ဦးနှောက်ခွဲစိတ်မှုခံယူစဉ် ဂီတာတီးနေခဲ့တဲ့ အိန္ဒိယအမျိုးသား

ဦးနှောက်ခွဲစိတ်မှုခံယူစဉ် ဂီတာတီးနေခဲ့တဲ့ အိန္ဒိယအမျိုးသား

ဇူလိုင် ၂၁ ။                    ။ အိန္ဒိယအမျိုးသားတစ်ဦးဟာ  ဦးနှောက်ခွဲစိတ်ကုသမှုခံယူနေစဉ် ဂီတာတီးနေခဲ့တယ်လို့ သိရပြီး ယင်းခွဲစိတ်မှုလည်း အောင်မြင်ခဲ့ကာ ယခုအခါ ၎င်းရဲ့ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းမွန်နေပြီ ဖြစ်ကြောင်း သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။

Abhishek Prasad ဆိုသူ အိန္ဒိယအမျိုးသားဟာ ဦးနှောက်အာရုံကြောဆိုင်ရာ ဝေဒနာတစ်မျိုး ခံစားနေခဲ့ရပြီး ညာဘက်လက်က လက်ချောင်းလေးတွေ ကပ်နေခဲ့လို့ ပုံမှန်အတိုင်း လှုပ်ရှားလို့မရ ဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ လက်ချောင်းတွေ ပုံမှန်အတိုင်းမရှိလို့ သူဝါသနာပါတဲ့ ဂီတာကိုလည်း တီးလို့မရဖြစ်နေခဲ့ပါတယ်။

ဒါ့ကြောင့်လည်း အသက် ၃၇ နှစ်အရွယ် ၎င်းအမျိုးသားဟာ ကျွမ်းကျင်ဆရာဝန်တွေဆီမှာ သွားရောက်ခွဲစိတ်ကုသမှု ခံယူဖို့ ဆုံးဖြတ်ခဲ့ပြီး Bangalore မြို့ Bhagwan Mahaveer Jain ဆေးရုံက ဆရာဝန်တွေက သူ့ရဲ့ ဝေဒနာကို ကုသနိုင်ဖို့ ကို့ရိုးကားရားနိုင်တဲ့ခွဲစိတ်မှု ပြုလုပ်ဖို့ ပြောကြားခဲ့ပါတယ်။

ယင်းနောက် ခွဲစိတ်ဆရာဝန်တွေက Prasad မေ့ဆေးပေးပြီး သူ့ဦးခေါင်းခွံကို ခွဲစိတ်ဖို့ လုပ်ခဲ့ကြပါတယ်။ ပြီးတော့ သူ့မှာခံစားနေရတဲ့ ဖြစ်တောင့်ဖြစ်ခဲသော အာရုံကြောဝေဒနာကို   ဖြစ်စေရာ နေရာအတိအကျကို ရှာတွေ့ဖို့ ကြိုးစားခဲ့ကြပါတယ်။

" ဒီ ခွဲစိတ်မှုလုပ်ခဲ့တဲ့အချိန်အတွင်း Prasad က လုံးလုံးလျားလျား နိုးနေခဲ့ပြီးတော့ ဂီတာတီးနေခဲ့ပါတယ်၊ တကယ်ကလည်း သူဂီတာတီးဖို့ ကြိုးစားတဲ့အချိန်တိုင်းမှာ ခံစားနေခဲ့ရတဲ့ ဝေဒနာကို ခွဲစိတ်ပေးရမှာဖြစ်ပါတယ်၊ အဲဒီလို ခွဲစိတ်နေတဲ့အချိန် သူဂီတာတီးနေခဲ့တာက ဆရာဝန်တွေအတွက် သိပ်ကောင်းခဲ့ပါတယ်၊ သူအဲလို တီးနေခဲ့လို့ ကျွန်တော်တို့ ခွဲစိတ်ရမယ့် နေရာအတိအကျကို ကောင်းကောင်းရှာတွေ့ခဲ့ပါတယ်" လို့ ခွဲစိတ်ဆရာဝန် Dr Sharan Srinivasan က ပြောသွားပါတယ်။

ခုနှစ်နာရီ ကြာမြင့်ခဲ့တဲ့ ယင်းခွဲစိတ်မှုအတွင်း ကောင်းကောင်းသတိရနေတဲ့ အတွေ့အကြံုကိုလည်း Prasad က ပြောပြပါတယ်။ အဲဒီခွဲနေတဲ့အချိန်မှာပဲ သူ့လက်ချောင်းတွေ ပိုပြီးတော့တောင် သန်စွမ်းဖျတ်လတ်လာတယ်လို့ ဆိုပါတယ်။

" ဒီခွဲစိတ်ခုံပေါ်မှာ ရှိနေချိန်မှာပဲ ကျွန်တော့်လက်ချောင်းတွေ သိသိသာသာ တိုးတက်ကောင်းမွန်လာတာတွေ့တော့ အံ့သြခဲ့မိပါတယ်၊ ခွဲလည်းခွဲပြီးရော ကျွန်တော့်လက်ချောင်းတွေ ၁၀၀ ရာခိုင်နှုန်း ပြန်ကောင်းခဲ့ပါပြီ" လို့ ၎င်းက Times of Inida သတင်းစာကို ပြောသွားပါတယ်။

ယခုအခါမှာလည်း ၎င်းရဲ့ ကျန်းမာရေးအခြေနေ တိုးတက်ကောင်းမွန်လာခဲ့လို့ ဆေးရုံကနေ ဆင်းခဲ့ပြီ ဖြစ်ပါတယ်။

 
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags