မန်​ယူတိုက်​စစ်​မှူးသစ်​ လူကာကူရဲ့ လူသိနည်​းတဲ့အ​ကြောင်​းအရာများ

မန်​ယူတိုက်​စစ်​မှူးသစ်​ လူကာကူရဲ့ လူသိနည်​းတဲ့အ​ကြောင်​းအရာများ

လက်ရှိအချိန်မှာ မန်ယူတိုက်စစ်မှူးသစ် လူကာကူရဲ့အကြောင်းတွေကို အားလုံးက စိတ်ဝင်စားနေကြပါတယ်။ လူတွေအသိနည်းတဲ့ ဘယ်လ်ဂျီယံတိုက်စစ်မှူးရဲ့အကြောင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

လူငယ်ဘဝကတည်းက ဂိုး ၂၀၀ ကျော်သွင်းခဲ့သူ

လူကာကူဟာ လူငယ်ဘဝက Rupel Boom၊ KFC Wintam၊ Lierse နဲ့ အန်ဒါလက်ချ် စတဲ့အသင်းတွေမှာ ကစားခဲ့သူဖြစ်ပါတယ်။ Lierse အသင်းမှာ ၂၀၀၄ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိကစားခဲ့ပြီး ပွဲပေါင်း ၆၈ ပွဲမှာ ၁၂၁ ဂိုးသွင်းခဲ့ပါတယ်။ အဲ့ဒီနောက် အသက် ၁၃ နှစ်မှာ ဘယ်လ်ဂျီယံထိပ်သီးကလပ် အန်ဒါလက်ချ်က လူကာကူကို သူတို့ လူငယ်အသင်းဆီ ခေါ်ခဲ့ပါတယ်။ အန်ဒါလက်ချ်လူငယ်အသင်းမှာ သုံးနှစ်ကစားခဲ့ရပြီး ပွဲပေါင်း ၉၃ ပွဲမှာ ၁၃၁ ဂိုးသွင်းခဲ့ပါတယ်။ ဒါတောင် ပထမဆုံးကစားခဲ့တဲ့ အသင်း၂ သင်းမှာ လူကာကူဘယ်နှစ်ဂိုးသွင်းခဲ့တယ်ဆိုတဲ့ မှတ်တမ်းတွေမရှိလို့  လူငယ်ဘဝသွင်းဂိုးက ၂၅၂ ဂိုးလို့ပဲ မှတ်သိရတာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ် ဂိုးသွင်းဘုရင်

လူကာကူဟာ အသက် ၁၆ နှစ်မှာ အန်ဒါလက်ချ်အသင်းနဲ့ ပရော်ဖက်ရှင်နယ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် မေလ ၁၃ ရက်နေ့မှာပါ။ ၂၀၀၉-၁၀ ရာသီမှာတော့ လူကာကူဟာ အန်ဒါလက်ချ်အသင်းကြီးရဲ့ အဓိက ပွဲထွက်ကစားသမား ဖြစ်နေပါပြီ။ အဲ့ဒီရာသီမှာ လူကာကူ ခြေစွမ်းပြကစားနိုင်ခဲ့ပြီး လိဂ်သွင်းဂိုး ၁၅ ဂိုးသွင်းပေးနိုင်ခဲ့ပါတယ်။ အန်ဒါလက်ချ်အသင်း ဘယ်လ်ဂျီယံလိဂ်မှာ အကြိမ် ၃၀ မြောက် ချန်ပီယံဖြစ်ခဲ့သလို လူကာကူကလည်း ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။

ဘာသာစကားခြောက်မျိုးပြောနိုင်သူ

လူကာကူအတွက်တော့ ဘာသာပြန်ပေးသူ မလိုအပ်သလောက်ပါပဲ။ ဘာကြောင့်လဲဆိုတော့ သူက မိခင်ဘာသာစကားအပါအဝင်း ဘာသာစကားခြောက်မျိုးအထိ ပြောဆိုနိုင်သူ ဖြစ်ပါတယ်။ စပိန်၊ ဒတ်ချ်၊ ပေါ်တူဂီ၊ ပြင်သစ်၊ အင်္ဂလိပ် စတဲ့ ဘာသာစကားအားလုံးကို လူကာကူ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ပါတယ်။

ပညာရေးအလေးထားသူ

‘ပညာရေးက အလွန်အရေးကြီးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျောင်းကနေ ဘွဲ့ရဖို့က ကျွန်တော့်အတွက်တော့ အလွန်အရေးကြီးပါတယ်။ ဒါကြောင့်ပဲ ကျွန်တော် အင်္ဂလန်ကို လာနိုင်တာပေါ့’ လို့ လူကာကူက ၂၀၁၂ ခုနှစ်တုန်းက ပြောခဲ့ပါတယ်။ ဒါ့အပြင် လူကာကူက အခုဆို ဆိုခဲ့ပါသေးတယ်။ ‘ဘယ်လ်ဂျီယံမှာတော့ ပညာရေးက အရမ်းအရေးကြီးပါတယ်။ မင်းအနေနဲ့ဒီတစ်ပတ်ကျောင်းမှာ စာကောင်းကောင်းမလုပ်ဖူးဆိုရင် ပိတ်ရက်မှာ ဘောလုံးကစားနိုင်မှာ မဟုတ်ပါဘူး။ တကယ်လို့ ကစားသမားတစ်ယောက်ဟာ ဒဏ်ရာရရှိသွားပြီး အမြင့်ဆုံးအဆင့်မှာ မကစားနိုင်တော့ဘူးဆိုရင် သူ့အနေနဲ့ဘွဲ့လည်းမရထားဘူးဆိုရင် ဘယ်လိုလုပ်ကြမလဲ’

စံပြကစားသမား

လူကာကူရဲ့ စံပြကစားသမားကတော့ အိုင်ဗရီကို့စ်တိုက်စစ်မှူး ဒီဒီယာဒရော့ဂ်ဘာပါပဲ။ ဒါပေမဲ့ လူကာကူက ဘောလုံးသမိုင်းမှာ သူ့ရဲ့ နာမည်ကိုပဲ ရေးထိုးလိုသူဖြစ်ပါတယ်။ သူ့ကို ဒရော့ဂ်ဘာနဲ့ ခိုင်းနှိုင်းတာ ကြိုက်နှစ်သက်ခြင်း မရှိပါဘူး။ ‘ဒရော့ဂ်ဘာနဲ့ နှိုင်းယှဉ်ပြောတာတွေကို ကြားရကာစအချိန်တုန်းကတော့ သဘောကျမိပါတယ်။ ဒါပေမဲ့ ကစားသမားတိုင်းက သူတို့ရဲ့ ကိုယ်ပိုင်နာမည်ကိုပဲ သမိုင်းမှာ ကျန်ရစ်စေချင်ကြတာပါ။ ကျွန်တော်လည်း ဒီလိုပါပဲ။ ဒရော့ဂ်ဘာက ကျွန်တော်အများကြီး လေးစားရတဲ့ ကစားသမားပါ။ ဒါပေမယ့် ကျွန်တော်လူကာကူပဲ ဖြစ်ချင်ပါတယ်။ ဒုတိယဒရော့ဂ်ဘာ မဖြစ်ချင်ပါဘူး။

အိပ်မက်တွေကို အသက်သွင်းနိုင်သူ

လူကာကူဟာ ဘရပ်ဆဲလ်မှာ ကျောင်းတက်နေစဉ်တုန်းက လန်ဒန်ကို လေ့လာရေးခရီးသွားခဲ့ရပါတယ်။ အဲ့ဒီခရီးမှာ ချယ်လ်ဆီးရဲ့ စတမ်းဖို့ဒ်ဘရစ်ချ်ကွင်းလေ့လာရေးအစီအစဉ်လည်းပါခဲ့ပါတယ်။ ချယ်လ်ဆီးကွင်းကို ရောက်တဲ့အချိန်မှာ လူကာကူက ‘ကျွန်တော့်ကိုဘောလုံးပေးပါ။ ဒီမှာ နေရမဲ့ငါးနာရီအတွက် ကျွန်တော်ဘောလုံးကစားမယ်။ ချယ်လ်ဆီးအသင်းကို ကျွန်တော်ချစ်တယ်။ ကျွန်တော့်ဘဝရဲ့ တစ်နေ့နေ့မှာ ငိုကြွေးရလိမ့်မယ်။ အဲ့ဒီနေ့က ချယ်လ်ဆီးအသင်းမှာ ကစားရမယ့်နေ့ပဲ’ လို့ ဆိုပါတယ်။ ဆရာကတော့ သူ့ကို စိတ်ထိန်းဖို့ တိုက်တွန်းခဲ့ပြီး မင်းမကြာခင်အိပ်မက် မက်နိုင်တယ််လို့ ပြောခဲ့ပါတယ်။ ဒါကို လူကာကူက ‘ဒါက အိပ်မက်မဟုတ်ပါဘူး။ ဒီနေရာမှာ တစ်နေ့ ကျွန်တော်ကစားရလိမ့်မယ်။ ဒါကို ဖြစ်အောင်လုပ်မှာ’ လို့ တုန့်ပြန်ခဲ့ပါတယ်။

ဖခင်ရဲ့လွှမ်းမိုးခြင်းခံရသူ

လူကာကူရဲ့ဘဝမှာ သူ့ရဲ့ဖခင်က အများကြီး လွှမ်းမိုးမှုရှိခဲ့ပါတယ်။ ကွန်ဂိုနိုင်ငံသားကြီး ရော်ဂျာလူကာကူဟာ ဘယ်လ်ဂျီယံကလပ်တွေဖြစ်တဲ့ KV Oostende, KV Mechelen နဲ့ Germinal Ekeren အသင်ေးတွမှာ ကစားခဲ့တဲ့ ဘောလုံးသမားဟောင်းတစ်ဦးဖြစ်ပါတယ်။ ငယ်စဉ်က ကြမ်းတမ်းခဲ့တဲ့ သူ့ဘဝကြောင့် သားဖြစ်သူတွေကို ပညာတတ်၊ ဘောလုံးသမားကောင်းတွေဖြစ်စေချင်ခဲ့ပါတယ်။ သူ့ရဲ့တင်းကြပ်တဲ့ စည်းကမ်းတွေက တစ်ခါတစ်လေမှာ လူကာကူတို့ ညီအစ်ကိုတွေကို စိတ်ပျက်စေခဲ့ပါတယ်။

‘တစ်ခါတစ်လေမှာ အဖေ့ရဲ့စည်းကမ်းတွေက အရမ်းတင်းကျပ်တယ်။ ကျွန်တော်က အသက် ၆ နှစ်၊ ရ နှစ်လောက်ကတည်းက ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ဦးဖြစ်ချင်ခဲ့တာ။ အဖေကပြောတယ်။ မင်းဘာပဲလုပ်လုပ် ရည်မှန်းချက်ပန်းတိုင်ရှိရမယ်တဲ့ ပြီးတော့ အဲ့ဒီရည်မှန်းချက်ဖြစ်လာဖို့ ဘာမဆိုလုပ်ရမယ်တဲ့’

ဘုရားပေးတဲ့ လက်ဆောင်

လူကာကူရဲ့ အရပ်အမြင့်က ၆ ပေ၊ ၃ လက်မရှိပြီး ကြံ့ခိုင်သန်စွမ်းတဲ့ ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားပါတယ်။ ဒါက သူလုပ်ယူထားတာ မဟုတ်ပဲ ဘုရားကပေးတဲ့ လက်ဆောင်လို့ လူကာကူက ပြောပါတယ်။ ‘ကျွန်တော်ဘယ်တုန်းကမှ ၀ိတ်မ,မ ခဲ့ဘူး။ ကျွန်တော့်ရဲ့ခန္ဓာကိုယ်လား၊ ဒါက ဘုရားပေးတဲ့လက်ဆောင်လေ’ လို့ ၂၀၁၁ ခုနှစ်တုန်းက ပြောခဲ့ဖူးပါတယ်။

ပရီးမီးယားလိဂ်စံချိန်

လူကာကူဟာ သူ့အသက် ၂၃ နှစ်မပြည့်ခင်မှာပဲ ပရီးမီးယားလိဂ်သွင်းဂိုး ၅၀ ပြည့်မြောက်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်သမိုင်းမှာ ဒီလိုစွမ်းဆောင်နိုင်ခဲ့တဲ့ကစားသမားက များများစားစားမရှိပါဘူး။ လီဗာပူးလ်တိုက်စစ်မှူးတွေဖြစ်တဲ့ ရော်ဘီဖောင်လာနဲ့မိုက်ကယ်အိုဝင်၊ မန်ယူတိုက်စစ်မှူးတွေဖြစ်တဲ့ ၀ိန်းရွန်နီနဲ့စီရော်နယ်ဒိုတို့ပြီးရင် လူကာကူက ငါးယောက်မြောက် ကစားသမားဖြစ်ပါတယ်။ ဒါ့အပြင် လူကာကူဟာ အသက် ၂၄ နှစ်မပြည့်ခင် ပရီးမီးယားလိဂ်သွင်းဂိုး ၈၀ ပြည့်အောင်သွင်းယူနိုင်ခဲ့တဲ့ ခြောက်ယောက်မြောက်နိုင်ငံခြားသားကစားသမားလည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly