အသုံးမကျသည့် အမေရိကန်မြေပေါ် ဘယ်တော့မှ ခြေမချဟု ဒူတာတေးပြော

အသုံးမကျသည့် အမေရိကန်မြေပေါ် ဘယ်တော့မှ ခြေမချဟု ဒူတာတေးပြော

မနီလာ၊ ဇူလိုင် ၂၁ ။         ။ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အစောပိုင်းက ဖိတ်ခေါ်ထားမှု ရှိနေသည့်ကြားက ဖိလစ်ပိုင်သမ္မတ ဒူတာတေးသည် အသုံးမကျသည့် အမေရိကန်ဆီ ဘယ်သောအခါမျှ အလည်အပတ်သွားမည် မဟုတ်ဟု သံန္ဒိဌာန်ချထားကြောင်း ဇူလိုင် ၂၁ ရက်တွင် ပြောလိုက်သည်။

၎င်း၏ သွေးစွန်းသော မူးယစ်ဆေးဝါးဆန့်ကျင်ရေးစစ်ပွဲများအပေါ် အမေရိကန် ကွန်ဂရက်လွှတ်တော် လူ့အခွင့်အရေးကော်မရှင်တွင် ပြင်းပြင်းထန်ထန်ထိုးနှက်ဝေဖန်ခြင်းအား ဒူတာတေးက ဒေါသဖြင့် တုံ့ပြန်ရာမှ ယခုကဲ့သို့ ကြေညာလိုက်ခြင်းဖြစ်သည်။

"ကျုပ်ရဲ့ သမ္မတသက်တမ်းအတွင်းမှာ အမေရိကန်ဆီ သွားတာမျိုး ဘယ်တော့မှ ဖြစ်လာမှ မဟုတ်ဘူး။ ဒီနောက်ပိုင်းလည်း သွားလိမ့်မှာ မဟုတ်ဘူး။"ဟု သတင်းထောက်များအား ဒူတာတေးက ပြောသည်။

"အမေရိက ဆိုတာ အသုံးမကျပါလို့ပဲ ကျွန်တော်မြင်တယ်။ သူတို့ဆီမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ဒူးနဲ့ဒေးပဲ။"ဟု အရှေ့အလယ်ပိုင်းတွင် အမေရိကန်စစ်သားများ တိုက်ခိုက်နေခြင်းကို ၎င်းက လက်ညိုးထိုး ပြောဆိုသည်။

ပြီးခဲ့သည့်နှစ်က ရာထူးတက်လာခဲ့သည့် ဒူတာတေးသည် လူထောင်ပေါင်းများစွာ သေဆုံးရသော ၎င်း၏ မူးယစ်စစ်ပွဲကို ယခင် အမေရိကန်သမ္မတဟောင်း ဘားရတ်အိုဘားမားက ဝေဖန်လိုက်ပြီးနောက် အဓိကစစ်ရေးမဟာမိတ် အမေရိကန်နိုင်ငံထံမှ ဖိလစ်ပိုင်ကို ခွာထုတ်ရမည်ဟု ယခင်က ကြွေးကြော်ထားခဲ့ဖူးသည်။

သို့သော် ဒေါ်နယ်ထရမ့် သမ္မတဖြစ်လာပြီးနောက်တွင် ဒူတာတေး၏ မူးယစ်စစ်ပွဲကို အကောင်းပြောခဲ့ကာ အိမ်ဖြူတော်သို့ပင် ဖိတ်ကြားခဲ့သည်။

ယင်းအချိန်က အခြားပြည်ပခရီးစဉ်များ စီစဉ်ပြီးဖြစ်၍ အမေရိကန်ခရီးစဉ်ကို မလာနိုင်ကြောင်း ဒူတာတေးက ပြောထားခဲ့သည်။

လက်ရှိတွင် ဇူလိုင် ၂၀ ရက် အမေရိကန်လွှတ်တော်တွင် ဒူတာတေး၏ မူးယစ်စစ်ပွဲအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုများကို ကြားနာရာ၌ လွှတ်တော်အမတ် ဂျိမ်းမတ်ဂိုဗင်က ဒူတာတေးကို အမေရိကန်သို့ မလာရောက်စေသင့်ကြောင်း ပြောခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly