အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ နှစ်ဘက် ကတိကဝတ် လက်မှတ်ထိုးရေး သဘောထား ကွဲပြားမှု ရှိနေဟုဆို

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN တို့ နှစ်ဘက် ကတိကဝတ် လက်မှတ်ထိုးရေး သဘောထား ကွဲပြားမှု ရှိနေဟုဆို

ချင်းမိုင်၊ဇူလိုင်လ ၂၀ ။         ။ ပြည်ထောင်စု ငြိမ်းချမ်းရေးကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)မှ ဖွဲ့စည်းထားသော နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ဇူလိုင်လ ၂၀ ရက်နေ့ ထိုင်းနိုင်ငံ ချင်းမိုင်တွင် အလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့သည်။

“ကျွန်တော်တို့ ဒီပီအန်ဘက်က အဆိုပြုထားတဲ့ အဆိုပြုချက် ၉ ချက်အပေါ်မှာ အခြေခံပြီးမှ နည်းလမ်းရှာကြတာ ဖြစ်ပါတယ်။ အဲဒီရဲ့ နည်းလမ်းရှာတဲ့ အခြေခံကတော့ အန်စီအေ အပေါ်မှာ ကျွန်တော်တို့ ဆက်သွားဖို့ အန်စီအန် လမ်းကြောင်းအတိုင်း သွားတဲ့အခါမှာ အန်စီအေမှာ ကျွန်တော်တို့က အားနည်းချက်တွေ ရှိတာကို ကျွန်တော်တို့ ပိုပြီး အားကောင်းလာအောင် လုပ်ဖို့ အတွက် အခြေခံပြီးတော့ လုပ်တာ ဖြစ်ပါတယ်။ ဆိုတော့ ဆဋ္ဌမအကြိမ်တွေ့ဆုံနိုင်ဖို့ အချိန်တွေ၊ နေရာတွေ ညှိကြတယ်”ဟု DPN မှ ဦးထွန်းဇော်က သတင်းထောက်များကို ပြောခဲ့သည်။

ထိုတွေ့ဆုံမှုတွင် DPN ဘက်မှ တင်ပြထားသော အချက် ၉ ချက်အပေါ် ညှှိနှိုင်းဆွးနွေးခဲ့ကြပြီး နှစ်ဖက် အပြန်အလှန် ကတိကဝတ်ပြုသည့် (Deep Of commitment-DOC) လက်မှတ် ရေးထိုးနိုင်ရန်အတွက် နှစ်ဘက်နားလည်မှု ကွဲလွဲနေသည်ဟု သူက ပြောသည်။

“DOC ကလည်း နားလည်မှု အစိုးရ တပ်မတော်ဘက်မှာ ရပ်တည်ချက်မတူဘူးဖြစ်နေတယ်။ ကျွန်တော်တို့ အဆိုပြုခဲ့တဲ့ ဒီအိုစီ ဆိုတာက ကျွန်တော်တို့ အဆိုပြုထားတဲ့ အချက် ၉ ချက် ပြေလည်ရင် ဒီအိုစီ တဆင့်ခံပြီးတော့ သွားလိုက်မယ်။ ခိုင်မာမှုရှိအောင် လုပ်လိုက်မယ်။ မတ်လ ၁ ရက်နေ့ နိုင်ငံတော် အတိုင်ပင်ခံနဲ့ ကျွန်တော်တို့ ဒီပီအန် တွေ့တော့ အဆိုပြုတင်ပြခဲ့တယ်။ အဲဒီပေါ်မှာ ကျွန်တော်တို့ဆက်ပြီးတော့ ဧပြီမှာ ချင်းမိုင်မှာ လာညှိတယ် ငြိမ်းချမ်းရေးကော်မရှင်က။ အဲဒီအချိန်မှာ ဒီအိုစီဟာ ၂၁ ရာစုပင်လုံ ညီလာခံ တက်ရောက်နိုင်ရေးအတွက် ဒီအိုစီ လက်မှတ်ထိုးပြီးတော့မှ ဝင်လာခဲ့ဆိုတဲ့သဘောမျိုးနဲ့ ကျွန်တော်တို့ကို ပြောတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့က ၈ ချက် ပြေလည်တာ မပြေလည်တာ အရေးမကြီးတော့ဘူး။ ၈ ချက်ကို မပြေလည် ရင်လည်း ဆက်ညှိမယ်။ ဒီအိုစီထိုးလိုက် ၂၁ ညီလာခံ တက်လိုက် အဲဒီလိုမျိုးနဲ့ ရပ်တည်ခဲ့တယ်။ ၂၁ ရာစုပင်လုံ ညီလာခံ အလွန်ကာလ ရောက်တဲ့အခါကြတော့ ဒီအိုစီဆိုတာ အစိုးရ၊ တပ်မတော်ဘက်မှာ မလိုတော့ဘူးဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်”ဟု သူက ပြောသည်။

DPN ဘက်ကမူ ဒီအိုစီကို ယုံကြည်မှု တည်ဆောက်ခြင်းနှင့် ဥပဒေအကြောင်းအရ အကျိုးသက်ရောက်မှုအတွက် အဖြေရှာသည့်အချိန်တွင် အထောက်အကူပြုမှုသည့် အခင်းအကျဉ်း တစ်ရပ်အနေဖြင့် အသုံးပြုရနိုင်ရန် နည်းနာရှာခြင်း ဖြစ်ကြောင်း အစိုးရ ကိုယ်စားလှယ်များကို တင်ပြခဲ့သည်ဟု သူက ပြောသည်။

“ဒီနေ့ လာတဲ့ ကိုယ်စားလှယ်တွေကြတော့ အစိုးရဘက်က နားလည်နေတဲ့ ပုံစံက ဒီအချက်ဟာ သီးခြားအဆင့် ဖြစ်နေတယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ဖြစ်နေတယ်။ ကျွန်တော်တို့ နားလည်တာက မဟုတ်ဘူး ကျွန်တော်တို့ အဆိုပြုထားတဲ့အချက်ထဲက အစိတ်အပိုင်း တခုဖြစ်တယ်ဆိုတဲ့ပုံစံမျုုိးပေါ့နော်။ ဒါ နားလည်မှု နည်းနည်းလွဲနေတဲ့ ပုံစံမျိုး အဲဒါကို ထပ်ညှိရအုန်းမယ်”ဟု သူက ပြောသည်။

အစိုးရဘက်မှ စောင့်ကြည့်လေ့လာရေးကော်မတီ (JMC) ဆိုင်ရာကိစ္စတွင် နိုင်ငံတကာ ပါဝင်မှုအခန်းကဏ္ဍတွင် အကြံပေး၊ နည်းပညာအထောက်အကူပြု၊ လေ့လာသူ စသည့် အခန်းကဏ္ဍ ၃ ခု ထည့်သွင်းထားသော်လည်း DPN ဘက်ကမူ ၄င်းအပေါ် မရှင်းလင်းသဖြင့် ပြန်လည် ညှိနှိုင်းရန် လိုအပ်နေသေးကြောင်း ဦးထွန်းဇော်က ဆက်ပြောသည်။

လက်ရှိ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၈ဖွဲ့ဖြင့် ဖွဲ့စည်းထားသော JMC တွင် ငြိမ်းချမ်းရေးဖြစ်စဉ်ကို အကူအညီပေးနေသည် နိုင်ငံတကာ အလှူရှင်များအဖွဲ့့ ရှိပြီး ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်စားလှယ်များ ပါဝင်သည်။

“အဲဒီမှာ နို်င်ငံတကာ ပါဝင်ပတ်သက်မှု ရှိနေတယ်။  JMC Suport platform ဆိုတဲ့အနေအထားမှာ နိုင်ငံတကာ ပါဝင်ပတ်သက်မှု ရှိနေတယ်။ ကျနော်တို့မြင်တာကတော့ အဲဒီ  JMC Suport platform ဆိုတာက ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ရံပုံငွေအားဖြင့် အထောက်အကူပြုတဲ့ အလှူရှင်နိုင်ငံများ အစုအဖွဲ့ ရဲ ပါဝင်ပတ်သက်မှုဘဲဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့က လက်တွေ့ မြေပြင်ထိ သွားပြီးတော့ လေ့လာစောင့်ကြည့်နိုင်တဲ့ အခွင့်အာဏာမရှိဘူး။ ခွင့်ပြုထားချက်မရှိဘူး။ အဲဒီမှာ တွေ့ရှိ ချက်တွေကို JMCကို တရားဝင် အစီရင်ခံလို့ မရဘူး။ အဖြေရှာတဲ့အခါမှာ အကြံပြုချက်တွေ တရားဝင်ယူလို့ မရဘူး။ ဒါကို ဆက်ပြီး ညှိနှိုင်းဖို့ ရှိတယ်”ဟု ဦးထွန်းဇော်က ပြောသည်။

ယနေ့ တွေ့ဆုံမှုတွင် အစိုးရဘက်မှ ဆဋ္ဌမအကြိမ်မြောက် တရားဝင် တွေ့ဆုံမှုကို ရန်ကုန်မြို့တွင် ဇူလိုင်လ နောက်ဆုံးပတ်တွင် တွေ့ဆုံရန် အဆိုပြုခဲ့သော်လည်း DNP ဘက်ကမူ လာမည့် သြဂုတ်လ ၅ ရက်မှ ၁၀ ရက်အတွင်း တွေ့ဆုံရန် အဆိုပြုသဖြင့် နှစ်ဖက် တရားဝင် တွေ့ဆုံနိုင်ရေးအတွက် အချိန် ညှိနှိုင်းနေဆဲ ဖြစ်သည်ဟု သူက ပြောသည်။

ငြိမ်းချမ်းရေး ကော်မရှင်ဘက်မှ ဦးလှမောင်ရွှေ၊ ဒေါက်တာ မင်းဇော်ဦးနှင့် ဦးကျော်လင်းဦးတို့ ၃ ဦးနှင့် DPN ဘက်မှ နိုင်အောင်မငေး၊ ဦးထွန်းဇော်၊ နာဗစ်ဘွန်၊ ဦးဆန်အောင်၊ ဗိုလ်မှူးကြီး ဟတ်ထန်၊ ဗိုလ်မှူး ဘုန်းနိုင်တို့ ၆ ဦး တို့ တွေ့ဆုံဆွေးနွေးနေခြင်း ဖြစ်သည်။

UNFC ၏ ဒုတိယအကြိမ် ညီလာခံ ကျင်းပခဲ့ပြီးနောက် အသစ်ဖွဲ့စည်းလိုက်သော DPN နှင့် ပထမဆုံးအကြိမ် ပြန်လည် တွေ့ဆုံခြင်းလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags