုပ်လို့ ဖျက်ဆီးလို့ မရပါဘူး။ ရွေးကောက်ပွဲကတော့ ယှဉ်ပြိုင်မှုရှိတာပေါ့ ။ ဒါက ယှဉ်ပြိုင်စရာအကြောင်း မရှိပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly