အာဖရိကဖလားပြိုင်ပွဲကျင်းပချိန် ပြောင်းလဲလိုက်သည့်အတွက် ဥရောပကလပ်များ ၀မ်းမြောက်

အာဖရိကဖလားပြိုင်ပွဲကျင်းပချိန် ပြောင်းလဲလိုက်သည့်အတွက် ဥရောပကလပ်များ ၀မ်းမြောက်

ဇူလိုင် ၂၁၊ အင်္ဂလန် ။          ။ ၂ နှစ်တစ်ကြိမ် ကျင်းပပြုလုပ်လျက်ရှိသည့် အာဖရိကဖလားပြိုင်ပွဲကျင်းပချိန်ကို ဇန်နဝါရီ-ဖေဖော်ဝါရီမှ ဇွန်-ဇူလိုင် လများတွင် ပြောင်းလဲကျင်းပရန် ဆုံးဖြတ်လိုက်သည့်အတွက် ဥရောပကလပ်များ ၀မ်းမြောက်လျက်ရှိနေကြသည်။

မော်ရိုကိုနိုင်ငံတွင်ကျင်းပပြုလုပ်ခဲ့သည့် အာဖရိကဘောလုံးအဖွဲ့ချုပ် အစည်းအဝေးတွင် ထိုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် လာမည့် ၂၀၁၉ ခုနှစ်တွင် ကင်မရွန်းနိုင်ငံ၌ကျင်းပမည့် အာဖရိကဖလားပြိုင်ပွဲကို ဥရောပဘောလုံးရာသီရပ်နားသည့် ဇွန်နှင့်ဇူလိုင်လများတွင် ကျင်းပမည်ဖြစ်သည်။ ထို့အပြင် ပြိုင်ပွဲဝင်အသင်းအရေအတွက်ကိုလည်း ၁၆ သင်းမှ ၂၄ သင်းအထိ တိုးမြှင့်လိုက်သည်။

ယခင်က ဥရောပဘောလုံးရာသီတစ်ဝက်ကျိုးချိန်တွင် အာဖရိကဖလားပြိုင်ပွဲကို ကျင်းပလေ့ရှိသောကြောင့် ပရီးမီးယားလိဂ်နှင့်အခြားဥရောပထိပ်တန်းလိဂ်များက အာဖရိက ကစားသမားများကို ၎င်းတို့၏လက်ရွေးစင်အသင်းအတွက် စေလွှတ်ပေးရသည်။ ထို့ကြောင့် အဆိုပါကစားသမားများကို အားကိုးရသည့် ဥရောပကလပ်များမှာ ယင်းအချိန်တွင် ရုန်းကန်ရလေ့ရှိသည်။

ယခုကဲ့သို့ ပြောင်းလဲလိုက်သည့်အတွက် အာဖရိက ကစားသမားများကို ဥရောပကလပ်များက ပိုမိုစိတ်ဝင်စားလာလိမ့်မည် ဖြစ်ကြောင်း ၀ါရင့်အေးဂျင့် ပါပါအက်ယီမန်က ပြောသည်။

‘အေးဂျင့်တစ်ယောက်အနေနဲ့လည်း အလုပ်လုပ်ရတာပိုလွယ်သွားပါလိမ့်မယ်။ အရင်ကဆို ဥရောပကလပ်တွေက ၂ နှစ်တစ်ကြိမ် ရာသီဝက်မှာ ကစားသမားဆုံးရှုံးမှုဖြစ်ရတယ်ဆိုတဲ့ ဆင်ခြေနဲ့ အာဖရိက ကစားသမားတွေကို မခေါ်လိုကြပါဘူး။

ဒီဆုံးဖြတ်ချက်ကြောင့် ဥရောပအသင်းတွေကို ပိုပြီးဆွဲဆောင်နိုင်ပါလိမ့်မယ်။ သူတို့အနေနဲ့ ၂ နှစ်မှာတစ်ခါ အာဖရိကကစားသမားတွေ ဆုံးရှုံးရမှာကို တွေးစရာမလိုတော့ပါဘူး’ ဟု ပါပါအက်ယီမန်က ဆိုခဲ့သည်။

ရည်ညွှန်း ဘီဘီစီ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags