ခရီးစဉ်တွေ အတွင်းမှာ ကန့်သတ်မှုတွေ ရှိနေသည်ဟု ယန်ဟီးလီဆို

ခရီးစဉ်တွေ အတွင်းမှာ ကန့်သတ်မှုတွေ ရှိနေသည်ဟု ယန်ဟီးလီဆို

ရန်ကုန် ၊ ဇူလိုင် ၂၂ ။                      ။ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးသံတမန်ဖြစ်သည့် မစ္စယန်ဟီးလီက သူမရဲ့ ၁၂ ရက် ကြာ မြန်မာနိုင်ငံ ခရီးစဉ်အတွင်းမှာ ကန့်သတ်မှုတွေရှိနေခြင်းကြောင့် ကျေနပ်အားရမှုမရှိဘဲ စိတ်ပျက်ခဲ့ရသည် ဟု ဆိုသည်။

ယမန်နေ့ ညနေပိုင်းက ရန်ကုန်မြို့၌ သူမ၏ ၁၂ ရက်ကြာခရီးစဉ်နှင့် ပတ်သက်ပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူသည် ပြီးခဲ့သော ဇန်နဝါရီလတွင် လာရောက်ခဲ့ပြီး လူ့အခွင့်အရေးအခြေအနေကို စောင့်ကြည့်ကာ တိုးတက်မှုအခြေအနေကို အစီရင်ခံစာတင်ရန် ယခုတစ်ခေါက် ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

မြန်မာနိုင်ငံ ခရီးစဉ်အဆုံး အစီရင်ခံစာအတွက် သွားရောက်ကြည့်ရှုလိုသောနေရာအချို့ကို လုံခြံုရေးအရ သွားရောက်ခွင့်မရခဲ့ကြောင်း  ပြောသည်။

“ရှမ်းပြည်နယ်အတွင်းမှာ ကျွှန်မသွားလိုတဲ့နေရာတွေ မသွားခဲ့ရပါဘူး။ လားရှိုးထိပဲ သွားခွင့်ရခဲ့ပါတယ်။ ကရင်ပြည်နယ်မှာလည်း ဘားအံအထိပဲ သွားခဲ့ရပါတယ်”ဟု မစ္စယန်ဟီးလီက ပြောခဲ့သည်။

ရခိုင်ပြည်နယ် စစ်တွေ ၊ ကျောက်ဖြူ ၊ မောင်တော ၊ ဘူးသီးတောင် မြို့ရှိ ဒုက္ခသည် စခန်းများကို သွားရောက်ခွင့် ရရှိခဲ့သော်လည်း ဘင်္ဂါလီ ဒုက္ခသည် စခန်းများကို သွားရောက်ခွင့် မရခဲ့ကြောင်း မစ္စယန်ဟီးလီက ဆိုသည်။

ယင်းအပြင် မတရားအသင်းဆက်သွယ်မှုဖြင့် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် သတင်းထောက်သုံးဦး နှင့် တွေ့ဆုံခွင့် မရရှိစေရန် ကန့်သတ်မှု ခံရခြင်းအပေါ် စိတ်ပျက်မိသာ်လည်း ခရီးစဉ်အတွင်း၌ ပညာရေး ၊ ကျန်းမာရေးအခြေအနေ များ တိုးတက်မှုများ ရှိလာသည်ကိုမြင်တွေ့ရသည်ဟု သူမက ဆိုသည်။

ယမန်နေ့ ညပိုင်းက နိုင်ငံတော်အတိုင်ပင်ခံရုံးမှ သတင်းထုတ်ပြန်ချက်တစ်ရပ် ထုတ်ခဲ့ပြီး အဆိုပါ မြန်မာနိုင်ငံဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ၏ မြန်မာနိုင်ငံခရီးစဉ်အဆုံး ထုတ်ပြန်ချက်အပေါ် မိမိတို့အနေဖြင့် စိတ်ပျက်ရပါသည် ဟု ပါရှိသည်။

အစိုးရဘက်မှ မစ္စယန်ဟီးလီ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း ထုတ်ပြန်ချက်သည် ယေဘုယျ ဆန်သော စွပ်စွဲချက်များနှင့် မှားယွင်းသော အချက်အလက်များစွာ ပါဝင်နေသည် ဟု ထုတ်ပြန်ထားသည်။

မစ္စယန်ဟီးလီ၏ ၁၂ ရက်ကြာခရီးစဉ်အတွင်း ရခိုင်၊ ကရင်နှင့် ရှမ်းပြည်နယ်တို့သို့ သွားရောက်ခဲ့ပြီး လူ့အခွင့် အရေးဆိုင်ရာ အခြေအနေများ လေ့လာခဲ့သည်။ ယခုခရီး စဉ်မှ ရရှိသည့်တွေ့ရှိချက်များကို အောက်တိုဘာတွင် ပြုလုပ်မည့် ကုလသမဂ္ဂ အထွေထွေညီလာခံ တွင် အစီရင်ခံစာတစ်ရပ် တင်သွင်းမည်ဖြစ်သည်။

မစ္စယန်ဟီးလီ၏ ၁၂ ရက်ကြာခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ပြည်ထဲရေး၊ ကာကွယ်ရေး၊ သာ သနာရေးနှင့် ယဉ်ကျေးမှု၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး စသည့် ပြည် ထောင်စုဝန်ကြီးများနှင့် တွေ့ခွင့်ရရေး အဆိုပြုသော်လည်း တွေ့ဆုံခွင့်မရခဲ့ကြောင်း ခရီးစဉ်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly