အိမ်အကူမိန်းကလေးငယ်နှစ်ဦး၏ အုပ်ထိန်းသူများကသာ လစာများကို ခေါင်းပုံဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ တင်မင်းလတ် ထွက်ဆို

အိမ်အကူမိန်းကလေးငယ်နှစ်ဦး၏ အုပ်ထိန်းသူများကသာ လစာများကို ခေါင်းပုံဖြတ်ခဲ့ခြင်းဖြစ်ကြောင်း စွပ်စွဲခံရသူ တင်မင်းလတ် ထွက်ဆို

ရန်ကုန်၊ ဇူလိုင်လ ၂ဝ ။           ။ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူလုပ်သော မိန်းကလေးငယ်နှစ်ဦး၏ လစာများအပေါ် ၎င်းတို့ အုပ်ထိန်းသူများကသာ ခေါင်းပုံဖြတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့မိသားစု မလုပ်ခဲ့ဟု အင်းဝအပ်ချုပ်ဆိုင်မှ တင်မင်းလတ်က  ယနေ့ ဇူလိုင်လ ၂ဝ ရက်နေ့၊ ရန်ကုန်အနောက်ပိုင်း ခရိုင်၊ တရားခွင်ရှေ့တွင် ထွက်ဆိုခဲ့သည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး စွပ်စွဲခံရသူများဖြစ်သည့် အင်းဝအပ်ချုပ်ဆိုင်မိသားစုကို ဇူလိုင်လ ၁၃ ရက်နေ့ ရုံး ချိန်းမှစတင်ကာ တရားခွင်တွင် စစ်ဆေးနေခြင်းဖြစ်ပြီး စွပ်စွဲခံရသူ တင်မင်းလတ်ကို ယနေ့ ဇူလိုင်လ ၂ဝ ရက် နေ့ ရုံးချိန်းတွင် ၄င်းဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေမှ အပြန်အလှန်မေးခွန်း များမြန်းစဉ် တင်မင်းလတ်က ထိုကဲ့သို့ ထွက်ဆိုခဲ့ခြင်းဖြစ်သည်။

၄င်းအနေဖြင့် အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူူလုပ်ကိုင်ခဲ့သည့် မသဇင်၊ မစန်းကေခိုင်တို့နှင့် လုံးဝပတ်သက်ခဲ့ခြင်း မရှိသည့်အပြင် ၄င်းမှ သူမတို့၏ လစာများကို ခေါင်းပုံဖြတ်ခြင်း၊ အိမ်အကူအဖြစ်ခိုင်းစေခဲ့သည့် ၄င်း မိခင်ဖြစ်သူ ဒေါ်တင်သူဇာနှင့် ညီမဖြစ်သူ စုမွန်လတ်တို့မှလည်း ခေါင်းပုံဖြတ်ခြင်းများ ပြုလုပ်ခဲ့ခြင်းမရှိကြောင်း တင်မင်းလတ်က တရားခွင်တွင် ထွက်ဆိုသည်။

အဆိုပါ မသဇင်နှင့် မစန်းကေခိုင်တို့၏ လစာများကို ခေါင်းပုံဖြတ်သူများမှာ သူမတို့နှစ်ဦး၏ မိဘအုပ်ထိန်းသူများသာဖြစ်ပြီး ယင်းမိန်းကလေးငယ်နှစ်ဦးကို အိမ်အကူအဖြစ် ငှားရမ်းခြင်း၊ ခိုင်းစေခြင်း၊ လစာပေးခြင်းများမှာလည်း ၄င်းအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ကြောင်း တင်မင်းလတ်က တရားခွင်ရှေ့တွင် ပြောသည်။

တင်မင်းလတ်က ၄င်းမှာ နိုင်ငံခြားတွင် သွားရောက်ပညာသင်ကြားကာ အလုပ်လုပ်ကိုင်နေသည့်အတွက် အ ဆိုပါ မိန်းကလေးငယ်နှစ်ဦးကို ့မြင်တွေ့ဖူးခဲ့ခြင်းမရှိဘဲ သူမတို့၏ မိဘအုပ်ထိန်းသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများက အခင်းမဖြစ်ပွားမီ လာရောက်ခေါ်ဆောင်သည့် အချိန်မှသာ တွေ့မြင်ဖူးခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်။

ထို့အတူ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင်ဒေါ်တင်သူဇာကလည်း ဇူလိုင်လ ၁၃ ရက်နေ့ ရုံးချိန်း၌ အင်းဝအပ်ချုပ်ဆိုင် တွင် အိမ်အကူလာရောက်လုပ်ကိုင်ခဲ့သည့် မိန်းကလေးငယ်များကို တစ်စုံတစ်ရာ ညှင်းပန်းနှိပ်စက်ခဲ့ခြင်းမရှိဟု ထွက်ဆိုခဲ့မှုများ ရှိသည်။

ယနေ့ တရားခွင်ရှေ့တွင်ထွက်ဆိုခဲ့သည့် စွပ်စွဲခံထားရသော တင်မင်းလတ်ဆိုသူမှာ ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာ လ၊ ၁၅ ရက်နေ့က မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်းရုံး၌ မသဇင်နှင့် မစန်းကေခိုင်တို့၏ မိဘအုပ်ထိန်းသူ များနှင့် ညှိနှိုင်းစဉ်တွင် ပါဝင်ခဲ့သူတစ်ဦးဖြစ်သည်။

အဆိုပါ အင်းဝအပ်ချုပ်ဆိုင်ပိုင်ရှင် ဒေါ်တင်သူဇာအပါအဝင် တင်မင်းလတ်၊ စုမွန်လတ်၊ ရာဇာထွန်းတို့ကို ခရိုင်တရားရုံးမှ မေလ ၂၅ ရက်တွင် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၉ ဖြင့်လည်းကောင်း၊ ကလေးသူငယ်ဥပဒေပုဒ်မ - ၆၆ (ဃ)ဖြင့် လည်းကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၃၄၄ ဖြင့် လည်းကောင်း အသီးသီးစွဲချက်တင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

ထို့ပြင် ဦးကိုလတ်နှင့် သီရိလတ်တို့ကိုလည်း မိန်းကလေးငယ်နှစ်ဦးအား နှိပ်စက်ရာတွင် ဟန့်တားခြင်းမရှိဘဲ ပူးပေါင်းပါဝင်ခဲ့သည့်အတွက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ - ၂၄/ ၂၇/ ၃၂ တို့ဖြင့် လည်း ကောင်း၊ နာကျင်စေမှုဖြစ်သည့် ရာဇသတ်ကြီးဥပဒေပုဒ်မ - ၃၂၅/ ၁၁၄/ ၃၄၄/ ၁၁၄ တို့ဖြင့် လည်းကောင်း အသီးသီး စွဲချက်တင်ခဲ့သည်။

အနောက်ပိုင်းခရိုင်တရားရုံးမှ အဆိုပါအမှုနှင့် ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆို လိုက်ပြီး အဆိုပါရုံးချိန်းတွင်လည်း  စွပ်စွဲခံထားရသည့် အင်းဝအပ်ချုပ်ဆိုင်မိသားစုဝင်များကိုသာ ဆက်လက် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly