အေစီမီလန်နောက်ခံလူ ဒီစီဂလီယိုကို ဂျူဗင်တပ်စ်အသင်း ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

အေစီမီလန်နောက်ခံလူ ဒီစီဂလီယိုကို ဂျူဗင်တပ်စ်အသင်း ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူ

ဂျူဗင်တပ်စ်အသင်းသည် အေစီမီလန်အသင်းမှ အီတလီလက်ရွေးစင်နောက်ခံကစားသမား မတ်တီယာ ဒီစီဂလီယိုကို ငါးနှစ်စာချုပ်ဖြင့် ခေါ်ယူလိုက်ပြီ ဖြစ်သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ဒီစီဂလီယိုနှင့် အေစီမီလန်တို့၏စာချုပ်သက်တမ်းမှာ တစ်နှစ်ကျန်ရှိနေသေးပြီး ဂျူဗင်တပ်စ်အသင်းက ၎င်းအတွက် ပြောင်းရွှေ့ကြေး ယူရို ၁၂ သန်းပေးချေခဲ့ရသည်။ ထို့အပြင် အပိုဆုကြေးငွေအဖြစ် ယူရို ၀.၅ သန်းပေးချေဦးမည် ဖြစ်သည်။

ဒီစီဂလီိယိုသည် ဂျူဗင်တပ်စ်အသင်းတွင် ဆေးစစ်မှုခံယူပြီး စာချုပ် ချုပ်ဆိုရန်အတွက် အေစီမီလန်အသင်း၏တရုတ်နိုင်ငံ ခြေစမ်းခရီးစဉ်သို့ လိုက်ပါသွားခြင်း မရှိပဲ အီတလီတွင် ကျန်ရစ်ခဲ့သည်။

ထို့နောက် ဆေးစစ်မှုများပြုလုပ်ခဲ့ပြီး ယခု ဂျူဗင်တပ်စ်နှင့် ၂၀၂၂ ခုနှစ်အထိ စာချုပ်ချုပ်ဆိုလိုက်ပြီ ဖြစ်သည်။ ဂျူဗင်တပ်စ်အသင်းသည် အသင်းမှထွက်ခွာသွားသော နောက်ခံလူဒန်နီအဲလ်ဗက်စ်၏နေရာတွင် အစားထိုးရန် ဒီစီဂလီယိုကို ခေါ်ယူခဲ့ခြင်း ဖြစ်သည်။

ဒီစီဂလီယိုမှာ အေစီမီလန်အသင်းတွင် ၂၀၁၁ ခုနှစ်ကတည်းက ကစားနေသူဖြစ်ပြီး ပွဲပေါင်း ၁၃၃ ပွဲကစားပေးခဲ့သည်။ ၂၀၁၃ ခုနှစ်တွင် အီတလီလက်ရွေးစင်စဖြစ်ခဲ့ပြီး ပွဲပေါင်း ၃၁ ပွဲပါ၀င်ကစားထားသည်။ ဒီစီဂလီယိုသည် ယူရို ၂၀၁၆ ပြိုင်ပွဲတွင် အီတလီလက်ရွေးစင်နည်းပြကွန်တီ၏လက်ထက်၌ ဦးစားပေးကစားသမားအဖြစ် ပွဲထွက်ခွင့်ရခဲ့သူလည်း ဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် ယခုနှစ်အပြောင်းအရွှေ့တွင် ဘိုင်ယန်တောင်ပံကစားသမားဒေါက်ဂလက်စ်ကော်စတာ၊ အာဆင်နယ်ဂိုးသမား ဆက်ဇီနီနှင့် ဘိုကာဂျူနီယာကွင်းလယ်လူ ရိုဒရီဂိုဘန်တန်ကာတို့ကိုလည်း ခေါ်ယူထားပြီးဖြစ်သည်။

ရည်ညွှန်း အီးအက်စ်ပီအန်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly