ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေးရန် လူအင်အား ၄၀၀ ခန့်က တောင်းဆို

ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေးရန် လူအင်အား ၄၀၀ ခန့်က တောင်းဆို
ဓာတ်ပုံ-ကိုတရုတ်လေး ဖေ့ဘုတ်
 

ရန်ကုန်၊ ဇူလိုင် ၂၀ ။           ။ ရန်ကုန်မြို့အတွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများတွင် Cash Box (ပိုက်ဆံထည့်ပုံး)များကိုထားရှိကာ ယာဉ်နောက်လိုက်များကိုဖြုတ်ပစ်မည့် အစီအစဉ်အကြောင့် ယာဉ်နောက်လိုက် ၄၀၀ ခန့်က အလုပ်ပြန်ခန့်ထားပေးရန် ဆန္ဒပြတောင်းဆိုခဲ့ကြသည်။

Cash Box (ပိုက်ဆံထည့်ပုံး)များကိုထားရှိကာ ယာဉ်နောက်လိုက်များကို ဇူလိုင် ၂၀ ရက်တွင်အနားပေးရန် ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင် ရေးကြီးကြပ်မှုအာဏာပိုင်အဖွဲ့ (YRTA) က ကြေညာချက် ထုတ်ပြန်ထားသည်။

ယနေ့ ဇူလိုင်လ ၂၀ ရက်၊ မနက် ၈နာရီခန့်မှစတင်ကာ YBS ၂၃၊ YBS  ၆၊ YBS  ၄၀၊ YBS  ၃၉၊ YBS  ရ၉၊ YBS  ၄၂ စုစုပေါင်း ယာဉ်လိုင်း ၆ ခုခန့်မှ ယာဉ်နောက်လိုက်များကို အလုပ်ပြန်ခန့်ထားပေးရန် ရွှေပြည်သာမြို့နယ်တွင် ဆန္ဒပြတောင်းဆို နေခြင်းဖြစ်သည်။

“ နှစ်ဦးနှစ်ဖက်အဆင်ပြေအောင်တော့ ကျွန်တော်တို့ကိုလုပ်ပေးစေချင်တယ်။ လုပ်ပေးစေချင်တဲ့ ဆန္ဒပဲတောင်းခံခွင့်ရှိမှာပါ။ သူတို့ ပိုက်ဆံပုံးတင်မလား ၊ တင်၊ လက်ခံပေးတယ်။ အများပြည်သူအတွက် တခြားနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင်လို့လုပ်တဲ့ဟာ ကျွန်တော်တို့ကလည်း အားပေးအားမြောက် ဖြစ်တယ်။ ၀မ်းလည်းသာတယ်။ အဲ့အတွက်ကို ယာဉ်အကူပေါ့ဗျာ ကူပေးတဲ့ စပယ်ယာတစ်ယောက်တော ့ထားစေချင်တယ်ခင်ဗျ။ အဲ့ဒါဆိုလို့ရှိရင် နှစ်ဦးနှစ်ဖက်အဆင်ပြေတာပေါ့ဗျာ “ ဟု ယာဉ်နောက်လိုက် သက်တမ်း ၁၀ နှစ်ကျော်ရှိသည့် ၄၀ ယာဉ်လိုင်းမှ ဦးကျော်ဇင်ထွဋ်က ပြောဆိုသည်။

ဇူလိုင် ၂၀ ရက်တွင် Cash Box (ပိုက်ဆံထည့်ပုံး) တပ်ဆင်ကာ စပယ်ယာများအား ကားပေါ်တွင်မတင်တော့ကြောင်းကို ဇူလိုင် ၁၈ ရက်နေ့တွင် အသိပေးခဲ့ပြီး ယာဉ် မောင်း/ရောင်း များနှင့် တိုင်ပင်ဆွေးနွေးခြင်းလုံးဝမရှိခဲ့ဟု ၄င်းကဆိုသည်။

ထို့ကြောင့် YBS ယာဉ်နောက်လိုက် ၄၀၀ ခန့်သည် “ ယာဉ်လုပ်သားများအလုပ်အကိုင် ပြန်လည်ရရှိရေး “  ဆင်းရဲမွဲတေမှုပပျောက် အောင်လုပ် ဆောင်ပေးရေး “ “ အာဏာရှင်ဆန်သောလုပ်ဆောင်မှုပပျောက်ရေး “  အများပိုင်လုပ်ငန်း စစ်စစ်ပီပြင်စွာဖြစ်ပေါ်လာရေး “ YBS ယာဉ်နောက် လိုက်များ၏ အလုပ်အကိုင်ဆက်လက်တည်မြဲရေး “ အစရှိသည့် ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်ခဲ့ကြသည်။

ရွှေပြည်သာမြို့နယ် ရွှေအင်းဝ ဂိတ်ဟောင်းမှစတင်ကာ ဘုရင့်နောင်လမ်းမကြီးမှ လှော်ကားဝါးတရာလမ်းမကြီးတစ်လျှောက် ဆိုင်းဘုတ်များကိုင်ဆောင် စီတန်းလှည့်လည်ကာ YBS ၄၀ ကားဝင်းအတွင်းတွင် ဦးဆောင်သူများက စုဝေးဟောပြောခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly