လက်နက်များတွေ့ရှိမှု ကွင်းဆက်တရားခံများ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေဟု မန်းနယ်လုံဝန်ကြီးပြော

လက်နက်များတွေ့ရှိမှု ကွင်းဆက်တရားခံများ အမြန်ဆုံးဖမ်းမိရေး ဆောင်ရွက်နေဟု မန်းနယ်လုံဝန်ကြီးပြော

ဇူလိုင် ၂၀ ။        ။ ဇူလိုင်လ ၁၉ ရက်၊ ည ၁၀နာရီခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံတိုးဂိတ်အနီး၊ တောင်ကြီး၊ မိတ္ထီလာသွား ကားလမ်းပေါ်တွင် လက်နက်များ ဖမ်းဆီးရရှိခဲ့မှုနှင့် ပတ်သက်၍ မန္တလေးမြို့ဝင် ဂိတ် ၅ ဂိတ်ကို လုံခြံုရေးတိုးမြှင့်ထားပြီး ကွင်းဆက်တရားခံများ အမြန်ဆုံး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေသည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ဗိုလ်မှူးကြီး ကျော်ကျော်မင်းက မဇ္ဈိမကိုပြောသည်။

"မြို့ဝင်ဂိတ် ၅ ဂိတ်လုံးကို အရင်ကထက်ပိုပြီး လုံခြံုရေးတိုးမြှင့်ထားတယ်။ မြို့တွင်းလည်း လုံခြံုရေးတိုးမြင့်ထားတယ်။"ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ပြောသည်။

စစ်ဆေးတွေ့ရှိချက်အရ အဆိုပါ လက်နက်များမှာ ကယားပြည်နယ်ဘက်မှ လာသည်ဟု လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက ဆိုသည်။

ဆက်လက်၍ လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ ဗိုလ်မှူးကြီး ကျော်ကျော်မင်းက" ဒီလက်နက်မှုနဲ့ ပတ်သက်ပြီးတော့ စစ်ဆေးချက်အရ သေနတ်တွေက ကယားပြည်နယ်  လွိုင်ကော်ကနေ လာတယ်ဆိုတာသိရတယ်။ ဘယ်ကို ပို့မယ်ဆိုတာတော့အတိအကျ မသိသေးဘူး။ သေနတ်က ၂၂ လက် ဆိုတော့ သေချာစစ်ဆေးနေပါတယ်။ ကွင်းဆက်တရားခံတွေ ဖမ်းဆီးနိုင်ဖို့လည်း လုပ်နေပါတယ်။"ဟုပြောသည်။

ဖြစ်စဉ်မှာ သတင်းအရ မူးယစ်တပ်တပ်ဖွဲ့စု ၁၈ မန္တလေးတောင်ပိုင်းအဖွဲ့နှင့် သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တပ်ဖွဲ့ဝင်များမှ သတင်းအရသက်သေများနှင့် အတူတောင်ကြီး-မီထ္ထီလာကားလမ်း၊ ကျွဲတပ်ဆုံ တိုးဂိတ်အနီးတွင် ဇူလိုင်လ ၁၉ ရက် ည ၁၀ခန့်က သတင်းအရစောင့်ဆိုင်းနေစဉ်လွိုင်ကော်မှ မန္တလေးဘက်သို့မောင်းနှင်လာသော ယာဉ်အမှတ် 2D/5608 မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရာ၌ ၎င်းကားအတွင်းမှ အဖြူရောင်ဆာလာအိပ်အတွင်း မွေ့ယာဖြင့် ပတ်ထားလျှက်သိုဝှက်သယ်ဆောင်လာသော ထိုင်းနိုင်ငံလုပ် ကိုယ်ထည်တွင် HK-3 5.56×45 ထိုင်းစာတန်းပါ စာသားများပါ မောင်းပြန်သေနတ် ၂၀ လက်နှင့် ဂျာမနီနိုင်ငံလုပ်AK-47(၂)လက် ကျည်အိမ်မပါ ထိုင်းနိုင်ငံလုပ်ကျည်အိမ် ၂၀ ခုနှင့်ငွေစက္ကူများ ၈ သိန်းခန့် လက်ကိုင်ဖုန်း ၃ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

ယာဉ်မောင်း နေစိုးထွေးမင်း(ခ)ကိုစိုင်းနှင့် ယာဉ်ပေါ်ပါသူ ၎င်း ဇနီး မမြတ်ဆုနှင်း လွွိုင်ကော်၊ မင်္ဂလာရပ်ကွက်နေထိုင်သူတို့ကို ဖမ်းဆီးရရှိခဲ့ပြီး ကွင်းဆက်တရားခံတစ်ဦးဖြစ်သည့် မောရာ(ခ)ကျုံးရန်ဆန်ကို မန္တလေးမြို့တွင် ဖမ်းဆီးရမိခဲ့ပြီး သာစည်မြို့နယ်ရဲတပ်ဖွဲ့မှ ပ/ ၁၆၇  / ၂၀၁၇ ၁၉၅၁  လက်နက်ယာယီ ပြင်ဆင်ချက် ဥပဒေ အရ အမှုဖွင့်အရေးယူထားကာ ဆက်စပ်တရားခံများဖမ်းဆီးရမိရေးအတွက် အမြန်ဆုံး ဆောင်ရွက်နေကြောင်းသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly