နိုင်ငံရန်သူအမြစ်များကို ဖြတ်တောက်ရမည်ဟု ဆရာတော် အရှင်ဆန္ဒာဓိက က ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြား

နိုင်ငံရန်သူအမြစ်များကို ဖြတ်တောက်ရမည်ဟု ဆရာတော် အရှင်ဆန္ဒာဓိက က ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြား

ရန်ကုန် ၊ဇူလိုင် ၂၂ ။             ။ နိုင်ငံကို မတည်မငြိမ်ဖြစ်အောင်လုပ်သည့် နိုင်ငံရန်သူများ၏ အမြစ်ကို ပြတ်ပြတ်သားသား ဖြတ်တောက် ပစ်ရမည်ဟု ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မိန့်ကြားလိုက်သည်။

ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်တွင် ပြုလုပ်သည့် နှစ်(၇၀)ကြိမ်မြောက် အာဇာနည်နေ့ ဆွမ်းကပ်လှူဒါန်းပွဲတွင်   ရွှေပါရမီတောရဆရာတော် အရှင်ဆန္ဒာဓိက က မိန့်ကြားခဲ့ခြင်းဖြစ်သည်။

"နိုင်ငံသားတွေကို ဆိုးကျိုးဖြစ်စေတဲ့သူဟာ နိုင်ငံ့ရန်သူပါပဲ။ နိုင်ငံတိုးတက်မှုကို အဟန့်အတား ဖြစ်စေတဲ့ သူဟာ နိုင်ငံ့ရန်သူပါပဲ။ ဘယ်လိုပုံစံ၊ ဘယ်လိုအနေအထားမျိုးနဲ့ပဲဖြစ်ဖြစ်   နိုင််ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်တဲ့သူ၊ နိုင်ငံသားတွေရဲ့ စိတ်နှလုံး အေးချမ်းမှုနဲ့ ဘဝတိုးတက်မှုကို နှောင့်နှေးစေတဲ့ သူတိုင်းဟာ နိုင်ငံ့ရန်သူတွေချည်းပါပဲ။ အဲဒီနိုင်ငံ့ရန်သူတွေရဲ့ အမြစ်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်။ အညွန့်ကိုလည်း ပြတ်ပြတ်သားသား ဖြတ်တောက်ပစ်ရမယ်" ဟု အရှင် ဆန္ဒာဓိက က မိန့်ကြားခဲ့သည်။

ယင်းအပြင် နိုင်ငံခေါင်းဆောင်တစ်ဦးအနေဖြင့် မည်သည့်ပြဿနာကိုမဆို ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်း သင့်သည်ဟု အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

"ခေါင်းဆောင်ကောင်းဆိုတာ လုပ်စရာရှိတဲ့ အလုပ်တွေကို၊ လုပ်သင့် လုပ်ထိုက်တဲ့ အလုပ်တွေကို ပြတ်ပြတ်သားသား လုပ်ကိုလုပ်ရပါမယ်။ တစ်ဦးတစ်ယောက်၊ တစ်စုတစ်ဖွဲ့ရဲ့ မျက်နှာကို မကြည့်ဘဲ နိုင်ငံသားအားလုံးရဲ့ မျက်နှာ တစ်ခုတည်းကိုပဲကြည့်ပြီး ပြတ်ပြတ်သားသားလုပ်ရပါမယ်" ဟု အရှင်ဆန္ဒာဓိက က မိန့်ကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly