အိန္ဒိယတွင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါသော ဘတ်စ်ကား လျှိုထဲကျရာမှ လူသုံးဆယ်နီးပါး သေဆုံး

အိန္ဒိယတွင် ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါသော ဘတ်စ်ကား လျှိုထဲကျရာမှ လူသုံးဆယ်နီးပါး သေဆုံး

နယူးဒေလီ၊ ဇူလိင် ၂၀ ။                 ။ အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဟိမဝန္တာဒေသတွင် ဇူလိုင် ၂၀ ရက်က ကမ္ဘာလှည့်ခရီးသည်များ လိုက်ပါသော ဘတ်စ်ကား လျှိုထဲကျရာမှ လူ ၂၈ ဦး သေဆုံးကြောင်း ရဲက ပြောသည်။

ယာဉ်မတော်တဆမှုသည် ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ် တောင်ပေါ်အပန်းဖြေစခန်းမှ ကီလိုမီတာ ၁၀၀ ခန့်တွင် ဖြစ်ပွားကြောင်း အမျိုးသမီးရဲမှူး ဆော်မီယာက ဆိုသည်။

“သေဆုံးသူက ၂၈ ဦးရှိတယ်။ ခုနစ်ဦး ဒဏ်ရာရပါတယ်။ သေဆုံးသူတွေ အားလုံး မည်သူမည်ဝါဖြစ်တယ်ဆိုတာ သိရှိပြီးလည်းဖြစ်ပါတယ်။”ဟု ၄င်းက ပြောသည်။

ဘတ်စ်ကားသည် ခန်နောခရိုင်မှ ဆိုလန်အရပ်သို့ ခရီးသည် ၄၀ နီးပါး တင်ဆောင်မောင်းနှင်လာစဉ် အောက်တွင် မြစ်တစ်ခု စီးဆင်းနေသည့် မီတာ ၂၀၀ ခန့် အနက်ရှိ လျှိုအတွင်း ထိုးကျခဲ့ခြင်းဖြစ်သည်။

အနီးနားက စေတနာဖြင့် ကူညီသူများနှင့်အတူ အရေးပေါ်လုပ်သားများ ကယ်ဆယ်ရေးဆောင်ရွက်နေကြသည့်  ဓာတ်ပုံများကိုလည်း မြင်တွေ့ရသည်။

ပြီးခဲ့သည့်သီတင်းပတ်အတွင်းကလည်း အနီးရှိ ဂျမ်မူးနှင့် ကက်ရှ်မီးယားပြည်နယ်အတွင်း ဘတ်စ်ကားတစ်စီး တိမ်းမှောက်မှုဖြစ်ခဲ့ရာ လူ ၁၆ ဦး သေဆုံးခဲ့သည်။ ဧပြီလအတွင်းကလည်း ဟိမာချယ်ပရာဒေ့ရှ်ပြည်နယ် တွင်းမှာပင် အလားတူ ယာဉ်မတော်တဆမှုမျိုး ဖြစ်ပွားပြီး လူပေါင်း ၄၄ ဦး သေဆုံးခဲ့သည်။

အိန္ဒိယနိုင်ငံသည် ဆိုးဝါးသည့် လမ်းများ၊ ယာဉ်ထိန်းသိမ်းပြုပြင်မှု အားနည်းခြင်းနှင့် မဆင်မခြင် မောင်းနှင်ခြင်းများကြောင့် ကမ္ဘာပေါ်တွင် ယာဉ်မတော်တဆမှု အဖြစ်များဆုံး တစ်နိုင်ငံဖြစ်ပြီး နှစ်စဉ် ယာဉ်မတော်တဆမှုကြောင့် လူပေါင်း တစ်သိန်းကျော်ထက်မနည်း သေဆုံးလျက်ရှိသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags